ဖြိုးဝေ
၅. ၁၀. ၂၀၂၅
ပြီးခဲ့တဲ့ စက်တင်ဘာလမှာ မြန်မာ့ကုန်ထုတ်လုပ်မှုက အားအကောင်းဆုံးနှုန်းနဲ့ ထပ်မံတိုးတက်လာလို့ PMI အညွှန်းကိန်း ၅၃ ကျော်အထိ ရောက်ရှိခဲ့ပြီး နှစ်လဆက်တိုက် အလယ်အမှတ် ၅၀ အထက် ရောက်ရှိခဲ့တယ်လို့ ဂျပန်နိုင်ငံက Nikkei ရဲ့ S&P Global မြန်မာ့ထုတ်လုပ်မှု Purchasing Managers’ Index (PMI) စစ်တမ်းက ဖော်ပြလာတဲ့ ဒီရက်သတ္တပတ်မှာပဲ ပြည်တွင်းဒေါ်လာစျေးက ကျပ် ၄၀၀၀ အောက် စတင်ကျဆင်းလာပေမဲ့ ကုန်စျေးနှုန်းက အမြင့်ပျံနေမှုနဲ့ ရွှေစျေးက အစိုးရရည်ညွှန်းစျေးထက် ကျပ်သိန်း ၂၀ ဝန်းကျင် များမြဲများဆဲ အခြေအနေဆိုတာကို ထပ်မံ တွေ့ရှိခဲ့ရပါတယ်။
အခြားတစ်ဖက်မှာဆိုရင်လည်း ပြင်ဦးလွင်မြို့ လူနေထူထပ်လာမှု၊ ခရီးသွား များလာမှုနဲ့ ကိုက်ညီစေဖို့အပြင် ဒေသထွက်ကုန်တွေ တစ်နေရာတည်း ဝယ်ယူနိုင်စေဖို့ သုမင်္လာဈေး (ညံတောဈေး) ၆ ထပ် အဆင့်မြင့်ဈေးသစ် တည်ဆောက်ခဲ့တဲ့အကြောင်း ယာယီသမ္မတ ပြောကြားလာတာ၊ စက်မှုဇုန် ၂၈ ခု၊ စက်မှုရပ်ကွက် ၅ ခုနဲ့ တည်ထောင်ဆဲ စက်မှုဇုန်စီမံကိန်း ၂ ခု ရှိတဲ့ မြန်မာနိုင်ငံမှာ စက်မှုဇုန်တွေကို အဆင့်မြှင့်တင်ခြင်းအားဖြင့် နိုင်ငံတော်ရဲ့ စက်မှုကဏ္ဍကို ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်ရမှာဖြစ်တယ်လို့ နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစော ပြောလာတာ၊ ကာတာနိုင်ငံက ကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ ရေနံနဲ့သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ခြင်းလုပ်ငန်းတွေမှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့နဲ့ LNG ကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့တာတွေ၊ ဗဟိုဘဏ်က စက်သုံးဆီလုပ်ငန်းရှင်တွေအတွက် ဒေါ်လာ ၂၂ သန်း ထပ်မံထုတ်ရောင်းမှာဖြစ်လို့ ဒီဘဏ္ဍာနှစ် ခြောက်လကျော်အတွင်း ဒေါ်လာသန်း ၇၀၀ ကျော် ထုတ်ရောင်းပေးထားခဲ့တယ်ဆိုတာတွေ၊ ဒီဘဏ္ဍာနှစ် ပထမခြောက်လပတ်မှာ ဆန်/ဆန်ကွဲ တင်ပို့ဖို့ လျာထားချက် ပြည့်မီခဲ့လို့ ဒုတိယခြောက်လပတ်မှာ တန်ချိန် ၁ ဒသမ ၈ သန်းအထိ လျာထားချက် တိုးမြှင့်တင်ပို့သွားမယ်ဆိုတာတွေအပြင် NUG