၅.၁၀.၂၀၂၅
Written by KL
ရှမ်းပြည်နယ်( အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊အခြေခံပညာအထက်တန်းကျောင်း (တာချီလိတ်)အနီးလမ်းဆုံတွင် ယနေ့ အောက်တိုဘာလ ၅ ရက်၊ နံနက် ၁၁ နာရီခွဲခန့်က မော်တော်ယာဥ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ ဆိုင်ကယ်သုံးစီးနှင့် ကားတစ်စီးကို ဆင့်တိုက်ရာမှ နှစ်ဦးသေဆုံးခဲ့ပြီး လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။





“လမ်းဘေးမှာရှိတဲ့လူတွေနဲ့ ရပ်ထားတဲ့ဆိုင်ကယ်တွေကိုအရှိန်ပြင်းပြင်းနဲ့ဝင်တိုက်သွားတာ။ တိုက်တဲ့လူနှစ်ယောက်ကိုလည်း ဝိုင်းဖမ်းလို့ ချက်ချင်းမိတယ်”ဟု တာချီလိတ်ဒေသခံတစ်ဦးက ပြောသည်။
ဖြစ်စဥ်တွင် တာချီလိတ်မြို့နယ် ရှမ်းရိုးမမီးပွိုင့်ဘက်မှ မြန်မာ-ထိုင်းအမှတ်(၁) ချစ်ကြည်ရေးတံတားဘက်သို့ အသက် ၄၈ နှစ်အရွယ်အမျိုးသားတစ်ဦး မောင်းနှင်ပြီး ထိုင်းနိုင်ငံသားတစ်ဦးလိုက်ပါလာသော Ford Raptor အနက်ရောင် အမျိုးအစား မော်တော်ယာဉ်မှာ ဆိုင်ကယ် ၁ စီးကို ဦးစွာတိုက်မိပြီး ထပ်မံမောင်းလာစဥ်အခြေခံပညာ အထက်တန်း ကျောင်း (တာချီလိတ်)အနီးလမ်းဆုံတွင် ဆိုင်ကယ် ၂ စီးနှင့် HONDA FIT အဖြူရောင် မော်တော်ယာဉ်တို့ကို ထပ်မံတိုက်မိခဲ့ကြောင်း သိရသည်။






ယာဥ်တိုက်မှုကြောင့် တစ်နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် ၎င်း၏မိခင်တို့မှာ သေဆုံးခဲ့ပြီး အသက် ၁၀ နှစ်ကျော် ကလေးငယ်တစ်ဦး၊ အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးနှင့် အဘွားအိုတစ်ဦးတို့မှာ ထိခိုက်ဒဏ်ရာရှိခဲ့ရာ လူနာနှစ်ဦးမှာ အသက်အန္တရာယ် စိုးရိမ်ရကြောင်း သိရသည်။
သေဆုံးသူနှင့် ဒဏ်ရာရရှိသူများကို တာချီလိတ်ပြည်သူ့ဆေးရုံသို့ ဦးလှမိုး (တာချီလိတ်)လူမှုကူညီရေးအသင်းက ပို့ဆောင်ကူညီပေးခဲ့သည်။
