




နေမိုး
၈. ၅. ၂၀၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ်နှင့် ကျိုင်းတောင်းမြို့အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်နေသည့် တရုတ်နိုင်ငံသား ၃၁ ဦးအပါအဝင် ၃၆ ဦးအား ယနေ့ ဖမ်းမိခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ ယနေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ်၊ ဆီးဆောကျေးရွာ၏ အရှေ့ တောင်ဘက်မီတာ ၆၈၀၀ ခန့်အကွာသို့အရောက်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်သူ တရုတ်နိုင်ငံသား အမျိုးသား ၁၃ ဦးနှင့် မြန်မာနိုင်ငံသား အမျိုးသမီး ၅ ဦး၊ စုစုပေါင်း ၁၈ ဦးတို့အား အလျား ၁၂၀ ပေ အနံ ၃၀ ပေရှိ လူနေတဲ ၂ လုံး၊ အလျား ၁၂၀ ပေ အနံ ၃၀ ပေရှိ လုပ်ငန်းသုံးတဲ ၁ လုံး၊ အလျား ၈၀ ပေ အနံ ၃၀ ပေရှိ မီးဖိုဆောင် ၁ လုံး၊ All In One ၂ လုံး၊ မီးစက် အလတ် ၁ လုံး၊ ပါဝါစတေရှင်(အကြီး) ၂ လုံးနှင့် ဖျက်ဆီးထားသည့် ဖုန်းမျိုးစုံ ၉၀ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဆက်လက်၍ လုံခြုံရေးပူးပေါင်းအဖွဲ့များသည် နယ်မြေရှင်းလင်းခြင်းနှင့် ရှာဖွေ ဖော်ထုတ်စစ်ဆေးခြင်းလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်ခဲ့ရာ ဆီးဆောကျေးရွာ၏ အရှေ့တောင်ဘက်မီတာ ၆၀၀၀ ခန့်အကွာသို့ အရောက်၌ အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်သူ တရုတ်နိုင်ငံသား အမျိုးသား ၁၂ ဦးတို့အား ထပ်မံဖမ်းဆီးရမိခဲ့သည်။
အလားတူ ယနေ့မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းပန်မြို့နယ်၊ ကျိုင်းတောင်းမြို့၏ တောင်ဘက်မီတာ ၁၂၀၀၀ ခန့်အကွာ မိုင်းပန်-ကျိုင်းတောင်းသွား ကားလမ်းအနီး၌ တရားမဝင်အွန်လိုင်းလောင်းကစားမှုကျူးလွန်သူ တရုတ်နိုင်ငံသား အမျိုးသား ၆ ဦးအား ထပ်မံဖမ်းဆီးရမိခဲ့သည်။
အဆိုပါ အွန်လိုင်းလိမ်လည်လောင်းကစားမှုများလုပ်ကိုင်လျက်ရှိသည့် ဖမ်းဆီးရမိသူများအား လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိသည့် လုပ်ငန်းသုံးပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
