၃၁. ၁၂. ၂၀၂၃
Written by Phyo Wei

ဗဟိုဘဏ်က နိုင်ငံခြားငွေလဲလှယ်နှုန်းကို မထိန်းချုပ်တော့ဘူးလို့ ကြေညာအပြီး ပြည်တွင်းရွှေဈေးကို အရင်လို ဗဟိုဘဏ်စျေးနဲ့ မဟုတ်ဘဲ ပြင်ပပေါက်စျေး တစ်ခုတည်းနဲ့ သတ်မှတ်တာကြောင့် ရည်ညွှန်းရွှေဈေးနှုန်းနဲ့ ပြင်ပရောင်းချတဲ့ ရွှေဈေးနှုန်းတွေ တစ်ပြေးညီဖြစ်ပေါ်လာတဲ့ ရက်သတ္တပတ်မှာပဲ ကားစျေးကျဖို့ မျှော်လင့်နေတဲ့ ပြည်သူတွေအတွက် ထူးမခြားနား ကားမူဝါဒထွက်လာခဲ့ပါတယ်။

တစ်ဖက်မှာလည်း ဒီဘဏ္ဍာနှစ်ဝက်မှာ ရင်းနှီးမြှုပ်နှံမှုတွေ မဝင်ရောက်ခဲ့တဲ့ သီလဝါအထူးစီးပွားရေးဇုန်ကို ရင်းနှီး မြှုပ်နှံမှုတွေ ပြန်လည်ဝင်ရောက်လာဖို့ စုံစမ်းမေးမြန်းမှုတွေ ရှိလာခဲ့ပြီဆိုတာနဲ့ ၂၀၃၀ ပြည့်နှစ်မှာ မြန်မာနိုင်ငံရဲ့ လျှပ်စစ်ဓာတ်အားလိုအပ်ချက်က ၁၄,၅၄၂ မဂ္ဂါဝပ် လိုအပ်လာမှာဖြစ်လို့ လာအို၊ တရုတ်၊ ထိုင်းနိုင်ငံတို့နဲ့ နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းစီမံကိန်းတွေ တည်ဆောက်ပြီး လျှပ်စစ်ဓာတ်အား ဝယ်ယူဖြည့်ဆည်းနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ပြောလာတဲ့ဖြစ်စဉ်တွေ ရှိခဲ့ပေမဲ့လည်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်အဖြစ်တော့ အမေရိကန်က ဖွင့်ချလာတဲ့ မြန်မာပြည်က အွန်လိုင်းလိမ်လည်မှုအကြောင်း၊ ထိုင်းနဲ့ ပေါင်းပြီး နှိမ်နင်းမဲ့ ကျားဖြန့်လိမ်လည်မှုတွေအကြောင်းနဲ့ SAC ကို ထောက်ခံမှုပြဖို့အတွက် ပြန်စတာလို့ သုံးသပ်ခံရတဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းအကြောင်းတွေကို သုံးသပ်တင်ပြချင်ပါတယ်။

အမေရိကန်ဖွင့်ချလာတဲ့ မြန်မာပြည်က အွန်လိုင်းလိမ်လည်စီးပွား

မြန်မာနိုင်ငံအတွင်း ရောက်ရှိအခြေစိုက်နေကြတဲ့ ဒုစရိုက်ဂိုဏ်းတွေက လူကုန်ကူးခေါ်ယူထားတဲ့သူတွေကို အဓမ္မဖိအားပေးခိုင်းစေကာ အွန်လိုင်းကနေ လိမ်ညာမှုအမျိုးမျိုးပြုလုပ်ပြီး အွန်လိုင်းပေါ်မှာရှိတဲ့ အမေရိကန်နိုင်ငံသားတွေဆီက ဒေါ်လာ သန်းနဲ့ချီ ရယူနေကြတယ်လို့ နိုင်ငံတကာသတင်းတွေက ဖော်ပြလာသလို အမေရိကန်ပြည်ထောင်စုက ပြည်ထောင်စု စုံစမ်းထောက်လှမ်းရေးဗျူရို (FBI) ရဲ့ စုံစမ်းထောက်လှမ်းတွေ့ရှိချက်တွေအရ ၂၀၂၀ ပြည့်နှစ်က အွန်လိုင်းလိမ်ညာမှုတွေမှာ လိမ်လည်ခံရတာကြောင့် ငွေကြေးဆုံးရှုံးမှု ဒေါ်လာ ၉၀၇ သန်းခန့်သာရှိခဲ့ရာက ၂၀၂၃ ခုနှစ်မှာ နိုဝင်ဘာလအထိစာရင်းတွေအရ ဒေါ်လာ ၂ ဒသမ ၉ ဘီလျံအထိ မြင့်တက်လာတာကို ကြောက်မက်ဖွယ်တွေ့ခဲ့ရတယ်လို့ အမေရိကန်နိုင်ငံဘက်က မြန်မာနိုင်ငံက အွန်လိုင်းလိမ်လည်မှုဒုစရိုက်လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ပြောလာတာကို တွေ့ရပါတယ်။

“ဒီလုပ်ရပ်တွေက တကယ့်ကို ပိပိရိရိ စည်းစနစ်ကျကျ လိမ်လည်မှုတွေပဲ။ အမေရိကန်ပြည်သူတွေရော။ တခြား ကမ္ဘာ့ပြည်သူတွေပါ ဒီလိမ်ညာမှုတွေကို ပိုလိုခံနေကြရတာ တွေ့လာနေရတယ်”လို့ FBI အထူးစုံထောက်တစ်ဦးဖြစ်တဲ့ ဂျိမ်းစ် ဘာနာကယ်လ်က သတိပေးခဲ့တာကိုလည်း တွေ့ရပါတယ်။

အွန်လိုင်းလိမ်လည်တဲ့ဂိုဏ်းတွေဟာ မြန်မာနိုင်ငံမှာ အခြေစိုက်နေတာကြောင့် နိုင်ငံတကာသတင်းတွေမှာ မြန်မာနိုင်ငံဆီ လူကုန်ကူးခံရတဲ့ ကမ္ဘာ့နိုင်ငံသား သိန်းချီရှိနေပြီလို့ မကြာခဏဖော်ပြနေတာကို လျစ်လျှူရှုခဲ့တာကြောင့် ဒီလျစ်လျှူရှုမှုကို အခွင့်ကောင်းယူပြီး မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့ဟာ အစိုးရကို အပုပ်ချ၊ ကျားဖြန့်တွေ နှိမ်နင်းမယ်ဆိုပြီး တိုက်ပွဲဖော်ဆောင်မှု လုပ်ဆောင်လာတာကြောင့် အစိုးရအတွက် နိုင်ငံရေးသိက္ခာထိခိုက်ရတဲ့အပြင် စစ်ရေးမှာပါ ပြင်းထန်တဲ့ဖိအားတွေများလာပြီး မြို့ပေါင်း ၂၀ ကျော် လက်လွှတ်ခဲ့ရတဲ့အခြေအနေအထိ ဖြစ်လာခဲ့တာကို တွေ့ရပါတယ်။ လက်ရှိမှာလည်း ရှမ်းပြည်နယ်မြောက်ပိုင်းက ကျားဖြန့်ရာဇဝတ်ဂိုဏ်းတွေကို နှိမ်နင်း၊ လူ ၄၀၀၀၀ ကျော်လောက် တရုတ်ကို ဖမ်းဆီးပြီး ပြန်ပို့ထားတာတောင် အွန်လိုင်းလိမ်လည်တဲ့ ကျားဖြန့်ရာဇဝတ်ဂိုဏ်းဝင် ၁၂၀၀၀၀ ကျော်ဟာ မြန်မာနိုင်ငံမှာ ရှိနေဆဲဖြစ်တယ်လို့ အမေရိကန်နဲ့ ကုလသမဂ္ဂက လေသံပစ်လာနေတာကို တွေ့ရပါတယ်။ ဒီအခြေအနေမှာ အစိုးရကသာ ဒီကျားဖြန့်ဂိုဏ်းတွေကို အားကြိုးမာန်တက် မနှိမ်နင်းရင် ရှမ်းမြောက်လိုဖြစ်စဉ်မျိုး ကရင်ပြည်နယ်ဘက် ထပ်ကြုံရနိုင်တာကို သတိချပ်ဖို့ လိုအပ်ပါတယ်။

ထိုင်းနဲ့ ပေါင်းပြီး နှိမ်နင်းမဲ့ ကျားဖြန့်

မြန်မာ-ထိုင်း နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုတွေ လုံခြုံအဆင် ပြေစေရေး တပ်မတော်နှစ်ရပ်အကြား လုံခြုံရေးပူးပေါင်းဆောင်ရွက်နိုင်ဖို့နဲ့ မြဝတီမြို့အနီး ပြုလုပ်နေတဲ့ အွန်လိုင်းလောင်းကစားမှုနဲ့ ငွေကြေးလိမ်လည်မှုတွေကို နှစ်နိုင်ငံ ပူးပေါင်းပြီး တိုက်ဖျက်ဖို့အတွက် နိုင်ငံတော်စီမံအုပ်ရေး ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ထိုင်းဘုရင့်တပ်မတော်၊ ပူးပေါင်းစစ်ဆင်ရေး ညွှန်ကြားရေးမှူး Lieutenant General Jakkapong Janpengpen ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲတို့ နေပြည်တော်မှာ ဒီဇင်ဘာ ၂၇ ရက်က တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ တွေ့ဆုံဆွေးနွေးရာမှာ နယ်စပ်ကုန်သွယ်မှုတွေ လုံခြုံချောမွေ့ အဆင်ပြေစေရေး၊ နှစ်နိုင်ငံအကြား နိုင်ငံရေးအရ၊ တပ်မတော်နှစ်ရပ်အကြား လုံခြုံရေးအရ ပူးပေါင်းဆောင်ရွက်မဲ့ အခြေအနေတွေ၊ လူသားချင်း စာနာထောက်ထားမှုနဲ့ အကူအညီပေးရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုကို တိုးမြှင့်ဆောင်ရွက်မဲ့ အခြေအနေ၊ သတင်းအချက်အလက် အပြန်အလှန်ဖလှယ်ရေးဆိုင်ရာတွေအပြင် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး၊ အွန်လိုင်းလောင်းကစားမှုနဲ့ ငွေကြေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်နေတဲ့ အခြေအနေကို ဆက်လက်တိုးမြှင့် ‌ဆောင်ရွက်ဖို့အပြင် အထူးသဖြင့် နှစ်နိုင်ငံနယ်စပ် မြဝတီမြို့အနီးမှာ အွန်လိုင်းလောင်းကစားမှုတွေနဲ့ ငွေကြေးလိမ်လည်မှုတွေ လုပ်ဆောင်နေတာကို စုံစမ်းသိရှိရတဲ့အတွက် နှစ်နိုင်ငံ ပူးပေါင်းတိုက်ဖျက်ဆောင်ရွက်မဲ့အခြေအနေတွေကို ဆွေးနွေးခဲ့ပါတယ်။

ဒီနေရာမှာ စဉ်းစားစရာက ရှမ်းပြည်နယ်မြောက်ပိုင်းက အွန်လိုင်းလိမ်လည်မှုဂိုဏ်းတွေဟာ နေရာရွှေ့တာနဲ့ ဖမ်းဆီးဖြိုခွင်းခံရတာကြောင့် ကုန်သလောက်ရှိသွားချိန်မှာ ကုလသမဂ္ဂက ကမ္ဘာပေါ်ရှိတဲ့ အွန်လိုင်းလိမ်လည်သူတွေရဲ့ ထက်ဝက်ကျော် ၁၂၀၀၀၀ လောက်က မြန်မာနိုင်ငံမှာ ရှိနေတယ်လို့ ပြောလာတာနဲ့ အမေရိကန်က သူ့နိုင်ငံသားတွေဆီက ငွေကြေးဒေါ်လာ ဘီလျံချီကို မြန်မာနိုင်ငံက အွန်လိုင်းလိမ်လည်ဂိုဏ်းတွေက လိမ်ယူနေတယ်လို့ ပြောလာတာပါ။ ရှမ်းမြောက်က ရာဇဝတ်ဂိုဏ်းတွေဟာ အမေရိကန်ယိမ်း ထိုင်း- မြန်မာနယ်စပ်ကို ရွှေ့သွားလား။ ဒါဆိုရင် ရှမ်းမြောက်က KNU ထိန်းချုပ်နယ်မြေ၊ BGF ထိန်းချုပ်နယ်မြေနဲ့ DKBA ထိန်းချုပ်နယ်မြေ ဘယ်နယ်မြေမှာ ကျားဖြန့်တွေများနေသလဲဆိုတာ တွေးစရာပါ။

လက်ရှိမှာတော့ KNU ထိပ်ပိုင်းခေါင်းဆောင်တွေပါဝင်ပတ်သက်နေတယ်ဆိုတဲ့ KK Park ၊ BGF ထိန်းချုပ်မှုအောက်က ရွှေကုက္ကိုလ်၊ DKBA ထိန်းချုပ်နယ်မြေအောက်က ရွှေမြစန္ဒီ ဒီလိုစီမံကိန်းတွေက ကျားဖြန့်တွေရှိနေတယ်လို့ သတင်းတွေထွက်နေတာပါ။ ဒီအထဲမှာ အင်အားအကောင်းဆုံး KNU ရဲ့ထိပ်ပိုင်းခေါင်းဆောင်တွေဟာ သူတို့တိုက်ရိုက်ပတ်သက်တယ်ဆိုတဲ့ KK Park တင်မက ရွှေကုက္ကိုလ်မှာပါ သူတို့ရဲ့ကျားဖြန့်အကျိုးစီးပွားတွေရှိနေတယ်လို့ဝေဖန်မှုရှိနေတာပါ။ သေချာတာကတော့ ဘယ်လိုအဖွဲ့အစည်းကမှ နိုင်ငံထက်ပိုအရေးမကြီးတဲ့အတွက် ဘယ်နေရာမှာရှိတဲ့ ကျားဖြန့်လုပ်ငန်းပဲဖြစ်ဖြစ် မြန်မာနိုင်ငံကိုမှီပြီး အကျိုးစီးပွားဆိုး ရှာနေတာကိုတော့ အပြင်းအထန်တိုက်ဖျက်ချိန် တန်နေပါပြီ ပြောရမှာပါ။

SAC ကို ထောက်ခံမှုပြဖို့ ပြန်စတဲ့ ကျောက်ဖြူ

မြန်မာနိုင်ငံရဲ့ အရှေ့မြောက်ပိုင်း၊ ရှမ်းပြည်နယ် မြောက်ဘက်ဒေသတွေအတွင်းက တိုက်ပွဲတွေမှာ မြန်မာအစိုးရကို ဆန့်ကျင်နေတဲ့ လက်နက်ကိုင်တွေအနေနဲ့ အရင်ကတရုတ်အစိုးရရဲ့စီမံကိန်းနဲ့နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းတွေကို မထိခိုက်မနှောင့်ယှက်ခဲ့ပါဘူး။ ဒါပေမဲ့ နွေဦးတော်လှန်ရေးစကတည်း NLD၊ NUG နဲ့ PDF တွေဟာ တရုတ်စီမံကိန်းမျိုးစုံကို တိုက်ခိုက်ဖျက်ဆီးခဲ့သလို မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့ဟာလည်း ၁၀၂၇ စစ်ဆင်ရေးမှာ တရုတ်နယ်စပ်ကုန်သွယ်မှုလမ်းကြောင်းကို ဆိုးဆိုးရွားရွားပြတ်တောက်စေတဲ့အပြင် ဒီလက်နက်ကိုင်တိုက်ခိုက်မှုတွေက ကျောက်ဖြူနဲ့ယူနန်ပြည်နယ် ဆက်သွယ်ထားတဲ့သဘာဝ ဓာတ်ငွေ့နဲ့ရေနံပိုက်လိုင်း နေရာအချို့ကိုလည်း တိုက်ခိုက်လာတာပါ။

တရုတ်အစိုးရဟာ ဒီဖြစ်စဥ်မှာ မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့ကို ပံ့ပိုးခဲ့တယ်လို့ ပြောဆိုခံရပေမဲ့လည်း ဒီလက်နက်ကိုင်တွေရဲ့ လုပ်ရပ်က တရုတ်ရဲ့အကျိုးစီးပွားကိုထိခိုက်စေသလို တရုတ် ပိုက်လိုင်းတွေကိုတိုက်ခိုက်မှုသာ ပိုဆိုးဝါးလာရင် BRI ကိုပါ ထိခိုက်လာနိုင်တဲ့အခြေအနေဖြစ်လာပါတယ်။ အခြားတစ်ဖက်မှာ SAC နဲ့ လက်နက်ကိုင်သုံးဖွဲ့အကြား ကြားဝင်ညှိနှိုင်းပေးမှုအဆင်မပြေဘဲ တိုက်ပွဲအရှိန်ဆက်လက်မြင့်တက်နေချိန်မှာ ကျောက်ဖြူဆိပ်ကမ်းပြန်စဖို့ မြန်မာအစိုးရနဲ့ နောက်ဆက်တွဲအကောင်အထည် ဖော်ရေးစာချုပ် လက်မှတ်ထိုးလိုက်တာပါ။

ကျောက်ဖြူရေနက်ဆိပ်ကမ်းအပါအဝင် တရုတ်အစိုးရရဲ့ BRI စီမံချက်က ယူနန်ပြည်နယ်၊ ကူမင်းမြို့ကနေ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့အထိ ကီလိုမီတာ ၁,၇၀၀ ကို မြန်မာနိုင်ငံအတွင်းက ဖြတ်သန်းပြီး ကားလမ်း၊ ရထားလမ်း၊ ရေနံပိုက်လိုင်း၊ သဘာဝဓာတ်ငွေ့ပိုက်လိုင်းတို့ကို ကနဦးမှာ အမေရိကန် ဒေါ်လာ ၁ ဒသမ ၃ ဘီလျံအကုန်အကျခံ ဆောင်ရွက်နေတာပါ။ တရုတ်နိုင်ငံရဲ့စွမ်းအင်လုံခြုံမှုရှိစေရေးပါ အရေးကြီးတဲ့ ဒီစီမံကိန်းက မြန်မာနိုင်ငံ မြောက်ပိုင်းက လက်နက်ကိုင်အဖွဲ့တွေနဲ့ တရုတ်အစိုးရတို့ ရင်းနှီးမှု၊ ဒီအဖွဲ့ တွေတည်ရှိမှုထက်ကို ပို အရေးကြီးတာပါ။ ဒါကြောင့်လည်း မြန်မာနိုင်ငံအတွင်း ပဋိပက္ခမှာတောင် နစက အစိုးရဘက်က ရပ်တည်သွားဖို့ရှိလာတဲ့ တရုတ်အစိုးရက ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်း အကောင်အထည် ဖော်မှုကို ဆက်လက် ဆောင်ရွက်ဖို့ နောက်ဆက်တွဲသဘောတူညီချက်ကို လက်မှတ်ရေးထိုးခြင်းနဲ့ ပြသလာတဲ့အခြေအနေဖြစ်ပါတယ်။ ကျောက်ဖြူရဲ့ လက်ရှိအကောင်အထည်ဖော်မှုဟာ ဦးသိန်းစိန်အစိုးရ၊ NLD အစိုးရဟောင်းနဲ့ နစကအစိုးရ သုံးဆက်တောင်ဆင့်ကဲပြီး အသေးစိတ်ဆွေးနွေးလုပ်ဆောင်လာတာမို့ ဒီစီမံကိန်းကသာ မြန်မာကို ကမ္ဘာ့အလယ်မှာ အချက်အခြာကျတဲ့ ဗဟိုချက်မဖြစ်လာစေခဲ့ရင် သားရွှေအိုးထမ်းလာသလိုမျိုးသာ အကောင်အထည်ဖော်နိုင်ခဲ့ရင် မြန်မာနိုင်ငံငြိမ်းချမ်းစွားတိုးတက်ဖို့လမ်းစဖြစ်လာမှာဖြစ်ပြီး ဒီလိုမျိုးဖြစ်ဖို့အတွက်တော့ နှောင့်ယှက်ဖျက်ဆီးနေတဲ့ အလုံးစုံပျက်သုဥ်းရေးသမားတွေလည်း ရှင်းလင်းနိုင်ဖို့လိုအပ်မှာပါလို့တင်ပြရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News