MT News
၂၃. ၁၁. ၂၀၂၅
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ် (မအူပင်) ဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်ဟု သိရပြီး ထိုတက္ကသိုလ်မှ နှစ်စဥ် ပညာရှင် ၃၀၀ မွေးထုတ်ပေးရန်နှင့် အထက်မြန်မာနိုင်ငံတွင်လည်း စိုက်ပျိုးမွေးမြူရေးတက္ကသိုလ်အသစ်တစ်ခု ဖွင့်လှစ်ရန် ကြိုးပမ်းဆောင်ရွက်နေသည်ဟု ယာယီသမ္မတက ပြောကြားသည်။

နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ် (မအူပင်) ပင်မဆောင်ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီးနောက် အမှာစကားပြောကြားရာတွင် ယခုကျင်းပသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ် (မအူပင်) ဖွင့်ပွဲအခမ်းအနားသည် နိုင်ငံတော်၏ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍတစ်ခုလုံးအတွက် ကျက်သရေမင်္ဂလာရှိသည့် နေ့ထူးနေ့မြတ်အခမ်းအနားဖြစ်သကဲ့သို့ စတင်တက်ရောက်ကြမည့် ကျောင်းသား ကျောင်းသူများနှင့် သင်ကြားရေးဆရာ၊ ဆရာမများအတွက်လည်း သမိုင်းမှတ်တိုင်တစ်ခုအဖြစ် မှတ်တမ်းတင်နိုင်မည့် နေ့တစ်နေ့ဖြစ်ကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ် (မအူပင်) ကို ၂၀၂၅-၂၀၂၆ ပညာသင်နှစ်မှစတင်ပြီး ယခုကဲ့သို့ ဖွင့်လှစ်နိုင်ခြင်းသည် နိုင်ငံတော်၏ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍအတွက် လိုအပ်လျက်ရှိသည့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူပြုစေမည်ဖြစ်သည့်အပြင် နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက်လည်း တစ်ဖက်တစ်လမ်းက အကျိုးပြုစေနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းအပြင် စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ် (မအူပင်) ဖွင့်လှစ်ရသည့် အခြေခံရည်ရွယ်ချက်များမှာ နိုင်ငံတော်၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်သည့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်၊ အရည်အချင်းပြည့်ဝသည့် စိုက်ပျိုးရေးပညာသိပ္ပံဘွဲ့နှင့် မွေးမြူရေးပညာသိပ္ပံဘွဲ့ရ ပညာရှင်များ ပိုမိုသင်ကြားမွေးထုတ်ပေးနိုင်ရန်၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအခြေခံ စီးပွားရေးလုပ်ငန်းများအတွက် လိုအပ်သည့် ခေတ်မီနည်းပညာများ၊ အတတ်ပညာများ လေ့လာသင်ယူနိုင်ကြစေရန်နှင့် လက်တွေ့အသုံးချသုတေသနလုပ်ငန်းများကို ပိုမိုအားကောင်းစွာ ဆောင်ရွက်နိုင်ကြစေရန်ပင်ဖြစ်ကြောင်း၊ ထို့အပြင် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်မည့် စိုက်ပျိုးရေးပညာရှင်များ၊ မွေးမြူရေးပညာရှင်များ မွေးထုတ်ပေးနိုင်ရေးအတွက် ဘာသာရပ်ဆိုင်ရာသင်ကြားမှု၊ သင်ယူမှုသာမက သုတေသနအခြေပြု တက္ကသိုလ်တစ်ခု (Research Oriented University) အဖြစ် တိုးမြှင့်ဖြစ်ပေါ်လာစေရန်ကိုလည်း မျှော်မှန်းဦးတည်ချက်ထားရှိကြောင်း၊ ယခုတက္ကသိုလ်မှ အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံပြီး စိုက်ပျိုးရေး၊ မွေးမြူရေးဘာသာရပ်များနှင့် စိုက်ပျိုးမွေးမြူရေးအခြေခံ ကုန်ထုတ်လုပ်ငန်းများအပါအဝင် စီးပွားရေးလုပ်ငန်းများကို ချိတ်ဆက်ပေးနိုင်မည့် ဘွဲ့ရပညာတတ်များ မွေးထုတ်ပေးနိုင်မည်ဖြစ်ကြောင်းလည်း ယာယီသမ္မတက ပြောကြားသည်။

ထို့အပြင် မိမိတို့နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကို အခြေခံထားသည့် နိုင်ငံဖြစ်သည်နှင့်အညီ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍသည် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကမောင်းနှင်အားတစ်ခုဖြစ်ကြောင်း၊ နိုင်ငံတကာကို ကြည့်ပါကလည်း ဖွံ့ဖြိုးပြီးနိုင်ငံများသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံပြီး စီးပွားရေးတိုးတက်အောင် စွမ်းဆောင်ခဲ့ရာမှ စက်မှုနိုင်ငံအထိ တည်ထောင်နိုင်ကြခြင်းဖြစ်ကြောင်း၊ အလားတူ ဖွံ့ဖြိုးဆဲနိုင်ငံများသည်လည်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အခြေခံပြီး စားရေရိက္ခာဖူလုံအောင်၊ ပိုလျှံအောင်လုပ်ဆောင်နိုင်ရန်နှင့် ကုန်ထုတ်လုပ်ငန်းများကို တိုးမြှင့်ပြီး MSME လုပ်ငန်းများမှတစ်ဆင့် နိုင်ငံတော်ကို ပြောင်းလဲတိုးတက်အောင် လုပ်ဆောင်နေကြကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း ကြွယ်ဝသည့် ရေမြေသဘာဝအရင်းအမြစ်များနှင့် ရာသီဥတုကောင်းမွန်မှုကို အရင်းပြုပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို တိုးတက်စေရန်နှင့် အနာဂတ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်နေခြင်းပင်ဖြစ်ကြောင်း၊စိုက်ပျိုးရေးကဏ္ဍသည် နိုင်ငံတော်၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (ဂျီဒီပီ) ၏၂၃ ဒသမ ၇ ရာခိုင်နှုန်းအထိ ပါဝင်နေကြောင်း၊ နိုင်ငံ့လူဦးရေ၏ ၄၆ ရာခိုင်နှုန်းခန့်သည် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် ဆက်စပ်သည့်လုပ်ငန်းများတွင် အသက်မွေးဝမ်းကျောင်းပြုနေကြသည့် ကျေးလက်နေပြည်သူများဖြစ်ကြကြောင်း၊ စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ပြီး ကျေးလက်နေပြည်သူများ၏ ဝင်ငွေတိုးတက်မှသာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးမှတစ်ဆင့် နိုင်ငံတော်၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဖြစ် ကြောင်းလည်း ယာယီသမ္မတက ပြောကြားသည်။

အလားတူ မိမိတို့နိုင်ငံသည် စိုက်ပျိုးမြေအမြောက်အများရှိပြီး သီးနှံမျိုးစုံစိုက်ပျိုးနိုင်သည့် ရာသီဥတုနှင့် ဂေဟစနစ်မျိုးစုံရှိခြင်း၊ ရေချိုအရင်းအမြစ် ကြွယ်ဝခြင်းတို့ကြောင့် ပြည်တွင်းစားရေရိက္ခာဖူလုံသည်သာမက ပိုလျှံသည့် လယ်ယာသားငါးထွက်ကုန်များကို ပြည်ပကို တင်ပို့လျက်ရှိကြောင်း၊ အထူးသဖြင့် ဧရာဝတီတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ “စပါးကျီ” အဖြစ် သမိုင်းအစဉ်အလာကြီးသည့်ဒေသဖြစ်ကြောင်း၊ ယခုလို စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ် (မအူပင်) ကို ဖွင့်လှစ်နိုင်ခြင်းသည် ဧရာဝတီတိုင်းဒေသကြီး၏ အဓိကလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည့်အပြင် တိုင်းဒေသကြီး၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်ခြင်းမှသည် နိုင်ငံတော်၏ စိုက်ပျိုး၊ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို ရရှိစေနိုင်မည်ဟု ယုံကြည်ကြောင်း၊ယခင်က မြန်မာနိုင်ငံတွင် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်သည် တစ်ခုတည်းသော စိုက်ပျိုးရေးတက္ကသိုလ်ဖြစ်ပြီး အလားတူ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်သည်လည်း တစ်ခုတည်းသောတက္ကသိုလ်အဖြစ်ရှိခဲ့ကြောင်း၊ လက်ရှိကာလတွင် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်သည် တစ်နှစ်တွင် စိုက်ပျိုးရေးဘွဲ့ရပညာရှင် ၃၀၀ ခန့်နှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်သည် ၂၀၀ ခန့်သာ မွေးထုတ်ပေးနိုင်ကြောင်း၊ ကိုလိုနီခေတ်က စတင်၍ဖွင့်လှစ်ခဲ့သည့် တက္ကသိုလ် (၂) ခုသည် နိုင်ငံတော်အတွက် လိုအပ်သည့် ဘွဲ့ရပညာရှင်အရေအတွက် လုံလောက်အောင် မွေးထုတ်ပေးနိုင်ခြင်း မရှိသည့်အတွက် ဖြည့်ဆည်းပေးရမည့် လိုအပ်ချက်တစ်ခုဖြစ်ခဲ့ကြောင်း၊ ထို့ကြောင့် မိမိတို့အစိုးရ တာဝန်ယူခဲ့သည့် ၂၀၂၁ ခုနှစ်မှစပြီး နိုင်ငံတော်အတွက် အဆင့်မြင့် စိုက်ပျိုးရေး၊ မွေးမြူရေးဘွဲ့ရ ပညာရှင်များ၊ အလယ်အလတ်အဆင့် စိုက်ပျိုးရေး၊ မွေးမြူရေး ဒီပလိုမာလက်မှတ်ရ ပညာရှင်များ၊ စိုက်ပျိုးရေးမွေးမြူရေးဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်အဆင့်ရှိ အသိအမှတ်ပြု လက်မှတ်ရပညာရှင်များ ပိုမိုမွေးထုတ်ပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း (၈၉) ကျောင်း၊ ရှိရင်း စိုက်ပျိုးရေးသိပ္ပံ (၁၅) ကျောင်းမှ မွေးမြူရေးဘာသာရပ်ပါ သင်ကြားပေးနိုင်သည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံအဖြစ် ကျောင်း (၉) ကျောင်း တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပြီး ငါးလုပ်ငန်းသိပ္ပံ (တွံတေး) ကျောင်း (၁) ကျောင်းနှင့် တိရစ္ဆာန်ဆေးကုသရေးသိပ္ပံ (၁) ကျောင်းတို့ကို တိုးချဲ့ဖွင့်လှစ်ပေးခဲ့ကြောင်း၊ ထို့ကြောင့် အခြေခံလူ့စွမ်းအားအရင်းအမြစ်များကို ယခင်ကာလထက် စုစုပေါင်း (၈,၃၅၂) ဦးကို ပိုမိုသင်ကြားမွေးထုတ်ပေးနိုင်ခဲ့ကြောင်း၊ ယခုဖွင့်လှစ်သည့် မအူပင်စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ်မှလည်း နှစ်စဉ် စိုက်ပျိုးမွေးမြူရေးပညာရှင် (၃၀၀) ဦးစီ မွေးထုတ်ပေးနိုင်မည်ဖြစ်ကြောင်း၊ ထပ်မံပြီးလည်း အထက်မြန်မာနိုင်ငံတွင် စိုက်ပျိုးမွေးမြူရေးတက္ကသိုလ်အသစ်တစ်ခု ဖွင့်လှစ်ရန် ကြိုးပမ်းဆောင်ရွက်နေသကဲ့သို့ အနာဂတ်မျှော်မှန်းချက်အဖြစ် တိုင်းဒေသကြီး၊ ပြည်နယ်များတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေး ကောလိပ်ကျောင်း တစ်ကျောင်းစီ ဖွင့်လှစ်နိုင်ရန် ဆွေးနွေးသုံးသပ်လျက်ရှိသည်ကို အသိပေးပြောကြားလိုကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

