၂၅. ၁. ၂၀၂၄
Translated by Htwe Ko Tun

ဥရောပတိုက်အတွင်း နယ်သာလန်နိုင်ငံကနေ ရိုမေနီးယားနိုင်ငံအထိ ပိုလန်၊ ဂျာမနီနဲ့ ပြင်သစ်နိုင်ငံတွေ အပါအဝင် ဥရောပနိုင်ငံတော်တော်များများမှာ ဥရောပသမဂ္ဂရဲ့ European Green Deal သဘောတူညီချက်နဲ့ ဒီဇယ်ဆီအခွန်တိုးမြှင့်မှုတို့ကို ဆန့်ကျင်ခဲ့ကြကာ ဆန္ဒပြမှုတွေပြုလုပ်လာနေကြတာ တွေ့ရပါတယ်။ သူတို့တွေက ငွေဖောင်းပွမှု နောက်ခံအကြောင်းရင်းနဲ့ ယူကရိန်းသွင်းကုန်တွေက ပြိုင်ဆိုင်မှုတွေကိုလည်း ဆန့်ကျင်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

ဥရောပတိုက်ရဲ့တောင်ပိုင်းဒေသတွေက လယ်သမားတွေအပါအဝင် ဥရောပနိုင်ငံအချို့မှာ လယ်သမားတွေက မကျေနပ်မှုတွေကို ဆန္ဒပြထုတ်ဖော်လာနေကြခြင်းက ၂၀၁၈- ၂၀၁၉ ခုနှစ်တွေက ပြင်သစ်နိုင်ငံအတွင်း စိုးရိမ်ထိတ်လန့်မှုတွေဖြစ်စေခဲ့တဲ့ Yellow Vests Movement ခေါ်ကြတဲ့ အကျပ်အတည်းအခြေအနေမျိုး ပြန်ရောက်လာမှာကိုလည်း ဥရောပသမဂ္ဂအနေနဲ့ စိုးရိမ်နေပါတယ်။

ဒီအခြေအနေမှာပဲ ပြင်သစ်နိုင်ငံတစ်ဝန်းနဲ့ ဘရပ်ဆဲလ်မြို့တို့မှာပါ လယ်သမားတွေက ကုန်ကျစရိတ်တွေတိုးမြင့်လာမှု၊ ထွက်ကုန်သီးနှံတွေဈေးနှိမ်ဝယ်ယူခံရမှုနဲ့ သူတို့အတွက်လွန်ကဲလွန်းတယ်ဆိုရမယ့် စည်းကမ်းသတ်မှတ်ချက်တွေအပါအဝင် ကြုံတွေ့နေရတဲ့ပြဿနာတွေအတွက် ဇန်နဝါရီ ၂၄ ရက်မှာ ဆန္ဒပြခဲ့ကြပါတယ်။

ပြင်သစ်နိုင်ငံအတွင်း လယ်သမားတွေက လမ်းများကို ပိတ်ဆို့မှုပြုလာကြပြီး သူတို့က အဓိပ္ပါယ်မရှိတဲ့ စိုက်ပျိုးရေးဆိုင်ရာမူဝါဒတွေလို့ဆိုကြတဲ့ ဥရောပသမဂ္ဂရဲ့မူဝါဒတွေအပေါ် ဆန့်ကျင်တဲ့အနေနဲ့ လမ်းဆိုင်းဘုတ်တွေကို ပြောင်းပြန် ဇောက်ထိုးလုပ်ခဲ့ကြပါတယ်။ ဥရောပသမဂ္ဂဌာနချုပ်ရှိတဲ့ ဘရပ်ဆဲလ်မြို့မှာ ပြင်သစ် လယ်သမားသမဂ္ဂဖြစ်တဲ့ Rural Coordination က ဥရောပသမဂ္ဂအနေနဲ့ ဥရောပလယ်သမားတွေအပေါ် ဖိနှိပ်ချုပ်ချယ်မှုတွေ များပြားပြီး ဝင်ငွေလျော့ နည်းစေတဲ့စည်းကမ်းချက်တွေ သတ်မှတ်မှုကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြမှုတွေက ဝန်ကြီးချုပ်အဖြစ် စတင်တာဝန်ထမ်းဆောင်တာ နှစ်ပတ်ပဲရှိသေးတဲ့ ဂါဘရီယယ် အက်တယ်လ် အတွက်တော့ ပထမဆုံးသော အဓိက စိန်ခေါ်မှုဖြစ်ခဲ့ပါတယ်။ အက်တယ်လ်က လယ်သမားသမဂ္ဂ ကိုယ်စားလှယ်တွေနဲ့ဇန်နဝါရီ ၂၃ ရက်တုံးကလည်း တွေ့ဆုံခဲ့သေးတာပါ။ ပြင်သစ်နိုင်ငံရဲ့ အဓိက လယ်သမားသမဂ္ဂဖြစ်တဲ့ FNSEA က ဇန်နဝါရီ ၂၄ ရက်မှာပဲ အစားအစာဈေးနှုန်းတွေနဲ့ လယ်သမားတွေအပေါ် စည်းကမ်းသတ်မှတ်ချက်တွေနဲ့ပတ်သက်လို့ တောင်းဆိုချက်တွေပြုခဲ့တယ်လို့ သိရပါတယ်။

ပိုလန်နဲ့ ရိုမေးနီးယားတို့မှာလည်း ရုရှားရဲ့တိုက်ခိုက်မှုပြီးနောက် ယူကရိန်းက သွင်းကုန်တွေအပေါ် ဝင်ငွေခွန်ဆိုင်းငံ့ထားဖို့ အီးယူက ဆုံးဖြတ်ခဲ့မှုကို ဆန့်ကျင်ကာ လယ်သမားတွေက လမ်းတွေအပေါ် ထရပ်ကားတွေနဲ့ပိတ်ဆို့ပြီး ဇန်နဝါရီလ ၂၄ ရက်က ဆန္ဒပြခဲ့ကြပါတယ်။ ဂျာမနီမှာလည်း လယ်သမားတွေက ယူကရိန်းရဲ့ သွင်းကုန်တွေကို အခွန်သက်သာခွင့်ပေးဖို့ အစိုးရရဲ့အဆိုပြုချက်ကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။

ဒါကြောင့်လည်း ယူကရိန်းစစ်ပွဲဖြစ်ပွားရမှုကို အခြေခံလို့ အီးယူရဲ့သတ်မှတ်ချက်တွေကို ဥရောပတခွင် လယ်သမားတွေက ဆန့်ကျင်ဆန္ဒပြမှုတွေ ပျံ့နှံ့လာတယ်လို့ဆိုရမှာပါ။

Ref- AP, Le Monde

Leave a Reply

Your email address will not be published. Required fields are marked *

Related News