၁၇. ၁၀. ၂၀၂၅
Written by Thettant
ဒီနေ့ည ထိုင်းနိုင်ငံမှာကျင်းပနေတဲ့ One Friday Fights 129 မှာ မြန်မာဖိုက်တာ နှစ်ပွဲပါခဲ့ရာမှာ ပထမပွဲဦးထွက် အောက်ချင်းလေး ဟာလိမ်းအွန်က ပြိုင်ဘက်ဂျပန်ဖိုက်တာ ဟာရုယုကိ တာနစ်စုကို အနိုင်ယူပြီး အဖွင့်လှခဲ့ပေမယ့် ခေါင်ပွဲအဖြစ် ထိုင်းဖိုက်တာ တန်နွန်(Tengnueng) နဲ့ ထိုးသတ်ရတဲ့ ထွန်းမင်းအောင်က တန်နွန်ကို အားပါးတရ ထိုးပြနိုင်ခဲ့ပေမဲ့ အမှတ်နဲ့ ရှုံးသွားခဲ့ပါတယ်။

ထွန်းမင်းအောင်နဲ့ ထိုးသတ်ရတဲ့ တန်နွန်ဟာ အသက် ၃၃ နှစ်၊ အရပ် ၅ ပေ ၁၀ လက်မရှိပြီး One မှာတော့ တစ်ပွဲနိုင် တစ်ပွဲရှုံးပေမဲ့ ထိုင်းလက်ဝှေ့မှာတော့ ၁၀၃ ပွဲမှာ ၈၇ ပွဲအထိ နိုင်ထားတဲ့ သမ္ဘာရင့်ဖိုက်တာပါ။

၁၉ နှစ်သား ထွန်းမင်းအောင်က One မှာ နှစ်ပွဲနိုင် နှစ်ပွဲရှုံးထားပေမယ့် အခုနောက်ပိုင်း တိုးတက်လာသလို သူထိုးတဲ့ ၁၆၅ ပေါင်တန်းမှာ လူရှားလို့ရော တွဲဆိုင်းအရ ခေါင်ပွဲရလာတာဖြစ်ပြီး ပထမအချီမှာတော့ ထွန်းမင်းအောင်က ခြေကန်ကောင်းတဲ့ တန်နွန် ကန်ခွင့်မရအောင် အတင်းပူးထိုးတာတွေ ကြည့်ကောင်းခဲ့ပါတယ်။ ဒုတိယအချီမှာလည်း ခြေကန်ချက်နဲ့ ပွဲသိမ်းမယ်ပြောထားတဲ့ တန်နွန်ကို ထွန်းမင်းအောင် ပူးထိုးပေမယ့် ထိချက်တွေ မမှန်သလို နဖူးဟက်တက် ကွဲအပြီးမှာတော့ သက်လုံကျသွားပြီး မကြာခဏ လဲကျနေခဲ့ပါတယ်။ တတိယအချီမှာလည်း ပွဲစတာနဲ့ ထွန်းမင်းအောင်ပဲ ဖွင့်ထိုးတာပါပဲ။ ဒါပေမဲ့ ထိုင်းနိုင်ငံသားလည်းဖြစ် နှစ်ချီလည်းသာထားတဲ့ တန်နွန်က ထိန်းထိုးပါတယ်။ တန်နွန် ထိန်းနေတဲ့ကြားကပဲ အမှတ်နဲ့ဆို ရှုံးတော့မယ် သိနေတဲ့ ထွန်းမင်းအောင် အတင်းဖွင့်ထိုးနေလို့ တန်နွန် ခက်ခက်ခဲခဲထိုးနေရပေမဲ့ ထွန်းမင်းအောင်လည်း ကျနေတဲ့အတွက် ပွဲက အလဲမထိုးနိုင်ကြဘဲ ပြီးသွားခဲ့လို့ တန်နွန်က အမှတ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။

ဒီနေ့ပွဲမှာ ထွန်းမင်းနိုင် ကွဲပြီး အမှတ်နဲ့ ရှုံးသွားပေမယ့် သိက္ခာတော့ မရှုံးခဲ့သလို့ သူ့အသက်အရွယ်ငယ်ငယ်နဲ့ သူ့ဇ ပြနိုင်ခဲ့တယ်လို့ ချီးကျူးရမှာဖြစ်သလို ဒီတိုးတက်မှု ထိန်းထားနိုင်ရင် One မှာ သေချာပေါက် ထိပ်တန်းဖိုက်တာ ဖြစ်လာမှာပါ။

