တရုတ်နိုင်ငံမှ လျှပ်စစ်ကားအရောင်းပြပွဲတစ်ခုမြင်ကွင်း

၂၇. ၁၁. ၂၀၂၂
Written By A Thaung

“လာလျှောက်ထားတဲ့ ကုမ္ပဏီ ၂၆ ခုရှိပါတယ်။ အခုချိန်အထိတော့ ဘယ်ကုမ္ပဏီကိုမှ ခွင့်မပြုသေးပါဘူး” လို့ နိုဝင်ဘာ ၁၈ ရက်၊ နေ့လည်ပိုင်းကပြုလုပ်တဲ့ SAC သတင်းစာရှင်းလင်းပွဲမှာ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြည်ပကနေ လျှပ်စစ်ကားတင်သွင်းရောင်းချဖို့ ခွင့်ပြုချက်လျှောက်ထားတဲ့ ကုမ္ပဏီအရေအတွက်ကို ပြောလိုက်ပါတယ်။

လက်ရှိအချိန်မှာ လျှပ်စစ်ကားတင်သွင်းရောင်းချခြင်းနဲ့ပတ်သက်ပြီး စိစစ်ကြပ်မတ်ဖို့ ကော်မတီငါးခုဖွဲ့ထားတယ်လို့လည်း သူကပြောပါတယ်။ ဒီကော်မတီတွေကနေ လျှပ်စစ်သုံးယာဉ်တွေနှင့်ပတ်သတ်ပြီး ဆက်စပ်တဲ့လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေးမူကြမ်းတစ်စောင်ကို နိုင်ငံတော်အဆင့်အနေနဲ့ ထုတ်ပြန်သွားဖို့ရှိနေတယ်လို့လည်း ပြောပါတယ်။

အဲ့ဒီနေ့ကပြောဆိုချက်တွေအရ လျှပ်စစ်သုံးယာဉ်တွေနဲ့ ပတ်သက်ပြီး ကာလတို၊ ကာလလတ်၊ ကာလရှည် ကာလအပိုင်းအခြားသုံးခုနှင့် လုပ်ကိုင်သွားဖို့ရှိနေတာကို တွေ့ရပါတယ်။

“အဆင့်လိုက် ဆောင်ရွက်တဲ့လုပ်ငန်းတွေမှာတော့ နိုင်ငံတော်အနေနဲ့ အားပေးတဲ့ မက်လုံးတွေ၊ အခွင့်အရေးတွေပေးနိုင်ဖို့ ဆောင်ရွက်လျှက်ရှိပါတယ်” လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုသွားတဲ့အတွက် အခုအချိန် လာရောက်လျှောက်ထားတဲ့ ကားကုမ္ပဏီတွေအနေနဲ့ သီးသန့်အခွင့်အရေးတစ်ခုခု ရနိုင်ဖွယ်ရှိနေပါတယ်။ ဘယ်လို မက်လုံးတွေ၊ ဘယ်လို အခွင့်အရေးတွေပေးမလဲဆိုတာကိုတော့ တိတိကျကျပြောသွားတာမျိုးမရှိသေးပါဘူး။

အခွန်မက်လုံး

ဒီပြောဆိုချက်မတိုင်ခင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက လျှပ်စစ်နဲ့ ဘတ္ထရီသုံး ဘယ်လိုယာဥ်မဆို အခွန်သုညရာခိုင်နှုန်းသတ်မှတ်တယ်လို့ ထုတ်ပြန် ကြေညာထားတဲ့အတွက် လျှပ်စစ်နဲ့ ဘတ္ထရီစွမ်းအင်သုံးယဉ်တွေဟာ အခွန်ကင်းလွတ်ခွင့်ဆိုတဲ့ မက်လုံးကို စပေးထားတယ်လို့ သေချာပေါက်ပြောလို့ရနေပါပြီ။

“Zero Tax (အခွန်သုည) သတ်မှတ်တာကတော့ ဖြစ်ရိုးဖြစ်စဉ်တစ်ခုပါပဲ။ တခြားနိုင်ငံတွေမှာလည်း နှစ်အပိုင်းအခြားနဲ့ အခွန်မကောက်ဘဲထားတာ။ ဒါ့အပြင် တခြားအခက်အခဲတွေရှိနေပါတယ်” လို့ လျှပ်စစ်ကားတင်သွင်းရောင်းချဖို့အတွက် တင်ပြလျှောက်ထားခဲ့တဲ့ လျှပ်စစ်ကားကုမ္ပဏီတစ်ခုရဲ့ မန်နေဂျင်းဒါရိုက်တာတစ်ဦးကပြောပါတယ်။