ရဲ့ ကျောပအဖအဖွဲ့က ခိုးထုတ်ထားတဲ့ ကျွန်းသစ်ရှစ်တန်ကျော်ကို လေလံတင်ရောင်းချလို့ ဝယ်ယူလာပြီး ပုလဲ၊ မြိုင်၊ ပခုက္ကူ ပအဖတွေထံ အခွန်ဆောင်သယ်ယူလာချိန် ရေစကြို PDF က ဖမ်းဆီးပြီး သစ်ရော ယာဥ်ပါ သိမ်းယူတဲ့ဖြစ်စဉ်တွေနဲ့ ကာဇက်စတန်နိုင်ငံကို မြန်မာ့ပေါ်ဆန်းမွှေး တင်ပို့နိုင်ရေး ဆွေးနွေးနိုင်ခဲ့တယ်လို့ ယာယီသမ္မတ ပြောကြားလာတဲ့ဖြစ်စဉ်တွေရှိပေမဲ့ ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်ကိုတော့ နိုင်ငံ့ဝန်ထမ်းတွေကို လစာ/ထောက်ပံ့ကြေးတိုးပေးမှု၊ တရုတ်-မြန်မာစီးပွားရေးစင်္ကြံကို အမြန်ဆုံးအကောင်အထည်ဖော်မယ်လို့ ပြောကြားလာမှုနဲ့ အနာဂတ်နိုင်ငံတော်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်လာစေမယ့် လူအိုတိုးပွားမှုတွေအကြောင်း သုံးသပ်ချင်ပါတယ်။
◾ တိုးပေးလာတဲ့လစာ
တပ်မတော်က နိုင်ငံတော်ကို တာဝန်ယူထားတဲ့ကာလအတွင်းမှာ တစ်နေ့တာလုပ်ခလစာ ပြောင်းလဲ သတ်မှတ်ပေးနိုင်မှုမရှိပေမဲ့ အဆမတန်တက်လာတဲ့ ကုန်စျေးနှုန်းနဲ့ လိုက်လျောညီထွေဖြစ်လာအောင် လစာမှာ ထောက်ပံ့ကြေး ကျပ် ၁၀၀၀ စီ သုံးကြိမ်တိုးပေးခဲ့တာ တွေ့ရပြီး ဒီတစ်ကြိမ်မှာဆို အခု အောက်တိုဘာ ၁ ရက်ကစ နိုင်ငံ့ဝန်ထမ်း၊ လုံခြုံရေးတပ်ဖွဲ့အပြင် ပင်စင်စားတွေကိုပါ တိုးပေးခဲ့တာ တွေ့ရပါတယ်။ ခက်ခဲကျပ်တည်းနေတဲ့ ဒီကာလမှာ တိုးပေးတဲ့ ကျပ် ၃၀၀၀၀ ဟာ သင့်တင့်တဲ့ ဆန်ငါးပြည်စာလောက်၊ ကြက်ဥအလုံး ၆၀ လောက် ရနိုင်လို့ ဇနီးမောင်နှံနှစ်ယောက်လောက်ရှိတဲ့အိမ်ထောင်မျိုးအတွက်တော့ ခုသာခံသာဖြစ်မယ့်အခြေအနေပါ။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ကစ ကမ္ဘာမှာ စစ်ပွဲတွေ တာဆူလာပြီး နိုင်ငံတိုင်းက စားနပ်ရိက္ခာဖူလုံရေးကို ဦးစားပေးလာတာ၊ မြန်မာနိုင်ငံမှာ နေရာအနှံ့စစ်တွေဖြစ်ပြီး မစိုက်နိုင်၊ မပျိုးနိုင်ချိန်မှာ ဝိသမလောဘသားတွေက ကုန်စျေးနှုန်းထပ်ဆွဲတင်လို့လည်း ပြည်သူတိုင်းဒုက္ခကြုံရတဲ့ ကုန်စျေးနှုန်းဖောင်းပွမှုအပြင် နေရာအနှံ့မှာ ပေါ်ထွန်းလာတဲ့ လက်နက်ကိုင်တွေရဲ့ အခွန်အမည်တပ် ဆက်ကြေးကောက်မှုတွေနဲ့ နယ်စပ်လမ်းကြောင်းတွေကိုပါ ကရင်သူပုန်တွေ ပိတ်လိုက်ချိန်မှာ မြန်မာ့ကုန်စျေးနှုန်းမြင့်တက်မှုက ဆိုးသထက်ဆိုးလာပြီး ပြည်သူတွေမှာက လစာ/ထောက်ပံ့ကြေး ဘယ်လောက်တိုးပေးပေး ပေးကားပေး၏မရဆိုတဲ့ အခြေအနေနဲ့ အသက်ဆက်နေရတာပါ။ ဒီလိုအခြေအနေမှာ ကုန်စျေးနှုန်းကျချင်တယ်ဆို အစိုးရတစ်ရပ်တည်းက ကုန်စျေးနှုန်းဆွဲချချင်နေလို့မရဘဲ တိုက်ပွဲတွေရပ်ပြီး ပြန်လည်စိုက်ပျိုးထုတ်လုပ်နိုင်မှ၊ ကုန်သွယ်ရေးလမ်းကြောင်းတွေ အကုန်ပြန်ပွင့်လာမှ၊ နေရာအနှံ့က လက်နက်ကိုင်တွေရဲ့ ဆက်ကြေးဂိတ်တွေ ပိတ်နိုင်မှ၊ လေယာဉ်ဆီအကြောင်းပြပြီး စက်သုံးဆီမှန်သမျှပိတ်ဆို့ခိုင်းနေလို့ ကုန်သွယ်ပို့ဆောင်ရေးအတွက် အဓိက အရေးပါတဲ့လောင်စာဆီ ကုန်စျေးနှုန်းတွေကျဆင်းပါမှ၊ ဝိသမလောဘသားတွေ ဖမ်းဆီးအရေးယူမှ ကုန်စျေးနှုန်းတွေ ပြန်လည်ကျဆင်းမယ်ဆိုတာ လူထုကလည်း နားလည်ကူညီဖို့လိုပြီး အဓိကအားဖြင့် လက်နက်ကိုင်လမ်းစဉ်ကို မထောက်ခံမှ ကုန်စျေးနှုန်းကျဆင်းရေးကို ဆက်လုပ်လို့ရမယ်ဆိုတဲ့ တွေးခေါ်မှုမျိုး ပြောင်းလဲနိုင်ဖို့ အရေးပေါ်လိုအပ်နေတယ်ဆိုတာ သတိချပ်စေချင်ပါတယ်။
◾ အမြန်ဆုံးအကောင်အထည်ဖော်မယ့် တရုတ်-မြန်မာစီးပွားရေးစင်္ကြံ
ရုရှားနိုင်ငံနဲ့ ကာဇက်စတန်နိုင်ငံကို အလုပ်သဘောခရီးသွားရောက်ခဲ့တဲ့ ယာယီသမ္မတဟာ တရုတ်နိုင်ငံကို ခရီးတစ်ထောက်အနားမှာ တရုတ်ကွန်မြူနစ်ပါတီ ယူနန်ပြည်နယ်ပါတီကော်မတီ အမြဲတမ်းကော်မတီအဖွဲ့ဝင်၊ ယူနန်ပြည်နယ်ပါတီကော်မတီရဲ့ နိုင်ငံရေးနှင့် ဥပဒေရေးရာကော်မရှင် အတွင်းရေးမှူး Mr. Hu Dapeng နဲ့ တွေ့ဆုံစဉ်မှာပဲ တရုတ်-မြန်မာစီးပွားရေးစင်္ကြံမှာ ပါဝင်တဲ့စီမံကိန်းတွေ အမြန်ဆုံးအောင်မြင်အောင် အကောင်အထည်ဖော်နိုင်ရေး ဆွေးနွေးခဲ့ပါတယ်။
တိုက်ဆိုင်တာလား။ တရုတ်-မြန်မာစီးပွားရေးစင်္ကြံကို အမြန်ဆုံးအကောင်အထည်ဖော်မှုရဲ့ ပန်းတိုင်လား။ နှစ်ခုစလုံးလားလို့ ပြောရမယ့်အခြေအနေအဖြစ် တရုတ်-မြန်မာစီးပွားရေးစင်္ကြံ ပြန်လည်စတင်နိုင်ရေး အဓိကအနှောင့်အယှက်ပေးနေတဲ့ TNLA ကိုလည်း တပ်မတော်က အပြင်းအထန်ချေမှုန်းမှုအဖြစ် အချိန်နှစ်လခွဲအတွင်းမှာ ရှမ်းမြောက်က တအာင်းလက်နက်ကိုင် TNLA သိမ်းထားတဲ့ နောင်ချို၊ ကျောက်မဲတို့ကိုလည်း ပြန်သိမ်းထားတာလည်း တွေ့ရပါသေးတယ်။ ဒါ့အပြင် TNLA သိမ်းထားတဲ့ တခြားနယ်မြေတွေဖြစ်တဲ့ သီပေါ၊ မန်တုံ၊ မိုးကုတ်၊ နမ့်ဆန် စတဲ့နေရာတွေကိုလည်း လေကြောင်းတိုက်ခိုက်မှုပြုနေတာ တွေ့ရပါတယ်။ ရှမ်းမြောက်ဟာ TNLA ဝပ်တွားသွားတာနဲ့ ငြိမ်းချမ်းမှုရနိုင်မယ့် အခြေအနေရှိနေချိန်မှာ အထူအပါးနားမလည်ဘဲ စစ်ရေးရွေးပြီး သတ္တိရှိရင် တိုက်ယူဖို့ လေကျယ်ခဲ့တဲ့ TNLA ဟာ မြို့နှစ်မြို့ပါအပြီးမှာတော့ အဖေကယ်ပါ၊ အမေကယ်ပါဖြစ်နေပြီး သူ့ဘက်ကနေ NUG ဝင်ပါနေလို့သာ စစ်ကူရနေတဲ့ပုံစံလည်း တွေ့ရပါသေးတယ်။
တကယ်တော့ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (China- Myanmar Economic Corridor – CMEC) ဟာ အလွန်ကြီးကျယ်ပြီး အဓိက မဏ္ဍိုင်ကြီးတွေ အဖြစ် သတ်မှတ်ထားတဲ့ စီမံကိန်းများစွာအပြင် အခြားသော ဆက်စပ်စီမံကိန်းတွေ အများအပြား ထပ်မံ ပါဝင်နေပါသေးတယ်။ CMEC ရဲ့ အဓိကရည်မှန်းချက်ဟာ တရုတ်နိုင်ငံ ယူနန်ပြည်နယ် (ကူမင်းမြို့) ကနေ မြန်မာနိုင်ငံကို ဖြတ်ပြီး ဘင်္ဂလားပင်လယ်အော် (ကျောက်ဖြူမြို့) အထိ “Y” ပုံသဏ္ဌာန် စီးပွားရေး လမ်းကြောင်းတစ်ခု ဖော်ဆောင်ဖို့ ဖြစ်ပြီး အဓိက စီမံကိန်းတွေအဖြစ် ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန်၊ တရုတ်-မြန်မာ နယ်စပ် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးဇုန်တွေနဲ့ CMEC ကို အသက်သွင်းမယ့် ရထားနဲ့ ကားလမ်းတွေဖြစ်တဲ့ မန္တလေး-မူဆယ် မီးရထားလမ်းစီမံကိန်းတွေပါ။ CMEC မှာ မူလက စီမံကိန်း ၄၀ လောက်အထိ စဉ်းစားခဲ့ဖူးပြီး NLD အစိုးရဟောင်းလက်ထက်မှာဆို တရုတ်သမ္မတရှီကျင့်ဖျင်ကိုယ်တိုင် မြန်မာပြည်လာပြီး စီမံကိန်း ၃၃ ခု လက်မှတ်ရေးထိုးသွားခဲ့သေးတာပါ။ CMEC ဟာ အဓိကအားဖြင့် ကုန်သွယ်ထောက်ပို့လမ်းကြောင်းဖြစ်ပြီး BRI ရဲ့ ရင်းမြစ်ကျောရိုးလည်းဖြစ်လို့ ဒီစီမံကိန်းသာ အမြန်အကောင်အထည်ဖော်နိုင်ရင် တစ်နိုင်ငံလုံးဖြစ်ပွားနေတဲ့ စစ်ကြောင့် ပျက်စီးယိုယွင်းနေမှုအားလုံး အမြန်ဆုံးတိုးတက်သွားအောင် ကုန်သွယ်ထောက်ပို့နဲ့ ကြံဆောင်နိုင်မယ့် အခြေအနေမှာ ရှိပါတယ်။ ဒါပေမဲ့လည်း တရုတ်နဲ့ လုပ်တဲ့ စီမံကိန်းတွေဟာ ကိုယ့်နိုင်ငံက အသာရလေ့မရှိဘဲ နစ်နာမှု၊ ကန့်ကွက်မှုတွေ အမြဲကြုံရတာကြောင့် နိုင်ငံနဲ့ ပြည်သူမနစ်နာရအောင် စနစ်တကျ မဟာဗျူဟာ ချမှတ်ရမယ့်အပြင် ပလောင်ပြည်နယ်အိပ်မက်ကို အတင်းကာရောမက်ပြီး တစ်နိုင်ငံလုံးက လက်သင့်မခံတော့တဲ့ TNLA ကို အမြန်ဆုံး အမြစ်ဖြုတ်ဖို့လည်း အခုထက်ကို နှစ်ဆပို ကြိုးပမ်းရပါလိမ့်မယ်။
◾ အနာဂတ်နိုင်ငံတော်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်လာမယ့် လူအိုတိုးပွားမှု
၂၀၂၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာသန်းခေါင်စာရင်းအရ မြန်မာနိုင်ငံရဲ့ ခန့်မှန်းလူဦးရေ ၅၁ သန်းကျော်မှာ အသက် ၆၀ နဲ့အထက် လူဦးရေက ၆ ဒသမ ၁ သန်းကျော်ရှိတဲ့အတွက် စုစုပေါင်းလူဦးရေရဲ့ ၁၂ ရာခိုင်နှုန်းခန့်ရှိနေသလို ၂၀၅၀ ပြည့်နှစ်မှာ အသက် ၆၀ နှစ်နဲ့အထက် သက်ကြီးပုဂ္ဂိုလ်ဦးရေက ၁၃ သန်းခန့်ရှိလာပြီး စုစုပေါင်းလူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းထိ တိုးပွားလာမယ်လို့ ခန့်မှန်းထားကြောင်း လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ပြောကြားလိုက်ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ကလေးမွေးဖွားမှုနှုန်းကို ကြည့်မယ်ဆို ၂၀၁၄ ခုနှစ်မှာ ၂ ဒသမ ၅ ရာခိုင်နှုန်းရှိရာက ၂၀၂၃ ခုနှစ်မှာ ၂ ဒသမ ၁ ရာခိုင်နှုန်းအထိ ဆက်လက်ကျဆင်းလာတဲ့အပြင် ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းမှာ ၅ နှစ်အောက် ကလေးသေဆုံးမှုနှုန်းက ၄ ရာခိုင်နှုန်း နီးပါးဖြစ်ပြီး ၂၀၂၄ ခုနှစ်မှာ ၃ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပေမဲ့လည် မွေးဖွားနှုန်းနဲ့ နှိုင်းယှဉ်ရင် သေဆုံးမှုနှုန်းက ပိုများနေလို့ အချိန်ကြာလာတာနဲ့အမျှ လူဦးရေပြန်ဖြည့်ဖို့ ခဲယဉ်းလာမှာဖြစ်ပြီး လူအိုအများစုဖြစ်လာတဲ့ Ageing Society ဘဝကို မကြာမီရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ NLD ပါတီ မဲမသာမှုပြုရာကစတဲ့ လက်နက်ကိုင်ပဋိပက္ခနဲ့ CDM ကြောင့် လူငယ်တွေ ပညာမတတ်မှု၊ လက်နက်ကိုင်မှုကြောင့် စစ်သားစုဆောင်းမှု၊ လက်နက်ကိုင်တိုက်ပွဲတွေ၊ စစ်ဖြစ်ပွားနေတဲ့အခင်းအကျင်းကြားမှာ မနေလိုလို့ ပြည်ပကို လူငယ်တွေ အစုလိုက်အပြုံလိုက်ထွက်ကုန်ကြတဲ့ ကသောင်းကနင်းအခြေအနေကို ဒီကာလမှာ ကြုံတွေ့နေရတာပါ။ ဒီလိုမျိုး လူငယ်တွေ ပြုန်းတီးနေချိန်မှာ လူအိုတွေထပ်များလာမယ်ဆိုတာက နိုင်ငံတော်ကို ဝန်ထုပ်ဝန်ပိုးဖြစ်စေပြီး အတင်းရုန်းထရမယ့် စီးပွားရေးတိုးတက်မှုကို အနှောင့်အယှက်ပေးတော့မယ့် အခြေအနေပါ။ ဒီအခြေအနေတွေဟာ အဆိုးဆုံးမှာဆိုရင် လုပ်သားအင်အား လျော့ကျတာ၊ ကျန်းမာရေးနဲ့ လူမှုဖူလုံရေးစရိတ်၊ ပင်စင်စရိတ် မြင့်တက်တာ၊ သက်ကြီးရွယ်အိုစောင့်ရှောက်မှုတွေလိုအပ်လာပြီး ဒီလိုအိုမင်းမစွမ်းသူတွေ ပြန်စောင့်ရှောက်ရတဲ့ မိသားစုဝန်ထုပ်ဝန်ပိုးတွေ တက်လာတာ၊ အိုမင်းသူတွေများလာမှုနောက်မှာ ကျန်းမာရေးဝန်ထမ်းတွေအပေါ် ဖိစီးလာပြီး မနိုင်မနင်း ပိုပိုဖြစ်လာမှာ၊ AI ခေတ်မှာ လူဦးရေ အများစု သက်ကြီးရွယ်အိုဖြစ်နေတဲ့အခါ နည်းပညာအသစ်တွေ၊ ဆန်းသစ်တီထွင်မှုတွေနဲ့ ခေတ်မီတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို လက်ခံကျင့်သုံးဖို့ ခက်ခဲလာပြီး ဖွံ့ဖြိုးမှုနောက်ကျတာ စတဲ့ ဘက်စုံဝန်ပိမှုတွေ ဖြစ်လာတော့မှာပါ။
ဒီအခြေအနေတွေကို အခုကာလကတည်းက အစိုးရအနေနဲ့ မဟာဗျူဟာချမှတ်ဆောင်ရွက်ဖို့လိုပြီး ပင်စင်သက်တမ်းတိုးမြှင့်တာ၊ သက်ကြီးရွယ်အိုတွေအတွက် အချိန်ပိုင်းအလုပ်တွေ လုပ်ကိုင်စေတာ၊ အသက် ၅၀ ကျော်လာရင် ကိုယ့်ကိုယ်ကိုယ် လူအိုလို့သတ်မှတ်ပြီး အလုပ်မလုပ်ကြတော့တာ စတာတွေ ကြိုတင်ပြင်ဆင်ရမှာဖြစ်သလို လက်ရှိကာလမှာတင် ပင်စင်စားတစ်သန်းကျော်နဲ့ ပင်စင်ကို နှစ်စဥ် ထရီလျံချီ ပေးနေရတာတွေ လျှော့ချနိုင်ဖို့ အရင်ကလုပ်ဆောင်နေတဲ့ Central Provident Fund (ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ) အပြင် ပုဂ္ဂလိကလုပ်ငန်းတွေမှာလည်း နှစ်ပေါင်းများစွာလုပ်ဆောင်နေတဲ့ ဝန်ထမ်းတွေကို အိုမင်းမစွမ်းချိန် ထောက်ကူပေးမယ့် နောင်ရေးရန်ပုံငွေ(General Provident Fund) ကို အစိုးရက ဦးဆောင် တည််ထောင်ပေးဖို့လိုအပ်ပါလိမ့်မယ်။
