သတိုး
၈. ၁၁. ၂၀၂၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ခရီးစဉ်တွင်လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများနှင့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန၊ ရန်ကုန်နည်းပညာတက္ကသိုလ်(YTU)နှင့် လှိုင်သာယာမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့အတွင်း မြို့ပြဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ နိုင်ငံတော်သမ္မတသည် ရန်ကုန်နည်းပညာတက္ကသိုလ်သို့ရောက်ရှိရာ ပြည်ထောင်စုဝန်ကြီးများ၊ တက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမများက ရင်းရင်းနှီးနှီးကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က ရန်ကုန်နည်းပညာတက္ကသိုလ်၏ အဆောက်အဦများ တည်ဆောက်ထားရှိမှု၊ စာသင်ဆောင်၊ အိပ်ဆောင်၊ အုပ်ချုပ်မှုဆိုင်ရာအဆောက်အဦများ၊ အားကစားကွင်းနှင့် ဝန်ထမ်းအိမ်ရာများ တည်ဆောက်ထားရှိမှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတက ရန်ကုန်နည်းပညာတက္ကသိုလ်ပုံစံငယ်အား ကြည့်ရှုစစ်ဆေးပြီး သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ တင်ပြချက်များအပေါ် လိုအပ်သည်များလမ်းညွှန်မှာကြားသည်။
ဆက်လက်ပြီး တက္ကသိုလ်အစည်းအဝေးခန်းမ၌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ရန်ကုန်နည်းပညာတက္ကသိုလ်၏ သမိုင်းအကျဉ်း၊ သင်ကြားရေးဆိုင်ရာ ဆရာ၊ ဆရာမများခန့်အပ်ထားရှိမှုနှင့် ပညာသင်နှစ်များအလိုက် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားလျက်ရှိမှု၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဝန်ထမ်းများအတွက် အိပ်ဆောင်များလိုအပ်လျက်ရှိမှု၊ အားကစားရုံနှင့် အားကစားကွင်းများတွင် ကျောင်းသား၊ ကျောင်းသူများ ကိုယ်လက်လှုပ်ရှားအားကစား ဆောင်ရွက်လျက်ရှိမှု၊ တက္ကသိုလ်အတွက် အပန်းဖြေရိပ်သာ (RC) အဆောက်အဦလိုအပ်လျက်ရှိမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက အားကစားကွင်းများ အဆင့်မြှင့်တင်ခြင်းဆောင်ရွက်ရာတွင် ဝင်ထွက်လမ်းများ စနစ်တကျဖြစ်စေရေးနှင့် ကျောင်းသား၊ ကျောင်းသူများ ကိုယ်လက်လှုပ်ရှား အားကစားခြင်းများ ဆောင်ရွက်နိုင်ရန်နှင့် အားကစားပွဲများကို ပုံစံတကျကျင်းပပြုလုပ်နိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ RC အဆောက်အဦ တည်ဆောက်ရာတွင် ကျောင်းသား၊ ကျောင်းသူများ သွားလာမှုလွယ်ကူသည့်နေရာကိုရွေးချယ်၍ တွက်ချက်တည်ဆောက်သွားရန်၊ ခေတ်နှင့်လျော်ညီသည့် အဆောက်အဦပုံစံဖြစ်စေရေး စနစ်တကျဒီဇိုင်းကြိုတင်ရေးဆွဲ တည်ဆောက်သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
ထို့နောက် Myanmar Japan Technological Development Centre – 1 အတွင်းရှိ ဓာတ်ခွဲခန်းများအတွင်း စမ်းသပ်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်နိုင်မှု၊ RC အဆောက်အဦတည်ဆောက်ရန် လျာထားမြေနေရာနှင့် Myanmar Japan Technological Development Centre – 2 အတွင်းရှိ သစ်သား၊ သံ၊ သတ္တု၊ ကွန်ကရစ်၊ မြေသားစသည့် ဒြပ်ထုများ၏ခံနိုင်ရည်စမ်းသပ်ခန်းများအတွင်း လက်တွေ့ဆောင်ရွက်နိုင်မှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် သိရှိလိုသည်များ မေးမြန်းဆွေးနွေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။