လျှပ်စစ်ကားနည်းပညာတိုးတက်လာပြီး ကမ္ဘာ့ရောင်းအားအကောင်းဆုံးနေရာကို ရယူနေတဲ့ တရုတ်နိုင်ငံဟာ Tesla ကားကုမ္ပဏီကို ပြည်တွင်းမှာလာရောက်ထုတ်လုပ်ရောင်းချဖို့ ဖိတ်ခေါ်စဉ်က ဒီကားတွေကိုဝယ်ရင် ဝယ်ယူခွန်(Purchase Tax) ကင်းလွတ်ခွင့်ပြုထားပြီး တခြားအခွန်တွေကိုလည်း ကင်းလွတ်ခွင့်မက်လုံးတွေပေးပြီး ခေါ်ခဲ့တာပါ။

အရှေ့တောင်အာရှမှာ လျှပ်စစ်ကားဈေးကွက်ထွန်းကားနေတဲ့ ထိုင်းနိုင်ငံကတော့ ၂၀၂၃ အထိ အခွန်ကင်းလွတ်ခွင့်ပေးထားပြီး ၂၀၂၄ ကနေ ၂၀၂၅ အထိ အခွန်နှစ်ရာခိုင်နှုန်းကောက်ခံတဲ့ မူဝါဒကိုကျင့်သုံးခဲ့တာကိုတွေ့ရပါတယ်။

အခွန်ကင်းလွတ်ခွင့်မက်လုံးက လျှပ်စစ်ကားခရီးအစမှာ မက်လုံးပေးနေကျဖြစ်လို့ ထူးခြားတဲ့အခွင့်အရေးမဟုတ်တဲ့အတွက်ကြောင့် နောက်ထပ်မက်လုံးတွေရှိလာနိုင်တယ်လို့လည်း သုံးသပ်မှုတွေရှိနေပါတယ်။

ကုမ္ပဏီသတ်မှတ်ချက်

လျှပ်စစ်ယာဉ်တင်သွင်းရောင်းချလိုတဲ့ ကုမ္ပဏီတွေနဲ့ပတ်သက်ပြီး ပြည်ပက လျှပ်စစ်သုံးယာဉ် တင်သွင်းခြင်းဆိုင်ရာ လိုက်နာရမဲ့ စည်းကမ်းချက်တွေကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၆ ရက်မှာ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ အခုလထဲမှာပဲ အခွန်ကင်းလွတ်ခွင့်နှင့် သတ်မှတ်ချက်တွေကို ထုတ်ပြန်ကြေညာနေတဲ့အတွက် လျှပ်စစ်ကားတင်သွင်းရောင်းချနိုင်မယ့်လုပ်ငန်းတွေကို မြန်မြန်ဆန်ဆန်အကောင်အထည်ပေါ်အောင် လုပ်ဆောင်နေတဲ့သဘောရှိတယ်လို့ ကားတင်သွင်းရောင်းချမည့် ကုမ္ပဏီတွေက ရှုမြင်ကြပါတယ်။

ထုတ်ပြန်ချက်အရ ကားတင်သွင်းရောင်းချမယ့်ကုမ္ပဏီဟာ နိုင်ငံသားရင်းနှီးမြှုပ်နှံမှုအပြင် နိုင်ငံခြားသားနဲ့ဖက်စပ်လုပ်ကိုင်တဲ့ရင်းနှီးမြှုပ်နှံမှုကိုပါ ခွင့်ပြုထားပါတယ်။ တရားဝင်မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီဖြစ်ရမှာဖြစ်သလို ကျပ်သိန်း ၅၀၀ စပေါ်တင်ထားရမယ့်အချက်လည်း ပါနေပါတယ်။ အဓိကအရေးကြီးဆုံးအချက်ဖြစ်တဲ့ After Sales Service လုပ်ဆောင်နိုင်ရမယ်ဆိုတဲ့ သတ်မှတ်ချက်ကတော့ လုပ်ရိုးလုပ်စဉ်ပဲဖြစ်လို့ ဒီအချက်ကို ကားတင်သွင်းရောင်းချမယ့် Distributor နဲ့ Showroom တွေဘက်ကတော့ အလေးထားဖို့ လိုပါလိမ့်မယ်။

“လျှပ်စစ်ကားသွင်းမယ့်ကုမ္ပဏီက Distributor ဖြစ်ရမယ်။ 3S showroom၊ EV Charging Station သတ်မှတ်ချက်အတိုင်း 315 KVA ပါမယ်။ ကားနှစ်စီး အမြန်အားသွင်းနိုင်မယ့် Stand ၅ ခုနဲ့ နှစ်စီး အမြန်အားသွင်းနိုင်မယ့် Stand ငါးခုရှိရမယ်” လို့ အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကော်မတီဝင်တစ်ဦးက MT News ရဲ့ သီးသန့်မေးမြန်းတဲ့မေးခွန်းကို ပြန်လည်ဖြေကြားထားပါတယ်။

ကော်မတီဝင်ရဲ့ သီးသန့်ဖြေကြားချက်မှာတော့ နည်းပညာပိုင်းဆိုင်ရာ သတ်မှတ်ချက် ၆ ခုနဲ့ လျှပ်စစ်ကားဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အရေးကြီးကန့်သတ်ချက်၂ ခုကို အဓိကလုပ်ဆောင်ရမယ်လို့လည်း ကော်မတီဘက်က ယူဆထားပါတယ်။ အချို့ကိစ္စရပ်တွေဟာ အချိန်ကာလအားဖြင့် ဖြေကြားချိန်မတန်သေးတဲ့အတွက် တိတိကျကျ ဖြေကြားနိုင်ခြင်းမရှိသေးဘူးလို့လည်း အဲ့ဒီကော်မတီဝင်က MT News ကို ပြောပါတယ်။

ကားတင်သွင်းရောင်းချမဲ့ ကုမ္ပဏီအားလုံးဟာ လုပ်ငန်းစီမံချက်ဆိုင်ရာ လုပ်ငန်းစဉ်တွေကို ကော်မတီကို သွားရောက်ရှင်းလင်းတင်ပြပြီးပြီလို့လည်း သိရပါတယ်။ ကုမ္ပဏီတွေအတွက် သတ်မှတ်ထုတ်ပြန်ချက်ဟာ အစပျိုးစမ်းသပ်ကာလ (Pilot Project) အတွက်ဖြစ်နေတဲ့အတွက် နောက်ထပ်ပြောင်းလဲသတ်မှတ်ချက်တွေထွက်လာနိုင်ပါတယ်။

တစ်ဦးချင်းတင်သွင်းခွင့် ပေးမှာလား

“တစ်ဦးချင်းတင်သွင်းခွင့် (Free Permit) က ပိတ်ထားတာ တစ်နှစ်လောက်ရှိပြီလေ။ အဲဒီတော့ အာမခံချက်ရှိတဲ့ ကုမ္ပဏီတွေကသွင်းတာကိုပဲ အရောင်းအဝယ်လုပ်ကြရမှာ” လို့ လျှပ်စစ်ကားတဆင့်ပြန်လည်ရောင်းချဖို့ပြင်ဆင်နေတဲ့ MoeZac Auto မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

တစ်ဦးချင်းတင်သွင်းခွင့်ပြုနိုင်ဖွယ် ရှိနေတယ်လို့ ပြင်ပမှာ သတင်းတွေထွက်ပေါ်နေသလို ဒီမေးခွန်းအပေါ်မှာလည်း စိတ်ဝင်စားမှုများနေတဲ့ အကြောင်း သူကပြောပါတယ်။

ပြည်ပကနေ တင်သွင်းလာတဲ့ ဓါတ်ဆီနှင့် ဒီဇယ်သုံးကားတွေကို ၂၀၁၂ ခုနှစ်ကစပြီး တစ်ဦးချင်းတင်သွင်းခွင့် (Free Permit) ပြုထားခဲ့ပေမယ့် ၂၀၂၁ ခုနှစ်ကစပြီး ပြန်ပိတ်လိုက်တာကြောင့် ပြည်တွင်းကို တင်သွင်းရောင်းချမဲ့ ဘယ်လိုကားမဆို ကုမ္ပဏီတွေနဲ့ပဲ တင်သွင်းခွင့်ရှိနေပါတယ်။

နိုဝင်ဘာ ၁၆ ရက်ကထုတ်ပြန်တဲ့ ပြည်ပမှလျှပ်စစ်သုံးယာဉ် တင်သွင်းခြင်းဆိုင်ရာ လိုက်နာရမည့်စည်းကမ်းချက်တွေအရ တစ်ဦးချင်းတင်သွင်းခွင့် (Free Permit) ပေးထားတာကို မတွေ့ရပါဘူး။ ဒါ့ကြောင့် လျှပ်စစ်ကားတင်သွင်းရောင်းချခွင့်ကို တရားဝင်မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီတွေပဲ ရကြပါလိမ့်မယ်။

လျှပ်စစ်စွမ်းအင်သုံး ဘတ္ထရီအားသွင်းစနစ်ယာဉ် တစ်မျိုးတည်းသာရမယ်

ပြည်ပမှလျှပ်စစ်သုံးယာဉ် တင်သွင်းခြင်းဆိုင်ရာ လိုက်နာရမည့်စည်းကမ်းချက်တွေအရ ပြည်တွင်းကို တင်သွင်းရောင်းချမည့် လျှပ်စစ်ကားတွေဟာ လျှပ်စစ်စွမ်းအင်သုံး ဘတ္ထရီအားသွင်းစနစ်ယာဉ် (BEV-Battery Electric Vehicle) တစ်မျိုးတည်းကိုသာ ခွင့်ပြုထားပါတယ်။ BEV-Battery Electric Vehicle စနစ်သုံး လူစီးယာဉ်နှင့် ခရီးသည်တင်ယာဉ်တွေကိုပဲ ခွင့်ပြုမှာဖြစ်လို့ ဆိုလာစနစ်သုံးအမျိုးအစား၊ တစ်ပိုင်းလျှပ်စစ် တစ်ပိုင်းစွမ်းအင်သုံးအမျိုးအစားတွေ တင်သွင်းခွင့်မရသေးပါဘူး။

“BEV ကျတော့ ၇ နာရီ ၈ နာရီ အားသွင်းရတော့ အဆင်မပြေနိုင်ဘူး။ အိမ်မီးနဲ့ဆိုရင် အဲ့ဒီလောက်ကြာမယ်။ Charging Station တွေရှိရင်တော့ နာရီဝက်နဲ့ရတာပေါ့။ Charging Station တွေက အခြေခံအဆောက်အဦတွေ အများကြီးရှိမှ အဆင်ပြေမှာ။ တစ်ပိုင်းလျှပ်ကူးတွေ (ဘတ္ထရီစွမ်းအင်နဲ့ လောင်စာစွမ်းအင်နှစ်မျိုးသုံးကား) Solar တွေ မှ အဆင်ပြေမှာပေါ့။ ထိုင်းမှာဆိုရင်လည်း ဒါမျိုးတွေကို အဓိကထားတယ်” လို့ မြန်မာနိုင်ငံ မော်တော်ယာဉ်တင်သွင်းထုတ်လုပ်ရောင်းချရေးအသင်းမှ ဦးမင်းဇော်ဖေက သုံးသပ်ပါတယ်။

ဒီနှစ်အတွင်း ထိုင်းနိုင်ငံမှာ HEV (Hybrid Electric Vehicle) အစီးရေ ၃၂၀၀၀ ကျော်နဲ့ စွမ်းအင်နဲ့ လျှပ်စစ်တစ်ပိုင်းကူး အစီးရေ ၂၀၀၀ ကျော်ကို ပြည်ပကနေ တင်သွင်းထားပါတယ်။

“ထိုင်းမှာတော့ ဓာတ်ဆီတစ်ပိုင်း လျှပ်စစ်တစ်ပိုင်းက အဆင်ပြေနေတယ်” လို့ ဦးမင်းဇော်ဖေက ပြောပါတယ်။

SAC ကသတ်မှတ်တဲ့ သတ်မှတ်ချက်မှာတော့ လျှပ်စစ်ဘတ္ထရီအားသုံး မော်တော်ယာဉ်လို့ပဲသတ်မှတ်ထားပါတယ်။

မြန်မာကြိုက် ပေါချောင်ညံ့တွေလာမှာလား

မြန်မာဈေးကွက်ရဲ့ထုံးစံအတိုင်း ဈေးနှုန်းက အဓိကမေးခွန်း ဖြစ်နေပါတယ်။ ပြည်ပကနေ အစိတ်အပိုင်းအလိုက် တင်သွင်းပြီးတပ်ဆင်ထုတ်လုပ်ရောင်းချတဲ့ SKD တွေဟာ အလုံးလိုက်တင်သွင်းရောင်းချရတဲ့ CBU ကားတွေထက် ဈေးအနည်းငယ်သက်သာတာကြောင့် ပြည်တွင်းကားဈေးကွက်ကို မင်းမူနေတာပါ။ အရည်အသွေးနဲ့ အာမခံချက် ဆိုတာထက် ဈေးတန်းဘယ်လောက်ထားမလဲဆိုတာက မြန်မာဈေးကွက်ရဲ့ ဈေးဦးပေါက်မေးခွန်းပဲဖြစ်ပါတယ်။

ရန်ကုန်တိုင်း မော်တော်ယာဉ်တင်သွင်းထုတ်လုပ်ဖြန့်ဖြူးရောင်းချသူများအသင်းရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ဦးမင်းမင်းမောင်ကတော့ ဒီအချက်ကို မေးခွန်းထုတ်ပါတယ်။ လျှပ်စစ်ကားတစ်စီးရဲ့ဈေးတန်းမှာ အနိမ့်ဆုံးဈေးတန်းက ကန်ဒေါ်လာ ၂၅၀၀၀ ရှိပါတယ်။ လက်ရှိမြန်မာငွေနဲ့တွက်မယ်ဆိုရင် သိန်း ၈၀၀ ဝန်းကျင်အောက်ကို မရောက်နိုင်ပါဘူး။

“လူတွေပြောနေတဲ့ ဒေါ်လာ တစ်သောင်းတန်ကားက ဘယ်လောက်ကောင်းနေလို့လဲ။ ပုံမှန်အားဖြင့် အလယ်အလတ် EV တစ်စီးဟာ ဒေါ်လာ နှစ်သောင်းနဲ့ သုံးသောင်းကြားမှာပဲရှိတယ်” လို့ ဦးမင်းမင်းမောင်က သုံးသပ်ပါတယ်။

လက်ရှိအချိန်မှာတော့ လျှပ်စစ်ကားတွေအပေါ် လုပ်ငန်းရှင်တွေက မျက်စိကြနေကြပါတယ်။ MT News က ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းက လျှပ်စစ်ကားတစ်ဆင့် ပြန်လည်ရောင်းချမယ့် လုပ်ငန်းရှင် ၁၀ ယောက်ကို မြန်မာပြည်အတွင်းဝင်လာမယ့် လျှပ်စစ်ကားတွေရဲ့ ဈေးနှုန်းအပေါ် သီးသန့်မေးမြန်းမှတ်တမ်းတင်ရာမှာ ပြည်တွင်းကိုဝင်လာမယ့် လျှပ်စစ်ကားတွေရဲ့ အနိမ့်ဆုံးဈေးနှုန်းက ကျပ်သိန်း ၈၀၀ ဝန်းကျင်ရှိပြီး အမြင့်ဆုံးစေးနှုန်းက ကျပ်သိန်း ၁၄၂၀ အထိရှိနေကြောင်း ဖြေကြားထားပါတယ်။

“ဝင်လာရင်လည်း တရုတ်ဘက်ကပဲ အများဆုံးဖြစ်လိမ့်မယ်” လို့ ကားတင်သွင်းရောင်းချဖို့အတွက် ပြင်ဆင်နေတဲ့ လုပ်ငန်းရှင်တစ်ဦးက ခန့်မှန်းပြောဆိုပါတယ်။

လက်ရှိ ကမ္ဘာ့လျှပ်စစ်ကားဈေးကွက်မှာ တရုတ်က နည်းပညာအားသာချက်နဲ့ စိုးမိုးထားပါတယ်။ ပြည်တွင်းမှာ လျှပ်စစ်ကားတင်သွင်းရောင်းချဖို့အတွက် တရုတ်၊ ရုရှား နဲ့ ထိုင်းနိုင်ငံကကုမ္ပဏီတွေက စိတ်ဝင်စားနေကြပါတယ်။ ဒီအထဲမှာ တရုတ်ကုမ္ပဏီအများဆုံးဖြစ်နေပါတယ်။

