တရားမဝင်ကုန်သွယ်မှုများ ဖမ်းဆီးနေမှုကို တွေ့ရစဉ်

၂၆. ၁၁. ၂၀၂၂

Written by Phyo Wei

အပြည်ပြည်ဆိုင်ရာငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့(FATF) ရဲ့ Blacklist ကနေလွတ်ဖို့အတွက် အသည်းအသန်ကြိုးပမ်းနေရတဲ့ တစ်နှစ်တာစီမံကိန်းတွေကို လုပ်ဆောင်ပြနေတဲ့ ဒီကာလမှာ ဟွန်ဒီတွေကို တရားဝင်လမ်းကြောင်းပေါ်ရောက်လာအောင် ကြိုးပမ်းတာ၊ တရားမဝင်ကုန်သွယ်မှုတွေကို တားမြစ်တာ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို ဦးစားပေးဖမ်းဆီးတာ၊ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့တာနဲ့ လူအများအပြားကို သေကြေစေတဲ့ လက်နက်တွေမပြန့်ပွားဖို့အတွက် ပြင်းထန်တဲ့ စစ်ရေးဆိုင်ရာတိုက်ခိုက်မှုတွေကို မြင်ခဲ့ရတယ်လို့ ဆိုရမှာပါ။ ဒါဟာ မြန်မာ့စီးပွားရေးလဲပြိုကျစေဖို့အတွက် FATF မှာ မပါပါအောင် ကြိုးစားခဲ့သူတွေ၊ FATF မှာ Blacklist ဝင်သွားပြီဆိုပြီး ပျော်နေကြတဲ့ တိုက်ခိုက်သူတချို့အတွက်တော့ ထင်မှတ်မထားတဲ့ ထိခိုက်မှုလို့ ပြောရမှာဖြစ်ပြီး SAC အတွက်ကတော့ သူတို့ ဒီလိုဖမ်းဆီးတိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်ရတာဟာ FATF ရဲ့ အရေးယူမှုကလွတ်ဖို့ ကြိုးပမ်းတာပါလို့ အကြောင်းပြချက်ကောင်းကောင်းတစ်ခုရသွားတဲ့ အခြေအနေပါ။

တစ်ဖက်မှာလည်း စိတ်မကောင်းစရာအဖြစ် ကျုးကျော်နေတယ်ဆိုတဲ့ခေါင်းစဉ်အောက်မှာ မြို့ကြီးတွေက လူနေအိမ်ခြေအများအပြားဖြိုဖျက်ခံခဲ့ရတဲ့အတွက် လူသောင်းနဲ့ချီ အခက်ကြုံရပြန်ပါတယ်။ ဒီနေရာမှာ တချို့ကလည်း ဘိုးဘွားစဉ်ဆက်ပိုင်တာ၊ အနှစ် ၂၀ လောက်နေခဲ့တာ၊ အမည်ပေါက်ရပ်ကွက်ဖြစ်နေပြီဆိုပြီး ကန့်ကွက်မှုတွေရှိနေပေမဲ့လည်း မြေမှန်သမျှနိုင်ငံတော်ကပိုင်တဲ့နိုင်ငံမှာ တာဝန်ရှိသူတွေအနေနဲ့ ဒီလိုမျိုး နေစရာမရှိတော့တဲ့ပြည်သူတွေအတွက် သင့်တော်တဲ့နေရာမှာ မြေကွက်တွေတရားဝင်ပြန်လည်ချထားပေးပြီး လူထုအပူကို ငြှိမ်းသတ်ပေးပါလို့ပဲ တောင်းဆိုရတော့မှာပါ။ ပြည်သူလူထုစားဝတ်နေရေးပြေလည်မှုဟာ နိုင်ငံ့စီးပွားရေးတည်ငြိမ်မှုနဲ့ အချိုးကျပေမဲ့ လူသောင်းနဲ့ချီနေရေးအဆင်မပြေမှုကြုံရတာမျိုး ဖြစ်စဉ်တွေ ရှိခဲ့တဲ့ ဒီရက်သတ္တပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်အဖြစ်တော့ ကျဆင်းနေတဲ့ မြန်မာ့စီးပွားရေး ပြန်တိုးတက်ဖို့အတွက် ထူထောင်မယ်ဆိုတဲ့ MSME ရန်ပုံငွေအကြောင်း၊ ကိုးလအတွင်း ကျပ် ၄၅ ဘီလျံကျော် ဖမ်းမိတဲ့တရားမဝင်ကုန်သွယ်မှုတွေအကြောင်းနဲ့၊ မြန်မာပြည်သူလူထုကို ဆင်းရဲတွင်းက လွတ်ရေးလုပ်ပေးမယ်ဆိုတဲ့ တရုတ်နိုင်ငံတာဝန်ရှိသူက ပြောလာတဲ့အကြောင်းတွေကို တင်ပြပေးချင်ပါတယ်။