အထက်ပါ ပြောဆိုမှုများအပြင် စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ် (မအူပင်) ကို ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်တို့ကဲ့သို့ ထိပ်တန်းတက္ကသိုလ်တစ်ခု ဖြစ်လာစေရန် ရည်မှန်းထားကြောင်း၊ ရည်မှန်းထားသည့်အတိုင်းလည်း ဖြစ်မြောက်အောင်မြင်အောင် ကြိုးပမ်းအကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ် (မအူပင်)တွင် စိုက်ပျိုးရေးပညာနှင့် သက်ဆိုင်သည့် မဟာဌာနကြီး (၁၃) ခု၊ မွေးမြူရေးပညာနှင့် သက်ဆိုင်သည့် မဟာဌာနကြီး (၁၂) ခု၊ အခြေခံဝိဇ္ဇာသိပ္ပံပညာရပ်ဌာန (၃) ခု ပါဝင်ဖွဲ့စည်းထားပြီး အရည်အချင်းပြည့်ဝသည့် ဆရာ၊ ဆရာမများနှင့် ဌာနအသီးသီးမှ ဘာသာရပ်ကျွမ်းကျင်သူ ပညာရှင်ကြီးများကို စုစည်းအားဖြည့်သင်ကြားပေးရန် စီစဉ်ထားသည်ဟု သိရှိရကြောင်း၊ အချို့ဘာသာရပ်များကိုလည်း ပညာရှင်များကို ဧည့်ပါမောက္ခကြီးများအဖြစ် ဖိတ်ကြားသင်ကြားပေးခြင်း၊ ဆွေးနွေးပွဲ၊ စာတမ်းဖတ်ပွဲများ ပြုလုပ်ပေးခြင်းတို့ဖြင့် အဖက်ဖက်က လစ်ဟာမှုမရှိအောင် ကြိုးပမ်းသွားရန် အကြံပြုလိုကြောင်း၊ ဘွဲ့လွန်သင်တန်းများအဖြစ် ဘွဲ့လွန်ဒီပလိုမာ၊ မဟာဘွဲ့၊ ပါရဂူဘွဲ့များအထိ ဆက်လက်ဖွင့်လှစ်ပေးမည်ဖြစ်သည့်အတွက် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးတွင် လိုအပ်သည့် အရည်အသွေးမြင့် လူ့စွမ်းအားအရင်းအမြစ်များကို မွေးထုတ်ပေးနိုင်မည်ဖြစ်ပြီး တက္ကသိုလ်၏ “စိုက်မွေးပညာ၊ ပြည်ရွာဖွံ့ဖြိုး” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အားကိုးရသည့် တက္ကသိုလ်တစ်ခု ဖြစ်လာမည်ကို ပြောကြားလိုကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ် (မအူပင်) တွင် မွေးမြူရေးဘွဲ့ကိုပါ အပ်နှင်းနိုင်ရန် စီစဉ်ထားခြင်းဖြစ်သဖြင့် ဘွဲ့ရများနှင့် ကျေးလက်နေပြည်သူများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းတစ်ခုတည်းသာမက စိုက်ပျိုးရာသီပြင်ပတွင် မွေးမြူရေးလုပ်ငန်းများက ဝင်ငွေကိုပါရရှိခြင်းအားဖြင့် မိသားစုဝင်ငွေတိုးတက်လာပြီး ဆင်းရဲနွမ်းပါးမှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ အဓိက ဆန်စပါးစိုက်ပျိုးထုတ်လုပ်ဖြန့်ဖြူးပေးသည့် ဒေသကြီးဖြစ်သကဲ့သို့ ငါးပုဇွန်မွေးမြူရေးလုပ်ငန်းများလည်း အများအပြားရှိကြောင်း၊ သို့သော်လည်း ဧရာဝတီတိုင်းဒေသကြီးအတွင်းတွင် ရေကြီးကွင်း၊ ရေနက်ကွင်းများ ဧရိယာကျယ်ပြန့်စွာရှိနေပြီး စိုက်ပျိုးရေးလုပ်ငန်းအတွက် အပြည့်အဝအသုံးချနိုင်ခြင်းမရှိသေးသည့်အတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးတွဲဖက်ဆောင်ရွက်သည့်စနစ်များကို တိုးချဲ့ဆောင်ရွက်ကြရန်လိုကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ် (မအူပင်) အနေဖြင့် အဆိုပါစနစ်များကို သုတေသနပြုပြီး အောင်မြင်အောင် စမ်းသပ်ဆောင်ရွက်ပေးရန်ကိုလည်း တိုက်တွန်းပြောကြားလိုကြောင်း ယာယီသမ္မတက ပြောကြားခဲ့သည်။
