လေလံတင်ပွဲကို မတ်လ ၂၀ တွင် ကျင်းပပြီး ကြမ်းခင်းဈေး ဒေါ်လာသန်း ၉၀ (ကျပ် ၃၁၅) ဘီလျံ သတ်မှတ်

၂၅.၁.၂၀၂၄
Translated by Htwe Ko Tun

မြန်မာနိုင်ငံမှာ အရင် NLD အစိုးရဟောင်း လက်ထက်က အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်နေထိုင်ခဲ့တဲ့ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းက ခြံအမှတ် (၅၄) နေအိမ်ကို ပိုင်ဆိုင်မှုအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးတို့ အမှုဖြစ်ပွားနေရာက မြန်မာနိုင်ငံတရားရုံးချုပ်ဟာ အိမ်ကိုလေလံတင်ရောင်းချဖို့ ဇန်နဝါရီ ၂၅ ရက်မှာဆုံးဖြတ်ခဲ့တယ်လို့ သိရပြီး လေလံပွဲကို မတ်လ ၂၀ ရက်မှာကျင်းပသွားမှာဖြစ်သလို ကြမ်းခင်းဈေးကိုလည်း အမေရိကန်ဒေါ်လာ သန်း ၉၀(ကျပ် ၃၁၅ ဘီလျံ) သတ်မှတ်မယ်လို့ သိရပါတယ်။

အဆိုပါအိမ်နဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူစိမ်းတွေလို ဆက်ဆံမှုမရှိကြတော့တဲ့ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးတို့အကြား ပိုင်ဆိုင်မှုအငြင်းပွားလာတာကြာပါပြီ။ ဇန်နဝါရီ ၂၅ ရက်မှာတော့ တရားရုံးချုပ်က မောင်နှမနှစ်ယောက်အနေနဲ့ ဘယ်ဈေးနဲ့ပဲရောင်းရသည်ဖြစ်စေ၊ ရောင်းရငွေကို ခွဲဝေ ယူကြဖို့ဆုံးဖြတ်ခဲ့ခြင်းပါ။ 

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပြစ်ဒဏ်ကျခံနေရတဲ့အတွက် သူ့ရဲ့ ရှေ့နေတွေအနေနဲ့ တိုင်ပင် အကြံဉာဏ်ရယူဖို့ မဖြစ်နိုင်ခဲ့ဘူးလို့ ဆိုပါတယ်။ အသက် ၇၈ နှစ်ရှိပြီဖြစ်တဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း အနေနဲ့ မြန်မာ့တပ်မတော်က နိုင်ငံတော်အာဏာကိုထိန်းသိမ်းမှုပြုခဲ့တဲ့ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာပဲ ဖမ်းဆီးခံခဲ့ရပါတယ်။ ဒီ့နောက် တရားရုံးမှာစွဲချက်တင်စစ်ဆေးမှုတွေအရ ထောင်ဒဏ် ၃၃ နှစ်ချမှတ်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ပြစ်ဒဏ်တွေကို ၂၇ နှစ်သို့ လျှော့ချပေးခဲ့ပါတယ်။

အတိုင်ပင်ခံပုဂ္ဂိုလ်ဘက်က ပြစ်ဒဏ်တွေအပေါ် အယူခံမှုတွေဆက်လက်ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် ၂၀၂၃ ခုနှစ် အောက်တိုဘာလမှာတော့ ပြစ်မှုစီရင်ချက်ခြောက်ခုအတွက် အယူခံတွေကို တရားရုံးချုပ်က ပယ်ချခဲ့ပါတယ်။ အခြားသော ပြစ်မှုတွေနဲ့ပတ်သက်လို့တော့ သေသေချာချာမသိကြရသေးပါဘူး။ သူမအနေနဲ့ ပြစ်ဒဏ်ကျခံနေရစဉ် တွေ့ရှိခွင့်ပေးတဲ့ တစ်ဦးထဲသော နိုင်ငံခြားသားလို့ ယူဆရသူကတော့ ၂၀၂၃ ခုနှစ် ဇူလိုင်လက တွေ့ရှိခွင့်ရခဲ့တဲ့ ထိုစဉ်က ထိုင်းနိုင်ငံခြာရေးဝန်ကြီးဒွန် ပရာမွတ်ဝီနေ ဖြစ်တယ်လို့လည်း ဆိုကြပါတယ်။

နယက အစိုးရလက်ထက်မှာတုံးက ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရန်ကုန်မြို့၊ အင်းယားကန်စောင်းမှာရှိတဲ့ အဆိုပါအိမ်မှာ အကျယ်ချုပ် ၁၅ နှစ် ကျခံခဲ့ရတာပါ။ မောင်နှမနှစ်ယောက်ကြား အဆိုပါ အိမ်နဲ့ခြံနဲ့ပတ်သက်လို့ ဆယ်စုနှစ်တော်တော်ကြာအငြင်းပွားခဲ့ကြတာပါ။ ၂၀၀၀ ပြည့်နှစ်အတွင်း သူမ အိမ်အကျယ်ချုပ်နဲ့ထိန်းသိမ်းခံထားရစဉ် အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက အမွေဆိုင်ဒီအိမ်နဲ့ပတ်သက်ပြီး သူ့အပိုင်ဖြစ်တယ်ဆိုကာ အမှုဖွင့် တရားစွဲဆိုခဲ့ပါတယ်။

ဦးအောင်ဆန်းဦးရဲ့ ပထမအမှုကို တရားရုံးတွေက ပယ်ချခဲ့ပါတယ်။ ဒါပေမယ့် သူက အိမ်ခြံမြေကို ပူးတွဲပိုင်ဆိုင်ခြင်းသာဖြစ်တယ်လို့ ထပ်မံအမှုဖွင့်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာ ရန်ကုန်တရားရုံးတစ်ရုံးက ဒေါ်အောင်ဆန်းစုကြည်ကို ခြံဝင်းအတွင်း နှစ်ထပ်တိုက်နဲ့ မြေဧရိယာတစ်ဝက်၊ ဦးအောင်ဆန်းဦးကို ကျန်အဆောက်အအုံတစ်လုံးနဲ့ ကျန်ရှိ မြေဧရိယာတစ်ဝက်တို့ပိုင်ဆိုင်ကြဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

၂၀၁၉ ခုနှစ် ဇန်နဝါရီလမှာတော့ ဦးအောင်ဆန်းဦးက ထိုအိမ်ခြံမြေအား လေလံတင်ရောင်းချပြီး ရောင်းရငွေတွေကို မျှဝေယူကြဖို့ တရားရုံးချုပ်ကို အသနားခံလွှာတင်ခဲ့ပါတယ်။ အဆိုပါ အသနားခံလွှာအရ ဇန်နဝါရီ ၂၅ ရက်မှာတော့ တရားရုံးချုပ်က အင်ယားကန်စောင်းရှိ အဆိုပါ ခြံနှင့်အိမ်ကို လေလံတင်ရောင်းချပြီး နှစ်ဖက်ခွဲဝေယူကြဖို့ နောက်ဆုံး ဆုံးဖြတ်လိုက်တာပါပဲ။

Ref- Bangkok Post, Business Times

Leave a Reply

Your email address will not be published. Required fields are marked *