မြန်မာ့စီးပွားရေး ပြန်တက်ဖို့ထူထောင်မဲ့ MSME ရန်ပုံငွေ

ဦးသိန်းစိန်အစိုးရလက်ထက် မြန်မာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဟာ ဘယ်အစိုးရထက်မဆို သာလွန်ပြီးတော့ ပြည်သူလူထုရဲ့ လူနေမှုအဆင့် နောက်တစ်ဆင့်မြင့်တက်ခဲ့တာကလည်း ဦးသိန်းစိန်အစိုးရလက်ထက်လို့ပြောရမှာပါ။ ဒီတိုးတက်မှုအဟုန်ကောင်းဟာ ၂၀၁၇ ရခိုင်အရေးအပြီးမှာတော့ ရပ်တန့်သွားခဲ့သလို ကိန်းဂဏန်းတွေအရလည်း NLD အစိုးရဟောင်းလက်ထက် ဖွံ့ဖြိုးတိုးတက်မှုဟာ ဦးသိန်းစိန်လက်ထက်ကာလကို မမီခဲ့ပါဘူး။ ပိုဆိုးခဲ့တာက ကိုဗစ်ကပ်ရောဂါကြောင့် ခရီးသွားကဏ္ဍတစ်ခုလုံးပြိုကျသွားခဲ့တာနဲ့ ရခိုင်အရေးကြောင့် နိုင်ငံတကာဖိအား မြင့်တက်လာခဲ့တာပါ။ အဲဒီရခိုင်အရေး၊ ကိုဗစ်ကပ်နဲ့ နိုင်ငံရေးအကျပ်အတည်း၊ ဘာအလုပ်မှမလုပ်ဖို့နဲ့ ပုံမှန်ကိုယ့်အလုပ် ကိုယ်လုပ်တဲ့လုပ်ငန်းတွေကို တိုက်ခိုက်ဖျက်ဆီးတာကြောင့် မြန်မာ့စီးပွားရေးကဏ္ဍတစ်ခုလုံးဟာ ၂၀၂၁ ဇူလိုင်လလောက်အထိ ပုံမှန်လည်ပတ်ဖို့ခက်ခဲ့ပါတယ်။ ဒါ့အပြင်လည်း စီးဝင်ပြီးသား FDI တွေ ထွက်ကုန်တာ၊ FDI ဝင်ဖို့ မျှော်လင့်ချက်နည်းလာတာကြောင့် မြန်မာ့စီးပွားရေးဟာ ပြည်တွင်းအားကို ယူပြီးတော့ပဲ လည်ပတ်ရမဲ့ အခြေအနေဖြစ်လာပါတယ်။ အဲဒီအတွက်ကြောင့်လည်း MSME လုပ်ငန်းရှင်တွေနဲ့ ပြည်နယ်နဲ့တိုင်းအလိုက် လိုက်လံတွေ့ဆုံပြီး လုပ်ငန်းရှင်တွေရဲ့ တောင်းဆိုမှုတွေကို လိုအပ်ချက်တွေကို ညှိနှိုင်းဖြေလျှော့ပေးတာမြင်ရသလို MSME ရန်ပုံငွေလည်း ထူထောင်ဖို့ဖြစ်လာပါတယ်။

မြန်မာ့စီးပွားရေးကဏ္ဍဟာ ဘယ်လိုအခက်အခဲကြုံကြုံ လည်ပတ်နိုင်ဖို့ဆိုရင် တရုတ်လိုနိုင်ငံမျိုးကို အတုယူရမှာပါ။ တရုတ်ထောင်တက်သွားတဲ့အခြေအနေဟာ ပြည်တွင်းထုတ်လုပ်ငန်းတွေ ကိုယ်ပိုင်ဟန်နဲ့ ဖွံ့ဖြိုးအောင် အရေးယူသင့်တာယူ၊ ထောက်ကူသင့်တာထောက်ကူရင်း တစ်ကမ္ဘာလုံးအသုံးပြုရတဲ့ သာမန်လူသုံးကုန်များစွာ ထုတ်လုပ်ရောင်းချရင်း တစ်နိုင်ငံလုံးလိုလို ဆင်းရဲတွင်းက လွတ်သွားတာပါ။ တရုတ်ချမ်းသာလာတာဟာ လက်နက်နဲ့ မူးယစ်ဆေးဝါးတွေနဲ့ ကင်းလွတ်တဲ့အပြင် နေ့စဉ်သုံးကုန်တွေကို နိုင်ငံအလိုက်သတ်မှတ်စံချိန်နဲ့အညီ ထုတ်လုပ်နိုင်တာကြောင့်လည်း ဘယ်သူက ပိတ်ဆို့ပိတ်ဆို့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအပေါ် သွားပြီးမထိခိုက်တာ တွေ့ရမှာပါ။ မြန်မာနိုင်ငံဟာလည်း တရုတ်လိုအဆင့်မဟုတ်တောင် ကိုယ့်ပြည်တွင်းက MSME ထုတ်ကုန်ကိုပဲ ပြည်ပသွင်းကုန်နဲ့ အရည်အသွေးတူပြီး စျေးသက်သာလာအောင် လုပ်လာနိုင်တဲ့အဆင့်မျိုးရောက်ဖို့ကို ကနဦးမှာ ဘက်စုံပံ့ပိုးမှုလိုနေပါတယ်။

