သတိုး
၂၃. ၁၁. ၂၀၂၅
တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံသည့် ဖက်ဒရယ်ပြည်ထောင်စုကို စုပေါင်းခေါင်းဆောင်မှုဖြင့် တည်ဆောက်ရန်နှင့် အခြေခံဥပဒေရေးဆွဲရန် ရည်ရွယ်ကာ ၂၀၂၁ ခုနှစ် မတ်လ ၁၈ ရက်က ဖွဲ့စည်းထားပြီး မတ်လ ၃၁ ရက်တွင် ကြေညာခဲ့သည့် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဥ်အရ NUG ကို ဧပြီ ၁၆ ရက် မွေးဖွားပေးရန် CRPH သို့ တင်သွင်းခဲ့သော အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) မှာ ညီညွတ်မှုမရှိတော့ဘဲ စတင်ဖွဲ့စည်းစဥ်က ၃၃ ဖွဲ့ထက်လျော့ကျသွားသည့်အပြင် လက်ရှိတွင် KNPP နှင့် KNU နုတ်ထွက်၍၂၅ ဖွဲ့သာ ကျန်ရှိတော့ကာ မညီညွတ်မှုပြယုဂ်ကို ထပ်မံ ထုတ်ဖော်ပြသလိုက်သည်။
CRPH နှင့် NUG ကို ချုပ်ကိုင်၍ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံကို ဦးဆောင်တည်ထောင်က ဖက်ဒရယ်ဒီမိုကရေစီအခြေခံဥပဒေရေးဆွဲမည်ဆိုသည့် NUCC တွင် မူလက ပါဝင်ခဲ့သည့် NLD ပါတီနှင့် KIO/KIA မှ လက်နက်ကိုင်ခေါင်းဆောင် ဂွမ်မော်၏ KPICT (ကချင်နိုင်ငံရေး ကြားကာလ ညှိနှိုင်းရေးအဖွဲ့)တို့ နုတ်ထွက်ခဲ့သလို အခြားသောအဖွဲ့များလည်း နုတ်ထွက်ကာ NUCC မှာ ကျရှုံးမှုများစွာနှင့် မှေးမှိန်သွားခဲ့သည်။
NLD နှင့် KPICT တို့ နုတ်ထွက်မှုကိုလည်း သတင်းထွက်ပေါ်ခဲ့သည့် ၂၀၂၂ ခုနှစ် ပထမခြောက်လပတ်က ဝိုင်းဝန်းဖုံးဖိခဲ့ပြီး ၃ နှစ်အကြာ ၂၀၂၅ မေလမှသာ NUCC တွင် ပါဝင်သူများအမည်ဖော်ပြမှ ထိုစဥ်က သတင်းများ မှန်ကန်ခဲ့ကြောင်း သိရှိရခြင်းဖြစ်သည်။


အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီတွင်ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအပါအဝင်ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ ဖက်ဒရယ်ယူနစ်၊လူမျိုးအလိုက်အတိုင်ပင်ခံကောင်စီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ သပိတ်ကော်မတီများ၊CDM လှုပ်ရှားမှုတွင်ပါဝင်သူများ၊ အရပ်ဘက်အဖွဲ့အစည်းများ(အမျိုးသမီး၊ လူငယ်အဖွဲ့အစည်းများ) ပါဝင်ကာ KNU, CNF, KNPP, ABSDF အပါအဝင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ရှစ်ဖွဲ့ပါဝင်ပြီး အဖွဲ့အစည်းပေါင်း ၃၃ ဖွဲ့မှ လူပုဂ္ဂိုလ်များပါဝင်သည်ဟု မူလက ပြောခဲ့၊ ကြေညာခဲ့သော်လည်း မေလ ၄ ရက်က NUCC တွင် ပါဝင်သောအဖွဲ့အစည်းများဆိုင်ရာ အတည်ပြု ထုတ်ပြန်ချက်အရမူ ပါတီကဏ္ဍတွင် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီတစ်ခုသာပါတော့ပြီး လက်နက်ကိုင်အဖွဲ့တွင်လည်း အားအကောင်းဆုံး ကချင်လက်နက်ကိုင် KIA ၏ KPICT နုတ်ထွက်မှုအပါအဝင် မြန်မာနိိုင်ငံတွင် အဖွဲ့ရာချီရှိသော လက်နက်ကိုင်များအနက်မှ KNPP နှင့် KNU တို့ကလည်း ထပ်မံနုတ်ထွက်၍ ယခုတွင် လက်နက်ကိုင်ကဏ္ဍမှလည်း အားအင်ချိနဲ့ မခိုင်မာသည့် ABSDF သာ ကျန်ရှိတော့သည်ကို တွေ့ရကာ စတင်စဥ် ပါဝင်ခဲ့သည်ဆိုသည့် လက်နက်ကိုင်အဖွဲ့အားလုံးလိုလို နုတ်ထွက်သွားခဲ့သည်။
ခြောက်လတစ်ကြိမ် ပြည်သူ့ညီလာခံလုပ်ကာ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဥ်အရ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲမည်ဆိုသည့် NUCC သည် မအောင်မြင်သော်လည်း CRPH နှင့် NUG အထက်မှ အဖွဲ့အနည်းငယ်ဖြင့် ဆက်လက်ရှိနေဆဲဖြစ်သော်လည်း NUCC တွင် ပါဝင်သည့် ၂၇ ဖွဲ့တွင် ပါဝင်သူများကိုလည်း လုံခြုံရေးအရဆိုကာ ကြောက်ရွံ့စွာဖြင့် အဖွဲ့၊ နာမည်အချို့ကို မဖော်ပြခဲ့မှု တွေ့ရသည်။




ထို့အပြင် စုပေါင်းခေါင်းဆောင်မှုဖြင့် နွေဦးတော်လှန်ရေးကို ဦးဆောင်မည့် မြန်မာ့သမိုင်းတွင် မရှိခဲ့ဖူးသော အမြင့်ဆုံးအဖွဲ့အစည်းဟုဆိုသည့် NUCC သည် ပွင့်လင်းမြင်သာမှုမရှိခြင်းနှင့် အကွဲအပြဲများဖြင့် လေးနှစ်ကျော်ကြာ မှေးမှိန်ပျောက်ကွယ်နေပြီး နွေဦးတော်လှန်ရေး၏ အဓိက လက်နက်ကိုင်အဖွဲ့အစည်း PDF များလည်း စစ်ရာဇဝတ်မှုရာချီဖြင့် နာမည်ပျက်နေချိန် ယခုနှစ် မေလ ၄ ရက်တွင်မှ မည်သည့်အတွက်ကြောင့် ပါဝင်သူများကို ထုတ်ပြသည်ကို မသိရှိရသော်လည်း အစုအဖွဲ့ ၅ ခုမှ ဦးဆောင်ပါဝင်သူ ၆၂ ဦးတွင် ဖက်ဒရယ်ဒီမိုကရေစီအတွက် ဆုံးဖြတ်နိုင်သူ နာမည်ရခေါင်းဆောင်များမပါဝင်ဘဲ ပြန်လည်တင်ပြပြီးမှ ဆုံးဖြတ်ခွင့်ရှိသည့် တတိယတန်းစားအဆင့်များသာ အများဆုံး ပါဝင်နေသည်ကိုလည်း တွေ့ရသလို NUCC ၏ ဥက္ကဋ္ဌ (သို့မဟုတ်) အဓိက အကြီးအကဲဟု ယူဆခံထားရသည့် ၈၈ မျိုးဆက်မှ ဦးမင်းကိုနိုင်လည်း ကန်ထုတ်ခံရဖွယ်အသွင်ဖြင့် ပါဝင်လာမှုမရှိသည်ကို တွေ့ရသည်။
ယခုလည်း NUCC က လက်နက်ကိုင်ကဏ္ဍမှ KNU နှင့် KNPP တို့ ထပ်မံနုတ်ထွက်စာကို နိုဝင်ဘာ ၁၇ ရက်တွင် ရရှိခဲ့ကြောင်း၊ သတင်းများက ဖော်ပြနေသလို နုတ်ထွက်မှုမဟုတ်ဘဲ ယာယီရပ်ဆိုင်းခြင်းသာဖြစ်ကြောင်း၊ ထိုရပ်ဆိုင်းမှုကို မရပ်ဆိုင်းရန် ညှိနှိုင်းရန်ကြိုးပမ်းနေကြောင်း စသည်ဖြင့် NUCC က ထုတ်ပြန် ဖော်ပြထားသည်ကို တွေ့ရသည်။
