၁၇.၁၀ ၂၀၂၅
Written by Hey Mar
Express ကားနဲ့ HIJET ကား နှစ်စီး မတော်တဆ တိုက်မိပြီး ဟိုက်ဂျက်ကား တိမ်းမှောက်ကာ ဆိုက်ကယ်တစ်စီးကို ထပ်တိုက်ရာက လွင့်စင်ထွက်သွားတဲ့ ဆိုင်စီးနင်းလာသူ အမျိုးသမီးကို အဆိုပါ Express ကားကပဲ ထပ်မံ ကြိတ်မိလို့ နေရာတင်သေဆုံးခဲ့သလို HIJET ကားပေါ်ပါ လူငါးဦး ပေါက်ပြဲ သွေးထွက်ဒဏ်ရာတွေ ရရှိခဲ့တဲ့ ဖြစ်စဉ် ဒီနေ့ အောက်တိုဘာ ၁၇ ရက်နေ့ မနက် ၁၁ နာရီ ဝန်းကျင်က မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေး အသင်းတွေမြေပြင်အကူအညီသွားရောက်စဉ် သိရှိရပါတယ်။
ဖြစ်စဉ်က မန္တလေးတိုင်း ဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ရှမ်းတဲလေတပ်ရှေ့အကျော်မှာ ကားနှစ်စီး လမ်းကြောလုရင်း မျက်နှာချင်းဆိုင် တိုက်မိရာက လူသေဆုံး ထိခိုက်ဒဏ်ရာရရှိတဲ့ သတင်းအရ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့အတူ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ နဲ့ လူမှုညီရေး အသင်းတွေက ထွက်ခွာကာ လူနာတွေကို မြေပြင်မှာ ရှေးဦးပြုစုပြီး ဆေးရုံ အမြန်တင်ပို့နိုင်ရေး ကူညီဆောင်ရွက်ပေးခဲ့ကြတယ်လို့ သိရပါတယ်။





ဖြစ်စဥ်မှာ ဒဏ်ရာရရှိတဲ့ လူနာ (၅)ဦးကို မိတ္ထီလာ ပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ်ဌာနဆီ ပြည်သာယာ လူမှုကူညီရေးအသင်း၊ သစ္စာရှင် လူမှုကူညီရေးအသင်း၊ မျိုးဆက်သစ်မြတ်ပါရမီ လူမှုကူညီရေးအသင်းနဲ့ ဝန်ဇင်းလူငယ် လူမှုကူညီရေးအသင်းက ယာဉ်တွေနဲ့ ဝိုင်းဝန်းပို့ဆောင်ပေးခဲ့ကြပါတယ်။
ဦးခေါင်းကြိတ်မိလို့ ကွဲကြေဒဏ်ရာနဲ့ သေဆုံးသူ အမျိုးသမီးဟာလည်း မိတ္ထီလာမြို့နယ်အပိုင် ရေတွင်းဖြူကျေးရွာကလို့ သိရှိရကာ ရုပ်အလောင်းကို သေချာစွာ ကောက်ယူ ထုပ်ပိုးပြီး နာရေးကူညီမှု အသင်းယာဉ်နဲ့ မိတ္ထီလာဆေးရုံကြီး ရင်ခွဲရုံဆီ ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာ ၁၆ ရက်နေ့ ညနေပိုင်းကလည်း
ရေသန့်ကားနဲ့ ဆိုင်ကယ်တိုက်မိပြီး ဆိုင်ကယ်တိုက်မိတဲ့ အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့တဲ့ ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ပါသေးတယ်။
အဆိုပါ ဖြစ်စဉ်က ညနေ ၆ နာရီဝန်းကျင်မှာ ဖြစ်ပွားခဲ့ပြီး မိတ္ထီလာမြို့၊ ကံကောင်းအမြန်လမ်းတံတားအကျော် မလှိုင်မြို့နယ်ဘက်ခြမ်းမှာ ဖြစ်ပွားခဲ့ပြီး ယာဉ်အောက်ကနေ ရုပ်အလောင်းကို ခက်ခက်ခဲခဲ ဆွဲဖြုတ်ထုတ်ယူရတယ်လို့ မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ ဝန်ဇင်းလူငယ် ပရဟိတ အဖွဲ့ တာဝန်ရှိသူက ဆိုပါတယ်။ သေဆုံးသူ အမျိုးသားက ရေချိုကျေးရွာက သိရှိရပြီး လူမှုကူညီရေးအသင်းက ဒီနေ့ အောက်တိုဘာ ၁၇ ရက်နေ့က နေရပ်ပြန်ပို့ရာ လူမမယ် ကလေးငယ် သုံးယောက်နဲ့ဇနီးကျန်ခဲ့ရစ်ခဲ့ တယ်လို့လည်း သိရှိရပါတယ်။
