အမျိုးသားရေးလုပ်ငန်းစဉ်နှစ်ရပ် အောင်မြင်‌ရေး တက္ကသိုလ်များ၏ သုတေသန အားကောင်းမှုဖြင့် ဖြည့်ဆည်းပေးနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်းပါ ပြော

၂၅. ၁. ၂၀၂၄
Written by Nyein Kyaw

တက္ကသိုလ်များအတွက် သုတေသန အသုံးစရိတ်များ၊ သုတေသန ဓာတ်ခွဲခန်းသုံး ပစ္စည်းများကို နှစ်စဉ်တိုးမြှင့် ခွင့်ပြုပေးခဲ့သည့်အပြင် သုတေသနစင်တာများကိုလည်း တိုးချဲ့ဖွင့်လှစ်ပေးခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က Naypyitaw State Academy တွင် ယနေ့ ကျင်းပသည့် (၂၃) ကြိမ်မြောက် ဝိဇ္ဇာနှင့်သိပ္ပံ သုတေသနညီလာခံ ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားသည်။

နိုင်ငံတော်အနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေ ရိက္ခာဖူလုံ‌ရေးကို အမျိုးသားလုပ်ငန်းစဉ် နှစ်ရပ်အဖြစ် ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး MSME လုပ်ငန်းများကို အားပေးခြင်းနှင့်အတူ အရည်သွေးမြင့် ကုန်ချောများ (Value-added Products) ထုတ်လုပ်ခြင်းမှတစ်ဆင့် စိုက်ပျိုးရေးကို အခြေခံသည့် စက်မှုလုပ်ငန်းများ (Agro-based Industries) ကို ဦးတည်ကြိုးပမ်းရန် ပံ့ပိုးလျက်ရှိကြောင်း၊ အဆိုပါ အမျိုးသားရေးလုပ်ငန်းစဉ် နှစ်ရပ် အောင်မြင်‌ရေးအတွက် တက္ကသိုလ်များ၏ သုတေသန အားကောင်းမှုဖြင့်လည်း ဖြည့်ဆည်းပေးနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

နိုင်ငံ၏ အနောက်ဘက်ပိုင်းနှင့် တောင်ဘက်ပိုင်းတွင် ပင်လယ်ကမ်းရိုးတန်းနှင့် ရေ၊ မြေ၊ သား၊ ငါး ပေါကြွယ်ဝသည့် မိုးများသည့် ဒေသများဖြစ်သဖြင့် အဆိုပါဒေသရှိ တက္ကသိုလ်များက ငါး၊ ပုစွန်၊ ပုလဲ မွေးမြူရေး၊ ကမ်းလွန်ဒေသ ရေနံနှင့် သဘာဝဓာတ်ငွေ့ဆိုင်ရာ ဒေသအကျိုးပြု သုတေသနများ ဆောင်ရွက်ပြီး မိမိဒေသ၌ပင် နေထိုင်ကာ အလုပ်လုပ်ကိုင်မည့် ဒေသခံဘွဲ့ရပညာတတ်များ၊ သုတေသီများကို မွေးထုတ်ပေးကြရမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

၂၀၂၃ ခုနှစ်အတွက် (၂၃) ကြိမ်မြောက် ဝိဇ္ဇာနှင့်သိပ္ပံ သုတေသနညီလာခံကို ပညာရေးဝန်ကြီးဌာနက အမျိုးသားအဆင့်အဖြစ် Naypyitaw State Academy တွင် ဇန်နဝါရီ ၂၅ ရက်မှ ၂၇ ရက်အထိ သုံးရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ပြီး နိုင်ငံတစ်ဝန်းက ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်များ၊ စစ်တက္ကသိုလ်အပါအဝင် အခြားဝန်ကြီးဌာန (၆) ခုတို့မှ ပညာ‌ရေးဝန်ကြီးဌာန၌ ပါရဂူကျမ်း လာရောက်ပြုစုနေသူ  သုတေသီများက သုတေသနစာတမ်းပေါင်း (၃၁၄) စောင်ကို ဖတ်ကြားဆွေးနွေးကြမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *