◾️ တိုင်းပြည်ခွဲထွက်ရေးကို လုံးဝလက်မခံကြောင်းနှင့် ဒို့တာဝန်အရေးသုံးပါးကို တပ်မတော်အနေဖြင့် အလေးထားစောင့်ထိန်းလိုက်နာသွားမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား
◾️ အထူးသဖြင့် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအတွက် အရေးကြီးသဖြင့် ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြား
၁၇. ၁၀. ၂၀၂၅
Written by Nyein Kyaw
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် ကိုယ်စားလှယ်အဖွဲ့များက ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမ၌ လာရောက်ဂါရဝပြု တွေ့ဆုံသည်။



ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် ကိုယ်စားလှယ်အဖွဲ့များဖြစ်သည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဥက္ကဋ္ဌ စောမြရာဇာလင်း၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) စစ်ရေးချုပ် စောစိန်ဝင်း၊ ကရင်အမျိုးသားအစည်းအရုံး- ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) ဒုတိယဥက္ကဋ္ဌ ဒေါက်တာ နော်ကပေါ်ထူး၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) ဥက္ကဋ္ဌ ကျာဆော်လမွန်၊ မွန်ပြည်သစ်ပါတီ (NMSP) ဗဟိုကော်မတီဝင် နိုင်ဗညားမွန်၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) အတွင်းရေးမှူး(၁) စဝ်စိုင်းငင်းနှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် စဝ်ဆောင်းဟန်၊ NCA တွင် ပါဝင်လက်မှတ်ရေးထိုးသူ ဦးခွန်ဥက္ကာနှင့် ဦးမျိုးဝင်း၊ တိုင်းရင်းသားလက်နက်ကိုင် ကိုယ်စားလှယ် အဖွဲ့များက လာရောက်ဂါဝပြုတွေ့ဆုံခဲ့ခြင်းဖြစ်သည်။




တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆွေးနွေးပြောကြားရာတွင် မိမိ၏ NCA နှစ်ပတ်လည်နေ့မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည့်အတိုင်း အားလုံးက ဖြစ်ချင်တာထက် ဖြစ်နိုင်တာ၊ ဖြစ်သင့်တာကို ပိုမိုဦးစားပေးပြီး ဆောင်ရွက်သင့်ကြောင်း၊ အထူးသဖြင့် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအတွက် အရေးကြီးသဖြင့် ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ တိုင်းပြည်ခွဲထွက်ရေးကို တပ်မတော်အနေဖြင့် လုံးဝလက်မခံကြောင်း၊ ဒို့တာဝန်အရေးသုံးပါးကို တပ်မတော်အနေဖြင့် အလေးထား စောင့်ထိန်းလိုက်နာသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
လူအနည်းစု၏ သဘောထားကို အလေးထားရမည်ဖြစ်သော်လည်း လူအများစု၏ ဆန္ဒကိုလည်း အားလုံးက လေးစားလိုက်နာရမည်ဖြစ်ကြောင်း၊ ဖြစ်ချင်သည်ထက် ဖြစ်သင့်သည် ဖြစ်နိုင်သည်များကို ဆောင်ရွက်ခြင်းသည် နိုင်ငံတော်၏အကျိုးကို ဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။



မိမိတို့ နိုင်ငံအနေဖြင့် လွတ်လပ်ရေးရပြီးချိန်မှစတင်၍ ယနေ့အချိန်အထိလွတ်လပ်ရေး၏ အသီးအပွင့်ကို မခံစားရသေးကြောင်း၊ မိမိတို့နိုင်ငံနှင့် အကျယ်အဝန်းအရ၊ လူဦးရေအရ၊ စီးပွားရေးအခြေခံအရ တူညီသည့်နိုင်ငံများနှင့် နှိုင်းယှဉ်ပါက များစွာနောက်ကျကျန်နေကြောင်း၊ ထို့ကြောင့် အားလုံးက တိုင်းပြည်ကောင်းအောင် ဆက်လက်ဆောင်ရွက်သွားကြရန်လိုကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
တွေ့ဆုံပွဲသို့တက်ရောက်လာကြသည့် တိုင်းရင်းသား လက်နက်ကိုင် ကိုယ်စားလှယ်အဖွဲ့များက NCA လက်မှတ်ရေးထိုးထားသည့်သူများ ဖြစ်သည်နှင့်အညီ NCA လမ်းကြောင်းအတိုင်း နိုင်ငံအတွင်းငြိမ်းချမ်းရေးရရှိရေး ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည့်အခြေအနေများ၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ဆက်လက်ပါဝင်ဆောင်ရွက်သွားမည့် အခြေအနေများ၊ NCA လမ်းကြောင်း ပေါ်၌ နိုင်ငံတော်နှင့်တပ်မတော်၏ ဦးဆောင်မှုဖြင့် ခိုင်ခိုင်မာမာဆက်လက် လျှောက်လှမ်းသွားမည့်အခြေအနေများ၊ ရွေးကောက်ပွဲသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အရေးကြီးသည့်အခန်းကဏ္ဍတွင် ပါဝင်သဖြင့် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး အဘက်ဘက်မှ ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြမည့် အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်။
