၂၅. ၁. ၂၀၂၄
Written by Nay Aung

အိန္ဒိယနိုင်ငံက လူငယ်တစ်ဦးဟာ သတိမေ့ရောဂါသည်တွေအတွက် များစွာအထောက်အကူဖြစ်စေမယ့် အချက်ပေးကိရိယာတစ်ခုကို အောင်မြင်စွာတီတွင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အိန္ဒိယနိုင်ငံက ဆယ်ကျော်သက်လူငယ် ဟီမက်စ် ချာဒါလာဗာဒါ ဆိုသူဟာ စက်ရုပ်အတတ်ပညာကို လေ့လာနှစ်သက်သူတစ်ဦးဖြစ်ပြီး သတိမေ့ရောဂါ ခံစားနေရတဲ့ အဘွားဖြစ်သူကို ရည်စူးပြီး အချက်ပေးကိရိယာတစ်ခု တီထွင်ခဲ့တာပါ။

ဟီမက်စ် အသက် ၁၂ နှစ်အရွယ် ၂၀၁၈ ခုနှစ်မှာ အဘွားဖြစ်သူ သတိမေ့ရောဂါခံစားနေရတာကို သိရှိခဲ့ပြီးနောက် အခုလိုမျိုး အချက်ပေးကိရိယာကို အောင်မြင်စွာ စမ်းသပ်တီထွင်နိုင်ခဲ့တာဖြစ်ပါတယ်။

ဟီမက်စ် အသက် ၁၂ နှစ်အရွယ်တုန်းက အဘွားဖြစ်သူ ဂျာယာသျှရီဟာ လက်ဖက်ရည်ဖျော်ဖို့ မီးဖိုချောင်ထဲဝင်သွားခဲ့ပေမဲ့ အဘွားဖြစ်သူ လက်ဖက်ရည်ဖျော်ပြီး ပြန်ထွက်လာချိန်မှာ ဂက်စ်မီးဖိုကို မပိတ်မိခဲ့ဘူးတဲ့အချက်ကို သိရှိခဲ့ပြီး သူ့အဘွားက သတိမေ့ရောဂါခံစားနေရတယ်ဆိုတဲ့အချက်ကို သတိထားမိခဲ့ကြောင်း ပြောပါတယ်။ အဲဒီအချိန်တည်းက အဘွားဖြစ်သူရဲ့သတိမေ့ရောဂါနဲ့ပတ်သက်ပြီး တစ်ခုခု လုပ်ပေးဖို့ အကြံရှိခဲ့လို့ YouTube ကတစ်ဆင့် စက်ရုပ်အတတ်ပညာကို လေ့လာခဲ့ပြီး အဘွားဖြစ်သူအတွက် အချက်ပြကိရိယာ တီထွင်နိုင်အောင် ကြံဆကြိုးပမ်းခဲ့တယ်လို့ ဟီမက်စ်က ပြောပါတယ်။

ဟီမက်စ်ဟာ အဘွားဖြစ်သူအတွက် အချက်ပြကိရိယာတီထွင်ပေးနိုင်ဖို့ ကြိုးပမ်းနေချိန် ၂၀၂၂ ခုနှစ်မှာ ပြိုင်ပွဲပေါင်း ၁၈၀၀၀ ကို ကျော်ဖြတ်ပြီး Samsung Solve for Tomorrow သိပ္ပံပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့ပါတယ်။ အဲဒီလိုမျိုး ဗိုလ်စွဲခဲ့တဲ့အတွက် ဟီမက်စ်ဟာ ဆုကြေးအဖြစ်အမေရိကန်ဒေါ်လာ ၁၂၀၀၀၀ ရရှိခဲ့သလို Samsung ကုမ္ပဏီရဲ့ အတွေ့အကြုံရင့်ကျက်တဲ့ ဝါရင့်အင်ဂျင်နီယာတွေထံကနေ ပညာသင်ယူခွင့် ရခဲ့ပါတယ်။ လက်ရှိအချိန်မှာအသက် ၁၇ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဟီမက်စ်ဟာ အဘွားဖြစ်သူအတွက် အချက်ပေးကိရိယာ တီထွင်ပေးနိုင်ဖို့ ကြိုးပမ်းနေဆဲကာလဖြစ်တဲ့ ၂၀၂၃ ခုနှစ်မှာပဲအဘွားဖြစ်သူဟာ ကွယ်လွန်သွားခဲ့ပါတယ်။ ဒါပေမယ့် ဟီမက်စ်ဟာ သူရဲ့ကြိုးပမ်းမှုတွေကို လက်မလျှော့ဘဲ Alpha Monitor လို့ အမည်ရတဲ့ အချက်ပြကိရိယာကို တီထွင်နိုင်ခဲ့ပါတယ်။

Alpha Monitor ကို ဝတ်ဆင်ထားမယ်ဆိုရင် ပြုတ်ကျတတ်တာ၊ ချော်လဲနိုင်တာတို့အပါအဝင် တစ်ခုခုဖြစ်နိုင်တယ်ဆိုတဲ့အချက်တွေကို ကြိုတင် သတိပေးမှာ ဖြစ်ကြောင်း သိရပါတယ်။ အခုလိုမျိုး အတိတ်မေ့ရောဂါသည်တွေအတွက် များစွာအထောက်အကူဖြစ်စေမယ့် အချက်ပြကိရိယာတီထွင်ပေးနိုင်ခဲ့တဲ့ အသက် ၁၇ နှစ်အရွယ်ရှိ လူငယ်ကို အိန္ဒိယဝန်ကြီးချုပ် နာရမ်ဒရာမိုဒီကလည်း လူမူကွန်ရက်ကတစ်ဆင့် ချီးကျူးပြောဆိုထားကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *