၂၅. ၁. ၂၀၂၄
Written by Nay Aung

မြန်မာ့နိုင်ငံရေးအငြင်းပွားမှုများက ထိုင်းနိုင်ငံသို့ တရားမဝင်မူးယစ်ဆေးဝါးများ အများအပြား မှောင်ခိုတင်ပို့ရန်ကြိုးပမ်းမှုများဖြစ်လာစေခဲ့ကြောင်း ထိုင်းဝန်ကြီးချုပ်ဆာရက်သာတာဗီဆင်က ဘန်ကောက်မြို့ Pullman King ဟိုတယ်တွင် ဇန်နဝါရီ ၂၄ ရက်နေ့ကကျင်းပခဲ့သော “Thailand 2024 The Great Challenge, increase income, reduce expenses, expand opportunities”အမည်ရှိခေါင်းစဉ်ဖြင့် ပြုလုပ်သော ဆွေးနွေးပွဲတွင် ပြောဆိုခဲ့ကြောင်း ထိုင်းသတင်းများတွင်ဖော်ပြထားသည်။

မူးယစ်ဆေးဝါးသည် ထိုင်းနိုင်ငံအတွက် အဓိကပြဿနာဖြစ်နေကြောင်း၊ မူးယစ်ဆေးဝါးအများအပြားဖမ်းဆီးနိုင်သည့်အဖြစ်အပျက်များ ရှိခဲ့ကြောင်း၊ ထိုင်းနိုင်ငံသို့တင်ပို့ရန်ကြိုးပမ်းသော မူးယစ်ဆေးဝါးအများအပြားဖမ်းဆီးခံရသော်လည်း ဈေးနှုန်းတက်ခြင်းများမရှိခဲ့ကြောင်း ထိုင်းဝန်ကြီးချုပ်က ပြောသည်။

မူးယစ်ဆေးဝါးပြဿနာသည် ထိုင်းလူအဖွဲ့အစည်းကို ကာလအတန်ကြာ ထိခိုက်နစ်နာစေသော ပြဿနာတစ်ခုအဖြစ်ရှိနေကြောင်းလည်း ထိုင်းဝန်ကြီးချုပ် ဆာရက်သာတာဗီဆင်ကပြောသည်။

ထိုင်းနိုင်ငံတွင် ၂၀၂၃ ခုနှစ်အတွင်း ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးသည် ပြီးခဲ့သော ၂၀၂၂ ခုနှစ်နှင့်နှိုင်းယှဉ်လျှင် များစွာမြင့်တက်လာခဲ့ကြောင်း သိရသည်။

ထိုင်းဝန်ကြီးချုပ်က ” စိတ်ကြွမူးယစ်ဆေးဝါးဈေးနှုန်းတွေဟာ မြင့်မားတာမျိုးမရှိဘူး။ ထိုင်းနိုင်ငံအတွင်း ပြီးခဲ့တဲ့နှစ်မှာ ဖမ်းဆီးရမိတဲ့ စိတ်ကြွမူးယစ်ဆေးဝါးဖမ်းဆီးရမှုဟာ အရင်နှစ်နဲ့ နှိုင်းယှဉ်ရင် ၄ ဆလောက်မြင့်တက်လာခဲ့တယ်။ ဒီလိုမျိုး အများအပြား ဖမ်းဆီးရမိပေမယ့် စိတ်ကြွမူးယစ်ဆေးဝါးဈေးနှုန်းတွေက ဈေးနှုန်းတက်လာတာမျိုးမရှိဘူး။ စိတ်ကြွမူးယစ်ဆေးဝါး အဲဒီစိတ်ကြွမူးယစ်ဆေးဝါးတွေဟာ မြန်မာနိုင်ငံဘက်ခြမ်းကနေ ထိုင်းနိုင်ငံဘက်ကို ဝင်ရောက်နေတာမျိုးဖြစ်တယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးအငြင်းပွားမှု ပြဿနာတွေဖြစ်နေတဲ့အတွက် ငွေကြေးလိုအပ်တာတွေရှိနေတယ်။ မြန်မာ့နိုင်ငံရေးအငြင်းပွားမှုတွေက ကြီးမားတဲ့ပြဿနာတွေဖြစ်စေခဲ့တယ်။ ဒါကြောင့် မြန်မာ့နိုင်ငံရေးအငြင်းပွားမှုတွေကြောင့် ပြည်သူတွေဟာ ငွေကြေးမရဘဲဖြစ်နေတယ်။ ငွေကြေးရဖို့အတွက် အလွယ်ကူဆုံးနည်းလမ်းက မူးယစ်ဆေးဝါးလုပ်ဆောင်တာတွေ ဖြစ်လာစေခဲ့တယ်။ လက်ရှိအချိန်မှာ မြန်မာပြည်သူတွေဟာ ထိုင်းနိုင်ငံဘက်ခြမ်းကို လမ်းကြောင်းအမျိုးမျိုးကနေ မူးယစ်ဆေးဝါးတွေကိုကျောပိုးအိတ်ထဲ ထည့်ပြီး တင်ပို့ဖို့ ကြိုးပမ်းလာနေတယ်” ဟု ပြောသည်။

Ref bangkokbiznews

Leave a Reply

Your email address will not be published. Required fields are marked *