သက်တံ့
၂၃. ၁၁. ၂၀၂၅
ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ (BGB) သည် ရခိုင်ပြည်နယ် မောင်တောမြို့နယ်ဘက်မှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘန်ဒါဘန်ခရိုင်၊ ဂမ်ဒမ် နယ်စပ်မျဉ်းကို ဖြတ်ကျော်ဝင်ရောက်လာသော မြန်မာ့တပ်မတော်သားတစ်ဦးနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ (BGP) မှ အဖွဲ့ဝင် ၄ ဦးအပါအဝင် ၅ ဦးကို ဖမ်းဆီးထားကြောင်း ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့က ပြောသည်။
နာခေါင်ချရီမြို့နယ်ရဲမှူးချုပ် မက်စ်ရူရူ ဟက်ခ်၏ ပြောကြားချက်အရ အဆိုပါ ၅ ဦးသည် တနင်္ဂနွေနေ့ မွန်းတည့်ခန့်တွင် ဂမ်ဒမ်အောက်ရှိ နယ်ခြားမှတ်တိုင် ၄၂ (Border Pillar 42) မှ ဘင်္ဂလားဒေ့ရှ် နယ်မြေအတွင်း ၁ ဒသမ ၅ ကီလိုမီတာခန့်အကွာရှိ ဂက်ချ်ဘိုနီယာ ပါရာတွင် ခိုလှုံခဲ့ကြခြင်း ဖြစ်သည်။
ဖမ်းဆီးခံရသူများမှာ အသက် ၃၅ နှစ်အရွယ် BGP ဒုတိယစုံစမ်းစစ်ဆေးရေးမှူး ဦးကိုကိုစိန်နှင့် အသက် ၃၈ နှစ်အရွယ် ကိုစိုးသူရ၊ တပ်ဖွဲ့ဝင်များဖြစ်သည့် အသက် ၂၅ နှစ်အရွယ် ကိုအောင်ဆန်းထူးနှင့် အသက် ၃၂ နှစ်အရွယ် ကိုကျော်ဇေယျာလင်းတို့အပြင် အသက် ၄၁ နှစ်အရွယ် တပ်မတော်သား ဦးမင်းမင်းဦးတို့ ဖြစ်သည်။
အဆိုပါ ဖမ်းဆီးထိန်းသိမ်းမှုဖြစ်စဥ်အပေါ် ကော့ခ်စ်ဘဇား BGB တပ်ရင်း-၃၄ ၏ တပ်မှူး ဒုတိယဗိုလ်မှူးကြီး SM ခိုင်ရူလ် အာလမ် (Lt Col SM Khairul Alam) ထံသို့ အကြိမ်ကြိမ် ဖုန်းခေါ်ဆိုခဲ့သော်လည်း အကြောင်းပြန်ကြားခြင်း မရှိခဲ့ဟုလည်း bdnews24 သတင်းဌာနကဖော်ပြသော်လည်း နာခေါင်ချရီ မြို့နယ် အုပ်ချုပ်ရေးမှူးမာဇာရူလ် အစ္စလာမ် ချောင်ဒူရီကမူ ယင်းဖြစ်စဉ်ကို အတည်ပြုခဲ့သည်ဟု ဖော်ပြသည်။
“မြန်မာ့တပ်မတော်နဲ့ BGP က အဖွဲ့ဝင်တွေကို ဖမ်းဆီးထားတာကို ကျွန်တော်တို့ သိပါတယ်။ ဒါပေမဲ့ သူတို့ကို ရဲတပ်ဖွဲ့ဆီ လွှဲပြောင်းပေးအပ်ခြင်း မရှိသေးပါဘူး” ဟု ရဲမှူးချုပ် မက်စ်ရူရူ ဟက်ခ်က ပြောသည်။
Ref: bdnews24