ကိုးလအတွင်း ကျပ် ၄၅ ဘီလျံကျော် ဖမ်းမိတဲ့ တရားမဝင်ကုန်သွယ်မှု

MSME တွေကို ထိခိုက်စေတဲ့ တရားမဝင်ကုန်သွယ်မှုတွေကို ဖမ်းဆီးရာမှာ ၂၀၂၂ ခုနှစ် ဇန်နဝါရီကနေ စက်တင်ဘာလအထိ ကိုးလအတွင်း ကျပ် ၄၅ ဒသမ ၈ ဘီလျံကျော်ဖိုး ဖမ်းဆီးခဲ့ပြီး အရင်နှစ်ကာလတူထက် ကျပ် ၃၈ ဘီလျံကျော် ပိုမိုဖမ်းဆီးနိုင်ခဲ့တယ်လို့ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီကနေ သိရပါတယ်။ တရားမဝင်ကုန်သွယ်မှုတွေကို SAC ရဲ့ ၂၁ လအတွင်း ဖမ်းဆီးမှုဟာ လက်ရှိမှာ ကျပ်ဘီလျံ ၆၀ နားရောက်လာပြီဖြစ်လို့ ကျပ်ဘီလျံ ၅၀ ကျော်ဖိုးပဲ ဖမ်းနိုင်ခဲ့တဲ့ ဦးသိန်းစိန်ရဲ့ ငါးနှစ်တာကာလ၊ ဦးသိန်းစိန်လက်ထက်ကထက် တစ်ဝက်လောက်ပဲ ဖမ်းနိုင်တဲ့ NLD အစိုးရဟောင်းငါးနှစ်တာ ဖမ်းဆီးမှုထက်တော့ အများအပြားပိုဖမ်းနိုင်ခဲ့တာ တွေ့ရပါတယ်။

တရားမဝင်ကုန်သွယ်မှုတွေကို ဖမ်းလို့ ထိုင်းထုတ်ကုန်တွေ၊ တရုတ်ထုတ်ကုန်တွေ စျေးတက်ကုန်ပါပြီလို့ အော်နေပေမဲ့လည်း တစ်ဖက်မှာကတော့ တရားဝင်လမ်းကြောင်းပေါ် ပြန်ရောက်လာရင် နိုင်ငံ့အတွက် အခွန်ဘဏ္ဍာပြန်လည် မြင့်တက်လာမှာဖြစ်သလို ဒီလိုတရားမဝင်ကုန်တွေသွင်းဖို့ ဂိတ်ပေါင်း ၃၀ လောက်ဖွင့်ထားပြီး အခွန်ကောက်နေတဲ့ လက်နက်ကိုင်တွေအတွက်လည်း ဝင်ငွေစီးကြောင်းတစ်ခုလျော့သွားရင် တိုက်ပွဲတွေ ဖော်ဆောင်နိုင်မှု အားနည်းလာမှမို့လို့ မှောင်ခိုကုန်သွယ်မှုတွေ ဖမ်းဆီးတာဟာ MSME တွေကို မထိခိုက်ရေးဆိုတာထက်ကို အဓိပ္ပါယ်အများကြီးရှိတယ်လို့ပဲ ပြောရမှာပါ။ ဒါပေမဲ့လည်း မှောင်ခိုကုန်သွယ်မှုဖမ်းဆီးတဲ့နေရာတိုင်းမှာ ယာဉ်ကြောပိတ်ဆို့မှုဟာ နာရီပေါင်းများစွာဖြစ်နေတာကြောင့် ခရီးသွားတွေ မသွားချင်ကြရင်လည်း ခရီးသွားကဏ္ဍကို သွားထိခိုက်မှာဖြစ်လို့ သာမန်ခရီးသွားပြည်သူတွေ လွယ်ကူမြန်ဆန်စွာသွားနိုင်ဖို့လည်း လိုအပ်တဲ့ X-Ray စက်တွေ ခေတ်မီစက်ပစ္စည်းတွေ တပ်ဆင်ပေးပါဦးလို့တော့ အကြံပြုရမှာပါ။

မြန်မာပြည်သူလူထု ဆင်းရဲတွင်းကလွတ်ရေး လုပ်ပေးမယ်ဆိုတဲ့ တရုတ်နိုင်ငံ

တရုတ်နိုင်ငံက မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြည်သူလူထုဆင်းရဲတွင်းက လွတ်မြောက်ကာ ချမ်းသာလာစေရေးအတွက် လက်တွေ့ကျတဲ့ လုပ်ဆောင်မှုတွေလုပ်ဆောင်မယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr.Chen Hai က ရေးသားလာပါတယ်။

“အနာဂတ်မှာလည်းတရုတ်နိုင်ငံကဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေးနဲ့ လျှော့ချရေး၊ ကျေးလက်ဒေသ ထူထောင်ရေး ဆိုင်ရာအတွေ့အကြုံများကို မြန်မာနိုင်ငံနဲ့အတူဆက်လက်မျှဝေပြီးမြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြည်သူလူထုဆင်းရဲတွင်းမှလွတ်မြောက်ကာချမ်းသာလာစေရေးအတွက် လက်တွေ့ကျတဲ့ လုပ်ဆောင်မှုများ လုပ်ဆောင်သွားမှာဖြစ်ပါတယ်”လို့  Mr.Chen Hai က ဆိုပါတယ်။

ခေတ်အဆက်ဆက် အစိုးရတွေရဲ့ နိုင်ငံတကာအကျပ်အတည်းကြုံတိုင်းမှာ ထောက်ကူနေကျ တရုတ်နိုင်ငံဟာ အစိုးရအချင်းချင်းမှာ ပြေလည်ပေမဲ့ ပြည်သူလူထုအကြားမှာတော့ မုန်းတီးခံနေရဆဲပါ။ အဲဒီအတွက်လည်း တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံမှာ ကဏ္ဍပေါင်းစုံက လူထုတွေနဲ့ ထိတွေ့ဆက်ဆံပြီးတော့ တရုတ်အပေါ် အကောင်းမြင်မှုရဖို့ ကြိုးပမ်းလာတာ တွေ့ရပါတယ်။ လက်ရှိမှာလည်း တရုတ်နိုင်ငံဟာ NLD အစိုးရဟောင်း သဘောတူခဲ့တဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်း အပါအဝင် စီမံကိန်း ၃၃ ခုနဲ့ Belts and Road စီမံကိန်းတွေကိုလည်း ဆက်လက်လုပ်ဆောင်ဖို့ စိုင်းပြင်းနေတာ တွေ့ရပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံအနေနဲ့ သတိချပ်ရမှာကတော့ ဒီလိုမျိုးစီမံကိန်းတွေ ဆက်လက်လုပ်ဆောင်ရာမှာ မြန်မာနိုင်ငံမနစ်နာစေဖို့နဲ့ အိမ်နီးချင်းနိုင်ငံကောင်းပီသစွာ မျှမျှတတလုပ်ပေးဖို့ပါ။

တကယ်လို့ မျှမျှတတမလုပ်ခဲ့ရင် အချိန်တစ်ခုမှာ လွှတ်တော်အသီးသီးပြန်လည်အသက်ဝင်လာရင် ပြည်သူလူထုက မမျှတဘူးလို့ ခံစားရတဲ့​ စီမံကိန်းတွေဟာ ကန့်ကွက်ဆန္ဒပြခံရပြီး မြစ်ဆုံလိုမျိုး သောင်မတင်ရေမကျရပ်ဆိုင်းနေရတာမျိုးတွေ ထပ်ကြုံလာရနိုင်တယ်ဆိုတာပါပဲ။

မြန်မာနိုင်ငံအတွက် အကျိုးရှိပြီး မျှတမယ်ဆိုရင် ဘယ်လိုနိုင်ငံမျိုးရဲ့ မြှုပ်နှံမှုဖြစ်ဖြစ် ဆက်လက်လုပ်ဆောင်နိုင်မှာဖြစ်ပေမဲ့ မြန်မာပြည်သူလူထုအတွက် မမျှတဘူးလို့ ယူဆခံရရင်တော့ ရင်းနှီးမြှုပ်နှံထားတဲ့လုပ်ငန်းတွေဟာ တစ်ပိုင်းတစ်စနဲ့ ရှေ့တိုးမရ နောက်ဆုတ်မရအခက်ကြုံရတာတွေ ရှေ့ဖြစ်စဉ်တွေမှာ သင်ခန်းစာယူနိုင်ပါစေလို့ တင်ပြရင်းနဲ့ပဲ ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *