
၁၇. ၁၀. ၂၀၂၅
Written by Thettant
ပြီးခဲ့တဲ့ One Friday Fights 120 မှာ မြန်မာကိုယ်စားပြု ချင်းဖိုက်တာ အောက်ချင်းလေး ဟာလိမ်းအွန်ဟာ သူ့ထက် ၇ နှစ်ငယ်ပြီး ၅ လက်မမြင့်တဲ့ ဂျပန်ဖိုက်တာ ဂျုရိုင်းအီရှီကို ရင်ဆိုင်ခဲ့ရရာမှာ တတိယအချီပြီးဖို့ စက္ကန့် ၄၀ ကျော်အကျန် အီရှီရဲ့ အမြင့်ကန်ချက်မိပြီး အလဲထိုးခံလိုက်ရသလို အီရှိက ဘတ် ၃၅၀၀၀၀ ဆွတ်ခူးသွားနိုင်ခဲ့ပေမဲ့ ဒီနေ့ည ထိုင်းနိုင်ငံမှာကျင်းပနေတဲ့ One Friday Fights 129 မှာတော့ အောက်ချင်းလေးက ပြိုင်ဘက်ဂျပန်ဖိုက်တာကို အနိုင်ယူပြီး ဂျပန်ဖိုက်တာတစ်ဦးအပေါ်ရှုံးခဲ့တဲ့ ရှုံးကြွေးကို ပြန်ဆပ်နိုင်ခဲ့ပါတယ်။

ဒီနေ့ညမှာ ဟာလိမ်းအွန်ဟာ ဟာရုယုကိ တာနစ်စုနဲ့ ထိုးသတ်ခဲ့ရတာဖြစ်ပြီး တာနစ်စုက One မှာ ငါးပွဲထိုးထားရာမှာ လေးပွဲဆက်တိုက်နိုင်ပြီးမှ အိုင်ဆက် မိုဟာမက်ကို အလဲထိုးနဲ့ရှုံးခဲ့ပြီး ဟာလိမ်းအွန်နဲ့ တွေ့တာပါ။ ၂၂ နှစ်သာရှိသေးတဲ့ တာနစ်စုက အသက်ငယ်ပေမယ့် ကျန်တာတွေအကုန် အောက်ချင်းလေးထက် သာတယ်လို့ ဆိုနိုင်ပြီး ပွဲအစမှာတင် တိုက်စစ်ဆင်တာပါ။ အောက်ချင်းလေးကတော့ ပထမအချီမှာ အကဲကြည့်နေပြီး ထောက်လက်သီးတချို့ အမြင့်ကန်ချက်တချို့ပဲသုံးပေမဲ့ ထိချက်မှာတော့ အောက်ချင်းလေးသာခဲ့ပါတယ်။

ပထမအချီမှာ အကဲမသာတဲ့ တာနစ်စုက ဒုတိယအချီမှာ ပိုတိုက်စစ်ဖွင့်လာသလို အောက်ချင်းလေးက ပြန်အဆိုင်မှာ တာနစ်စု ဒုတိယအချီနဲ့ကွဲသွားပြီး တတိယအချီမှာတော့ ဟာလိမ်းအွန်အနည်းငယ်ကျပါတယ်။ ဒါပေမဲ့ ဒီနေ့ပွဲမှာ ဟာလိမ်းအွန်ကို အထူးချီးကျုးရမှာက အရင်ပွဲနဲ့မတူ ပါးနပ်သပ်ရပ်တဲ့ ကန်ချက်တွေ၊ တံတောင်တွေ၊ တစ်ပတ်လှည့်နောက်ပြန်ကန်ချက်တွေ အမှတ်ရအောင် လှလှပပ သုံးနိုင်ခဲ့တာပါ။ အထူးသဖြင့် တာနစ်စု ကုတ်ပိုးကိုချုပ်ပြီး ဒူးနဲ့တိုက်၊ တံတောင်နဲ့ရိုက်တဲ့ ရိုက်ချက်တွေဟာ တာနစ်စု သွေးချင်းချင်းနီခဲ့သလို ဒိုင်အားလုံးက တစ်ပြေးညီ အနိုင်ပေးချင်တဲ့ သတ်ကွက်တွေဖြစ်ခဲ့လို့ ပထမပွဲမှာ ဂျပန်ဖိုက်တာတစ်ယောက်ကို အလဲထိုးနဲ့ ရှုံးခဲ့တဲ့အရှုံးကို ဒီညမှာ ပြန်ပြီး အမှတ်နဲ့အနိုင်ရကာ လက်စားချေနိုင်ခဲ့တာပါ။

ဒီနေ့ည One Friday Fights 129 မှာ မြန်မာဖိုက်တာ ထွန်းမင်းအောင်ဟာ ထိုင်းဖိုက်တာ Tengnueng နဲ့ ခေါင်ပွဲထိုးသတ်မှာဖြစ်လို့ ပထမပွဲမှာ အောက်ချင်းလေးနိုင်သွားတာ မြန်မာပရိသတ်တွေအဖို့ရော ထွန်းမင်းအောင်အတွက်ပါ အားဖြစ်စေလို့ မကြာခင်ယှဥ်ပြိုင်ကြတော့မယ့် ထွန်းမင်းအောင်ပွဲက ပိုရင်ခုန်စွာ စောင့်မျှော်ချင်စရာပါ။
