


၂၀.၁၁.၂၀၂၅
Written By Thandar
ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံတို့ရဲ့ စီးပွားရေးနယ်ပယ်အသီးသီးက ထုတ်ကုန်တွေကို ခင်းကျင်းပြသမယ့် “Thai Expo Yangon 2025” ကို လာမယ့် ဒီဇင်ဘာလ ၅ ရက်ကနေ ၇ ရက်နေ့အထိ ရန်ကုန်မြို့ Inya Lake Hotel ရှိ Yangon Convention Center (YCC) မှာ နံနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ ဝင်ကြေးအခမဲ့နဲ့ ကျင်းပသွားမှာ ဖြစ်ပါတယ်။
အဆိုပါ ထုတ်ကုန်တွေကို ခင်းကျင်းပြသရောင်းချမယ့် စာနယ်ဇင်းရှင်းလင်းပွဲကို ယနေ့ နိုဝင်ဘာ ၂၀ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ Park Royal Hotel မှာကျင်းပခဲ့ရာ ပွဲဖြစ်မြောက်ရေးတာဝန်ရှိသူ ကိုစိုးလှိုင်၊ ထိုင်းဘက်က Mr Thanakorn Sungkharat ၊ သရုပ်ဆောင်တွေဖြစ်တဲ့ နေ့သစ်အေးအောင်နဲ့ ဝေဖြိုး၊ အခြား တာဝန်ရှိသူတွေ၊ ဖိတ်ကြားထားသူတွေ တက်ရောက်ခဲ့ကြပါတယ်။
“ကျွန်တော်တို့ ထိုင်းနဲ့ မြန်မာပူးပေါင်းတက်ဆက်တဲ့ Thai Expo Yangon 2025 ပွဲကတော့ သုံးကြိမ်မြောက်ရှိပါပြီ။ ဒီပွဲမှာတော့ အစားအသောက်ကုန်ပစ္စည်းတွေ အလှအပနဲ့ပတ်သက်တဲ့ Cosmetic ပစ္စည်းတွေ၊ အိမ်အသုံးအဆောင် လျှပ်စစ်ပစ္စည်းတွေ၊ ကျန်းမာရေးဝန်ဆောင်မှု၊ ပညာရေးဆိုင်ရာတွေ၊ ခရီးသွားဝန်ဆောင်မှုတွေ၊ Software ပိုင်းတွေပါ ပြသသွားမှာပါ။ UMFCCI လို စီးပွားရေးလုပ်ငန်းအသင်းတွေနဲ့ ပူးပေါင်းစီစဉ် တင်ဆက်ဖို့ စီစဉ်ထားပါတယ်။ ထူးခြားမှုတွေနဲ့ ဖျော်ဖြေရေးပိုင်းတွေလည်း ပါဝင်အောင် တင်ဆက်ထားပါတယ်” လို့ အဆိုပါပွဲမှ တာဝန်ရှိသူ Mr Thanakorn Sungkharat က ပြောပါတယ်။
Thai Expo Yangon 2025 ပြပွဲမှာတော့ စားသောက်ကုန်ပစ္စည်းတွေ၊ အလှကုန်ပစ္စည်း၊ ဆေးရုံဆေးခန်း၊ အဝတ်အထည်နဲ့ အသုံးအဆောင်ပစ္စည်း၊ အိမ်သုံး၊ လျှပ်စစ်ပစ္စည်း၊ ခရီးသွားဝန်ဆောင်မှုလုပ်ငန်း၊ ပညာရေးဆိုင်ရာအဖွဲ့အစည်း၊ အသေးစား အလတ်စားလုပ်ငန်းတွေကို တစ်နေရာတည်းမှာ ခင်းကျင်းပြသရောင်းချ ပေးသွားမယ့် ဆိုင်ခန်းပေါင်း ၁၃၅ ခန်းပါဝင်ဖြစ်သလို ထိုင်းကုမ္ပဏီပေါင်း ၃၀ ကျော်ပါဝင်တဲ့ နိုင်ငံတကာကထုတ်ကုန်တွေ၊ မြန်မာနိုင်ငံရှိထိပ်တန်းကုန်ပစ္စည်းတွေကို တစ်နေရာတည်းမှာ ဈေးနှုန်းချိုသာစွာနဲ့ ရောင်းချပေးမှာဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါပြပွဲသို လာရောက်ကြသူတွေအနေနဲ့ ဝင်ကြေးအခမဲ့နဲ့ နိုင်ငံကျော် အနုပညာရှင်တွေရဲ့ ဖျော်ဖြေ တင်ဆက်မှုတွေ၊ Cooking show၊ Makeup show၊ Fashion show၊ Seminar တွေအပြင် Lucky Draw အစီအစဉ်တွေလည်း ပါဝင်မှာဖြစ်ပါတယ်။