လူအိုတွေအတွက် ပြင်ဆင်နေတဲ့တစ်ချိန်တည်းမှာ မွေးဖွားနှုန်းကျဆင်းလာတာကိုလည်း မြှင့်တင်ဖို့လိုအပ်မှာဖြစ်ပြီး ဒီလို မွေးဖွားနှုန်းကျဆင်းမှုရဲ့ အမြစ်မြေဖြစ်တဲ့ ကုန်စျေးနှုန်းကြီးမားတာ၊ အိမ်ခန်းငှားခလို နေထိုင်မှုစရိတ်ကြီးတာ၊ ပညာသင်ကြားစရိတ်ကြီးမားတာ ဒါတွေကို လျှော့ချနိုင်ဖို့၊ အိမ်ထောင်ပြုသူတွေ ကလေးယူတဲ့အခါ ထောက်ပံ့ကြေး၊ ပညာသင်ထောက်ပံ့ကြေးစတာတွေ စနစ်တကျ လုပ်ဆောင်ရမှာပါ။
လူအိုနိုင်ငံအဖြစ်ကို မြန်မာနိုင်ငံက စ ကြုံရတာမဟုတ်ဘဲ အခြားကမ္ဘာ့နိုင်ငံတွေလည်း အများအပြားကြုံခဲ့ကြ၊ ဖြတ်ကျော်ခဲ့ကြ၊ ဖြတ်ကျော်ဖို့ ပြင်ဆင်နေကြတာဖြစ်လို့ ဒီလိုနိုင်ငံတွေကနေ အတွေ့အကြုံယူပြီး ပြင်ဆင်ရပါလိမ့်မယ်။ ၂၅ နှစ်ဆိုတာဟာ လူတစ်ယောက်ရဲ့အသက်နဲ့တွက်ဆမယ်ဆိုရင် အထူးသဖြင့် မြန်မာနိုင်ငံလို အရွယ်မတိုင်ခင်သေဆုံးမှုနှုန်းမြင့်တဲ့နိုင်ငံအနေနဲ့ဆိုရင် များတယ်လို့ထင်ရပေမဲ့ ကမ္ဘာတည်သရွေ့တည်တံ့နေမယ့် နိုင်ငံတစ်ခုအနေနဲ့ဆိုရင် မကြာခင်ရောက်လာမယ့် ကာလပါပဲ။ ဒီလိုကာလဟာ ဆင်းရဲမွဲတေစုတ်ပြတ်နေပြီး စစ်ဖြစ်နေတဲ့ မြန်မာနိုင်ငံ ပြန်လည်ထူထောင်ဖို့မှာ ရေနစ်သူ ဝါးကူနှစ်သလို ဖြစ်နေမှာဖြစ်တာကြောင့် အစိုးရတာဝန်ယူထားသူတွေ၊ ဝန်ကြီးဌာန အကြီးအကဲတွေအဖို့ အခုကတည်းက Ageing Society မှာ အထိမနာဖို့ ပြင်ဆင်ရတော့မှာပါ။
မြန်မာနိုင်ငံရဲ့ လူဦးရေ အိုမင်းခြင်းဟာ ရှောင်လွှဲမရတဲ့ အနာဂတ် ဖြစ်ပြီး လက်ရှိ ပဋိပက္ခတွေနဲ့ စီးပွားရေး ကျပ်တည်းမှုတွေက အနာဂတ်ကို ပိုမိုဆိုးရွားစေမှာဖြစ်ပေမဲ့ နိုင်ငံတော်က ဒီဆိုးရွားလာမယ့် အနာဂတ်ကို လူမှုဖူလုံရေး၊ ကျန်းမာရေးနဲ့ အလုပ်အကိုင် ကဏ္ဍတွေ စနစ်တကျ ပြင်ဆင်ခြင်းနဲ့ ဆိုးကျိုးတွေကို လျှော့ချနိုင်မှာဖြစ်လို့ လာမယ့်ရွေးကောက်ပွဲအပြီး တိုင်းပြည်ရဲ့ဒေသအများစုမှာ စစ်ပွဲတွေ ရပ်တန့်လို့ နိုင်ငံတော် တည်ငြိမ်မှု ပြန်လည်ရရှိတာနဲ့တစ်ပြိုင်နက် သက်ကြီးရွယ်အိုတွေရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုပြီး လူမှုစီးပွားနယ်ပယ်မှာ ပါဝင်စေဖို့ ဖန်တီးပေးတာ၊ မျိုးဆက်သစ် ကလေးငယ်တွေ တိုးပွားဖို့ မိသားစုတွေအတွက် ခုသာခံသာရှိတဲ့ အခွင့်အလမ်းတွေ တိုးမြှင့်ပေးတာတွေကို စတင်လုပ်ဆောင်ဖို့ အချိန်တန်နေပြီလို့ တွက်ဆမိတာ တင်ပြရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက် ဒီနေရာမှာရပ်တန့်ပါရစေ။