Model Year သတ်မှတ်မှာလား

“ဒါကတော့ မူကြမ်းထွက်လာမှပြောလို့ရပါမယ်။ ဒီမူကြမ်းက နိုင်ငံတော်အဆင့်ထုတ်ပြန်မယ့်မူကြမ်းပါ” လို့ အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဝင်တစ်ဦးက Model Year သတ်မှတ်ချက်အပေါ် ပြောဆိုပါတယ်။

ထိုင်းနိုင်ငံကိုရောက်လာတဲ့ တရုတ်လျှပ်စစ်ကားတွေဟာ ၂၀၂၂-၂၃ မော်ဒယ်တွေဖြစ်နေပါတယ်။ မြန်မာကိုဝင်လာမယ့် ကားတွေအပေါ် Model Year သတ်မှတ်ချက် ဘယ်လိုထွက်ပေါ်လာမလဲဆိုတာ စောင့်ကြည့်ရမယ့် အခြေအနေပါ။ ဒီဇယ်နှင့် ဓါတ်ဆီသုံးကားတွေကတော့ ရောက်ရှိခုနှစ်ကို Model Year သတ်မှတ်ထားလို့ လျှပ်စစ်ကားတွေကိုလည်း ဒီလိုပဲသတ်မှတ်မလားဆိုတာ မေးခွန်းထုတ်စရာပါ။

လာမယ် ကြာမယ် စောင့်ရမယ်

“ကျွန်တော်တို့ကုမ္ပဏီတွေအားလုံး သွားတင်ပြကြတဲ့အထဲမှာတော့ Charging Station တွေဆောက်ဖို့ကို ဦးစားပေးတင်ပြကြရပါတယ်။ ဘယ်နေရာတွေမှာဆောက်မလဲ။ အထူးသဖြင့် Public Area တွေမှာ ဆောက်ရမယ့်ဟာတွေကို အဓိကထားတင်ပြရတာပေါ့။ အချိန်ကြာပါဦးမယ်” လို့ အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကော်မတီကို လျှပ်စစ်ကားတင်သွင်းရောင်းချရန်အတွက် ပြီးခဲ့တဲ့အောက်တိုဘာလဆန်းပိုင်းက သွားရောက်တင်ပြထားတဲ့ ကုမ္ပဏီတစ်ခုရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

တရုတ်နိုင်ငံရဲ့ လျှပ်စစ်ကားအသွင်ကူးပြောင်းရေးက ငါးနှစ်လောက်အချိန်ယူတည်ဆောက်ခဲ့ရသလို ထိုင်းရဲ့ လျှပ်စစ်ကားအသွင်ကူးပြောင်းရေးက အခုထိ ရုပ်လုံးမပေါ်သေးဘဲ ကြိုးစားနေကြဆဲဖြစ်ပါတယ်။

“လျှပ်စစ်မီးမှန်ဖို့ကလည်း အရေးကြီးပါတယ်” လို့ ရန်ကုန်တိုင်း မော်တော်ယာဉ်တင်သွင်းထုတ်လုပ်ဖြန့်ဖြူးရောင်းချသူများအသင်းရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ဦးမင်းမင်းမောင်ကပြောပါတယ်။

သေချာတာတစ်ခုကတော့ လျှပ်စစ်မီးမမှန်၊ Charging Station တွေမရှိ၊ လျှပ်စစ်ယာဥ်အမျိုးအစားတွေထဲမှာမှ ဆိုလာသုံးယာဥ်နဲ့ တစ်ပိုင်းလျှပ်ကူးယာဥ်​တွေ တင်သွင်းလို့မရဘဲ ဘတ္ထရီတစ်မျိုးပဲ တင်သွင်းရမယ်ဆိုတဲ့ ကန့်သတ်ချက်တွေအပြင် သာမန်လူလတ်တန်းစားတွေလက်လှမ်းမီနိုင်မှု အားနည်းတဲ့စျေးတန်း စတဲ့ စိန်ခေါ်မှုများစွာနဲ့ မြန်မာ့လျှပ်စစ်ကားအပြောင်းအလဲခရီး စတင်နေပါပြီ။ ၂၀၂၃ နှစ်ဆန်းပိုင်းကစပြီး မြို့ပြလမ်းမတွေထက်မှာ အများအပြားမြင်လာရဖွယ်ရှိတဲ့ လျှပ်စစ်ကားတွေ ဘယ်လောက်အထိ ဖွံ့ဖြိုးတိုးတက်လာမလဲဆိုတာကတော့….။

Leave a Reply

Your email address will not be published. Required fields are marked *