◾️ထရမ့်ပ်ရဲ့ ကုန်သွယ်စည်းကြပ်ခွန်နဲ့ လျှော့ဈေးနဲ့ရတဲ့ ရုရှားရေနံအကြား အိန္ဒိယအစိုးရ အခက်တွေ့နေရ
၁၇.၁၀.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုမှာ သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ် ၂၀၂၅ နှစ်ဆန်းမှာ တက်လာခဲ့ပြီးတဲ့နောက် သူ့ရဲ့ ကမ္ဘာ့နိုင်ငံတွေအပေါ် ကုန်သွယ်စည်းကြပ်ခွန် တိုးမြှင့်ဖို့ကြေညာချက်တွေက နိုင်ငံတကာမှာ တကယ့်ကို လှုပ်လှုပ်ခတ်ခတ် ဂယက်ရိုက်စေခဲ့တာပါ။ အထူးသဖြင့် အမေရိကန်နဲ့ ကုန်သွယ်ဆက်ဆံမှုများတဲ့ မိမိ ပို့ကုန်တွေအတွက် အမေရိကန်ကို အဓိကအားထားတဲ့ နိုင်ငံတွေက ပိုလို့ ဆိုးခဲ့ရတာပါ။ ဒီလို ထရမ့်ပ်ရဲ့ ကုန်သွယ်စည်းကြပ်ခွန်တွေ တိုးမြှင့်မှုကို အဆိုးဝါးဆုံးခံရတဲ့နိုင်ငံတွေထဲမှာ အိန္ဒိယနိုင်ငံလည်း ပါဝင်ပါတယ်။
ထရမ့်ပ်က အိန္ဒိယနိုင်ငံမှ သွင်းကုန်တွေအပေါ် ကုန်သွယ်စည်းကြပ်ခွန် ၂၅ ရာခိုင်နှုန်းသတ်မှတ်ခဲ့တာပါ။ တစ်ခါ အိန္ဒိယအစိုးရအနေနဲ့ ထရမ့်ပ် က ရုရှားနိုင်ငံမှ ရေနံနဲ့သဘာဝဓာတ်ငွေ့တင်သွင်းမှုမပြုဖို့ တောင်းဆိုချက်ကို မလိုက်လျောတဲ့အတွက် ပြစ်ဒဏ်အဖြစ် ကုန်သွယ်စည်းကြပ်ခွန် ၂၅ ရာခိုင်နှုန်း ထပ်မံ သတ်မှတ်ကာ စုစုပေါင်း ၅၀ ရာခိုင်နှုန်းသတ်မှတ်ခဲ့တာပါ။
သန်း ၁,၄၀၀ ကျော်ရှိတဲ့ ကမ္ဘာ့လူဦးရေအများဆုံး အိန္ဒိယအနေနဲ့ သူ့နိုင်ငံရဲ့ပို့ကုန်တွေအပေါ် အမေရိကန်က ခုလို ကုန်သွယ်စည်းကြပ်ခွန် ၅၀ ရာခိုင်နှုန်း သတ်မှတ်မှုက သူရဲ့ ပို့ကုန်အတွက် များစွာထိခိုက်စေမှာပါ။ အိန္ဒိယနိုင်ငံရဲ့ ပို့ကုန်တွေအနက် ၂၀ ရာခိုင်နှုန်းနီးပါးက အမေရိကန်ပြည်ထောင်စုကို တင်ပို့တာပါ။ အမေရိ ကန် ပြည်ထောင်စုက အိန္ဒိယရဲ့ ကုန်သွယ်မှုအမြင့်မားဆုံးနိုင်ငံလည်းဖြစ်ပါတယ်။
ဒီအချိန်မှာ ယူကရိန်းစစ်ပွဲကြောင့် ရုရှားနိုင်ငံအပေါ် အနောက်အုပ်စုရဲ့ ပိတ်ဆို့မှုတွေ ပြုလုပ်ပြီးနောက်မှာတော့ အိန္ဒိယနိုင်ငံရဲ့ ရုရှားရေနံတင်သွင်းမှုက ၂၀၂၁-၂၂ ခုနှစ်မှာ တန်ချိန် ၄ သန်းသာရှိခဲ့ရာမှ ၂၀၂၄-၂၅ ခုနှစ်မှာတော့ တန်ချိန် ၈၇ သန်းကျော်အထိ တစ်ဟုန်ထိုး မြင့်တက်လာပါတယ်။ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုတွေနဲ့အတူ ရုရှားက ကမ်းလှမ်းလာတဲ့ လျှော့စျေးတွေ မြင့်တက်လာလို့လည်း သူ့ရဲ့ ရေနံစိမ်းက အိန္ဒိယ ရေနံကုမ္ပဏီတွေကို ပိုမိုဆွဲဆောင်မှုဖြစ်စေတာပါပဲ။
၂၀၂၁-၂၂ ခုနှစ်နောက်ပိုင်းမှာ ရုရှားရေနံကို ၂၀၂၂-၂၃ ခုနှစ်မှာ ၁၄ ဒသမ ၁ ရာခိုင်နှုန်း လျှော့စျေးနဲ့ ၂၀၂၃-၂၄ ခုနှစ် မှာ ၁၀ ဒသမ ၄ ရာခိုင်နှုန်း ပေးခဲ့တာကြောင့် အိန္ဒိယနိုင်ငံအဖို့ တစ်နှစ်ကို အကြမ်းဖျင်းအနေနဲ့ အမေရိကန်ဒေါ်လာ ၅ ဘီလျံ ဒါမှမဟုတ် တစ်နှစ်ကို သူ့ ရေနံစိမ်းတင်သွင်းမှုရဲ့ သုံးရာခိုင်နှုန်းမှ လေးရာ ခိုင်နှုန်းအထိ သက်သာစေခဲ့တာပါပဲ။
ဒီလိုအခြေအနေတွေကြောင့် အိန္ဒိယအစိုးရအဖို့ ဘေးကျပ်နံကျပ်ဖြစ်နေရတယ်လို့ ယူဆရချိန်မှာပဲ အမေရိကန်သမ္မတ ထရမ့်ပ်က အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီက ရုရှားမှရေနံဝယ်ယူမှုတွေကို အချိန်တိုအတွင်းရပ်ဆိုင်းပါမယ်လို့ သူနဲ့ ပုဂ္ဂိုလ်ရေးသဘောတူခဲ့ပြီလို့ အောက်တိုဘာလ ၁၅ ရက်က ပြောခဲ့ပါတယ်။
ဒီသတင်းနဲ့ပတ်သက်လို့ အတည်ပြုပြောကြားတာတော့ မရှိသေးပါဘူး။ ရုရှားအစိုးရကလည်း ဒီသတင်းကို သတိကြီးစွာထားပြီး တုံ့ပြန်ခဲ့သလို အိန္ဒိယအစိုးရကလည်း တစ်စုံတစ်ရာဝေဖန်ပြောကြားတာ မလုပ်ခဲ့ပါဘူး။
အိန္ဒိယအစိုးရ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက မိုဒီနဲ့ ထရမ့်ပ်တို့ကြားမှာ မနေ့က စကားစမြည် ပြောဆိုတယ်လို့ သူ့အနေနဲ့ သတိမထားမိဘူးလို့ အောက်တိုဘာလ ၁၆ ရက်မှာ ပြောကြားခဲ့ပါတယ်။
နယူးဒေလီရှိ ရုရှားသံတမန် ဒန်းနစ် အလီပေါ့ဗ် ကတော့ ရုရှားရေနံက အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးအတွက် အင်မတန်အကျိုးရှိစေသလို အိန္ဒိယပြည်သူတွေရဲ့ လူမှုဘဝကိုလည်း အကျိုးရှိစေတာဖြစ်ပါတယ်လို့ ပြောခဲ့ပါတယ်။
နယူးဒေလီမြို့အခြေစိုက် နိုင်ငံရေး၊ စီးပွားရေး၊လူမှုရေး လေ့လာသုံးသပ်သူပညာရှင်တွေအဖွဲ့ဖြစ်တဲ့ Centre for Policy Research က ပညာရှင် ပါသာ မူခိုပတ်ဟေးက “တကယ်လို့များ အိန္ဒိယက ရုရှား ရေနံမဝယ်တော့ဘူးလို့ ဆုံးဖြတ်ခဲ့ရင် ကမ္ဘာ့ရေနံဈေးနှုန်းကတော့ တက်လာနိုင်တယ်။ သွင်းကုန်စရိတ်တွေ ထပ်တိုးလာနိုင်ပါတယ်။ ဒီမှာ အိန္ဒိယနိုင်ငံအတွက်သာမက ကမ္ဘာတစ်ဝန်းက နိုင်ငံတွေမှာပါ စီးပွားရေးထိခိုက်လာနိုင်တယ်။ လျှော့စျေးနဲ့ ရုရှားရေနံစိမ်းကို ဝယ်ယူခြင်းက အိန္ဒိယရဲ့ စီးပွားရေးကို အထောက်အကူဖြစ်စေပြီး တစ်ချိန်တည်းမှာ ကမ္ဘာ့စျေးနှုန်းကို တည်ငြိမ်စေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
အိန္ဒိယအစိုးရအဖို့တော့ လက်ရှိအခြေအနေက တကယ့် ဘေးကျပ်နံကျပ်နဲ့ အခက်အခဲအခြေအနေလို့ ဆိုရမှာပါ။ ဘယ်လိုဖြစ်ဖြစ် သူ့အနေနဲ့ တစ်ခုခုကိုတော့ ပြတ်ပြတ်သားသား ဆုံးဖြတ်ရပါလိမ့်မယ်။ လျှော့စျေးနဲ့ရနေလို့ နိုင်ငံ့စီးပွားရေးအတွက်ပါ အထောက်အကူဖြစ်နေတဲ့ ရုရှားရေနံ ကို ဆက်လက် ဝယ်ယူပြီး အမေရိကန်ရဲ့ ဖိအားပေးမှုကို ရင်ဆိုင်မလား ဒါမှမဟုတ် ရုရှားနဲ့ မဟာမိတ် ဖြစ်မှုကို လျစ်လျူရှုပြီး အမေရိကန်ဖိအားက လွတ်စေဖို့ စျေးပိုကြီးတဲ့ အရှေ့အလယ်ပိုင်းနဲ့ အမေရိကန်ဆီက ရေနံ ပြောင်းလဲဝယ်ယူကာ ပြည်တွင်းလောင်စာဆီဈေးနှုန်းတွေ ပိုမိုမြင့်မားလာတာကို ရင်ဆိုင်မလား ပြတ်ပြတ်သားသား ဆုံးဖြတ်ရတော့မယ်လို့ ယူဆရပါတယ်။
Ref-BBC
