◾️ မဲစာရင်းကပ်ထားကြေညာစဉ် မဲဆန္ဒရှင်ပြည်သူများ တစ်အိမ်ထောင်တစ်ဦး မပျက်မကွက် လာရောက်ကြည့်ရှုခြင်းဖြင့် ပူပေါင်းကူညီဆောင်ရွက်ပေးရန် မေတ္တာရပ်ခံထား
၂၀. ၁၁. ၂၀၂၅
Written by Nyein Kyaw
မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် နိုဝင်ဘာ ၂၁ ရက်မှစတင်၍ ၁၄ ရက်တိတိ မဲစာရင်းများကို ဒုတိယအကြိမ် ကပ်ထားကြေညာပေးမည်ဖြစ်ပြီး တတိယကြိမ်ကိုလည်း ဒီဇင်ဘာလအတွင်း ထပ်မံကပ်ထားကြေညာပေးမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ယနေ့တွင် အသိပေးကြေညာထားသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများကို (ပထမ) အကြိမ်အဖြစ် ၂၁ ရက်ကြာ ကပ်ထားကြေညာခဲ့ပြီးဖြစ်သည်။
မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် မဲစာရင်းများကို ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်မှ ဒီဇင်ဘာလ ၄ ရက်အထိ ၁၄ ရက်ကြာ သက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများနှင့် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် (ဒုတိယ) အကြိမ်အဖြစ် ထပ်မံကပ်ထားကြေညာမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။
အကြောင်းအမျိုးမျိုးကြောင့် ရပ်ကွက်နှင့်ကျေးရွာအုပ်စုများတွင် ကပ်ထားကြေညာနိုင်ခြင်း မရှိပါက သက်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးများတွင် မဲစာရင်းကြည့်ရှုနိုင်ရေး ဆောင်ရွက်ထားမည်ဖြစ်ပြီး မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာစဉ် မဲဆန္ဒရှင်များက မဲစာရင်း လာရောက်ကြည့်ရှုမှသာ ပြည့်စုံမှန်ကန်သော မဲစာရင်းရရှိနိုင်မည်ဖြစ်ကြောင်း အသိပေးထားသည်။
မဲဆန္ဒရှင်များအနေဖြင့် မဲစာရင်းကို လာရောက်ကြည့်ရှုပြီး မိမိအမည် မဲစာရင်းတွင် မပါဝင်ပါက ပုံစံ (၃) ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် တောင်းဆိုခြင်း၊ မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ (၄) ဖြင့်ကန့်ကွက်ခြင်း၊ မဲစာရင်းပါ အချက်အလက်များ မှားယွင်းနေပါက ပုံစံ (၄-ဂ) ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းတို့ကို ဆောင်ရွက်စေလိုကြောင်း ထုတ်ပြန်ထားသည်။
လိုအပ်သောပုံစံများကိုလည်း ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများတွင် အခမဲ့ (အခမဲ့) ရယူနိုင်သည်။ ထိုသို့ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းတို့ ဆောင်ရွက်ပြီးပါက အထွေထွေ ရွေးကောက်ပွဲအတွက် မဲစာရင်း (တတိယ) အကြိမ် ကပ်ထားကြေညာခြင်းကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်းတွင် နောက်ဆုံးအကြိမ်အဖြစ် ထပ်မံကပ်ထားကြေညာမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
သို့ဖြစ်ပါ၍ ပြည့်စုံမှန်ကန်သော မဲစာရင်းရရှိရန်အတွက် (ဒုတိယ) အကြိမ် မဲစာရင်းကပ်ထားကြေညာစဉ်တွင် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် အိမ်ထောင်စုတစ်စုလျှင် အနည်းဆုံး တစ်ဦး (မပျက်မကွက်) လာရောက်ကြည့်ရှုခြင်းဖြင့် ပူးပေါင်းကူညီဆောင်ရွက်ပေးကြပါရန် UEC က မေတ္တာရပ်ခံထားသည်။