ယင်းနောက် တက္ကသိုလ်အားကစားကွင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး အားကစားကွင်း အဆင့်မြှင့်တင်နိုင်ရေးအတွက် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ ကျန်စစ်သားလမ်းနှင့် အင်းဂလိုင်ချောင်းဘေးရှိ အဆိုပြုမြေနေရာနှင့် အမှတ်(၁၅)ရပ်ကွက်၊ ကနောင်မင်းသားကြီးလမ်းဘေးရှိ အဆိုပြုမြေနေရာတို့၌ လှိုင်သာယာမြို့နယ်ဘောလုံးကွင်း တည်ဆောက်နိုင်ရေး လျာထားမှုကို လိုက်လံကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ထို့နောက် လှိုင်သာယာမြို့နယ်အတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လမ်းများစနစ်တကျဖြစ်စေရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ လိုက်နာမှုရှိစေရေး၊ သန့်ရှင်းသာယာလှပရေးတို့နှင့်ပတ်သက်၍ တာဝန်ရှိသူများကို လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ယင်းနောက် ရွှေပြည်သာမြို့နယ်၊ အမှတ်(၃၄)မြေတိုင်းရပ်ကွက်၊ စက်မှုဒေသလမ်းမကြီး၊ ပုသိမ်လမ်းနှင့် ပဲနွယ်ကုန်းလမ်းတို့အကြားရှိ မြေနေရာနှင့် အမှတ်(၃၁) မြေတိုင်းရပ်ကွက်၊ ပြည်ထောင်စုလမ်း၊ စံပယ်လမ်းနှင့် စက်မှုလမ်းသွယ်တို့အကြား မြေနေရာတို့၌ ခေတ်မီပန်းခြံနှင့် မြို့နယ်အားကစားကွင်း တည်ဆောက်နိုင်ရေး လျာထားမှုကိုကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတသည် ခရီးစဉ်တွင် လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်မြို့တော်ဝန်၊ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ရန်ကုန်တိုင်းဒေသကြီးအပါအဝင် နိုင်ငံအတွင်းရှိ မြို့ရွာများအားလုံး၌ မြေအသုံးချမှုများစနစ် တကျဖြစ်စေရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် ခွင့်ပြုပေးထားသည့် မြေနေရာများကိုလည်း အမှန်တကယ်အကောင်အထည်ဖော် ဆောင်ရွက်မှုရှိစေရေး တာဝန်ရှိသူများအနေဖြင့် ကြပ်မတ်ဆောင်ရွက်သွားရန် လိုအပ်သည့်ကိစ္စရပ်များ၊ မြို့များသန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာကောင်းမွန်စေရေး၊ စိမ်းလန်းစိုပြည်ရေးအတွက် သစ်ပင်များစနစ်တကျ စိုက်ပျိုးစေရေး၊ လေဝင်လေထွက်ကောင်းမွန်ပြီး ကျန်းမာရေးနှင့်ညီညွတ်မျှတသည့် ပတ်ဝန်းကျင်ကို ဖော်ဆောင်ပေးနိုင်ရေးတို့အတွက် စည်းကမ်းဖြင့် ကြပ်မတ်ဆောင်ရွက်သွားရန်လိုအပ်သည့်ကိစ္စရပ်များ၊ပညာရေးကဏ္ဍမြှင့်တင်နိုင်ရေးအတွက် ပညာရေးပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သက်၍ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းနေနိုင်ရေး၊ တန်းစဉ်ကူးပြောင်းမှုများ မြင့်မားလာစေရေးအပါအဝင် လပတ်စာမေးပွဲမှန်ကန်စွာပြုလုပ်ရေး၊ အပတ်စဉ်စာကျက်ဖတ်မှုများစိစစ်ရေးနှင့် ပညာရေးကိုအားပေးဆောင်ရွက်သွားရန် လိုအပ်သည့်ကိစ္စရပ်များ၊ စက်မှုကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်ရန်ခွင့်ပြုပေးထားသည့် စက်မှုဇုန်များအလိုက် ကုန်ထုတ်လုပ်မှုမြင့်မားစေရေး၊ အလုပ်အကိုင်များ ဖော်ဆောင်ပေးနိုင်ရေးတို့အတွက် စက်ရုံများလည်ပတ်နေရန်နှင့် အလုပ်သမားဆိုင်ရာ အခွင့်အရေးများရရှိရေး၊ စည်းကမ်းစနစ်တကျ အလုပ်လုပ်ကိုင်နိုင်ရေး စိစစ်ဆောင်ရွက်သွားရန် လိုအပ်သည့်ကိစ္စရပ်များ၊ ဒေသတွင်း အသား၊ ငါး၊ ဥအမျိုးမျိုးနှင့် ဟင်းသီးဟင်းရွက်များ ဈေးနှုန်းသက်သာဖူလုံစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို လူဦးရေအချိုးနှင့်အညီ တွက်ချက်၍စဉ်ဆက်မပြတ် ထုတ်လုပ်မှုဖြစ်စေရေး ဆောင်ရွက်သွားရန် လိုအပ်သည့်ကိစ္စရပ်များနှင့်ပတ်သက်၍ အကျယ်တဝင့်ဆွေးနွေးပြောကြားခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
