◾️ ဘာသာရေးနှင့် ဆက်နွှယ်သည့် နစ်နာမှုများရှိလာပါက ဥပဒေနှင့်အညီ ညှိနှိုင်းဆောင်ရွက်ပေးရန် အခြေခံမူများကို ချမှတ်ဆောင်ရွက်နေကြောင်းပါ ပြောကြား
၁၇. ၁၀. ၂၀၂၅
Written by Nyein Kyaw
မြန်မာနိုင်ငံက ပိုင်ဆိုင်သည့် မြေ၊ ရေ၊ လေကို တူညီစွာသုံးစွဲ နေထိုင်ကြသည့် မည်သည့်လူမျိုး၊ မည်သည့်ဘာသာဝင်ဖြစ်ပါစေ ပြည်ထောင်စုစိတ်ဓာတ်မွေးမြူပြီး နေထိုင်ကြရန်လိုကြောင်း မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရန်ကုန်မြို့တွင် ယနေ့ ကျင်းပသည့် ဟိန္ဒူဘာသာဝင်များ၏ ဒီပါဝလီအထိမ်းအမှတ် အခမ်းအနားတွင် ပြောကြားသည်။





မိမိတို့ မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံနှင့် မတူကွဲပြားသည့် ဘာသာရေးဆိုင်ရာ ယုံကြည်ကိုးကွယ်မှုမျိုးစုံ စုပေါင်းတည်ရှိသည့် နိုင်ငံဖြစ်ကြောင်း၊ နိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသူများ၏ ဘာသာရေးဆိုင်ရာ ယုံကြည်ကိုးကွယ်မှုနှင့် ပတ်သက်ပြီး တူညီသည့် အခွင့်အရေးများနှင့် လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ခွင့်ပြုပေးထားပြီးဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ကိုးကွယ်ယုံကြည်ရာ ဘာသာတရားအလျောက် ဘာသာရေးပွဲတော်များကိုလည်း အနှစ်သာရရှိရှိ ကျင်းပဆောင်ရွက်သွားကြရန် လွန်စွာအရေးကြီးကြောင်း ယာယီသမ္မတက ပြောကြားသည်။
မတူကွဲပြားသည့် သဘာသာဝင်များအကြား မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဆိုသည့် ဗြဟ္မစိုရ်တရားလေးပါးကို လက်ကိုင်ထားပြီး သင့်မြတ်စွာ စုစည်းနေထိုင်ရန်လိုအပ်ကြောင်း၊ “စုပေါင်းညီညာ အောင်ကြောင်းဖြာ” ဆိုသည့် စကားအတိုင်း ဘာသာပေါင်းစုံ စုစည်းညီညွတ်စွာ နေထိုင်နိုင်ရေးအတွက် အခြေခံမူများဖြစ်သည့် ဘာသာပေါင်းစုံက ဘာသာဝင်များအချင်းချင်း အပြန်အလှန်လေးစားပြီး အတူတကွ အေးချမ်းစွာ နေထိုင်သွားကြရန်၊ ဘာသာရေး၊ လူမှုရေး ပဋိပက္ခများကြောင့် ဒုက္ခရောက်နေသူများကို ကူညီစောင့်ရှောက်ရန်၊ ဘာသာရေးနှင့် ဆက်နွှယ်သည့် နစ်နာမှုများရှိလာပါက ဥပဒေနှင့်အညီ ညှိနှိုင်းဆောင်ရွက်ပေးရန် စသောကောင်းမွန်သည့် အခြေခံမူများကို ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း ယာယီသမ္မတက ပြောကြားသည်။






မိမိတို့သည် အမိမြေပေါ်တွင် အတူတကွကြီးပြင်းလာကြသူများ ဖြစ်သည့်အတွက် တစ်ဦး၏ယုံကြည်ရာ ဘာသာတရားကို အခြားတစ်ဦးက လေးစားကြရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံက ပိုင်ဆိုင်သည့် ဒီမြေ၊ ဒီရေ၊ ဒီလေကို တူညီစွာသုံးစွဲ နေထိုင်ကြသည့် မည်သည့်လူမျိုး၊ မည်သည့်ဘာသာဝင်ပင်ဖြစ်ပါစေ ပြည်ထောင်စုစိတ်ဓာတ်မွေးမြူပြီး နေထိုင်ကြရန်လိုကြောင်း၊ အဆိုပါစိတ်ဓာတ်ကိုအခြေခံပြီး အပြန်အလှန် ချစ်ကြည်ရင်းနှီးမှုများကတစ်ဆင့် မြန်မာနိုင်ငံ၏ အကျိုးကို ဝိုင်းဝန်းသယ်ပိုးကြဖို့လိုကြောင်း ယာယီသမ္မတက ပြောကြားသည်။
