၃၁. ၁၂. ၂၀၂၃
Written by Min Mahar

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်ရှိ ကျုံးအရှေ့တောင်ထောင့် ၂၆ လမ်းနှင့် ၆၆ လမ်းထောင့်တွင် ယနေ့ညကျင်းပပြုလုပ်မည့် ၂၀၂၄ ခုနှစ် နှစ်သစ်ကြိုဆိုပွဲ Happy New Year ကို ပျော်ပွဲရွှင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပွဲတော်ကျင်းပနေစဉ်အတွင်း လမ်းအချို့ကိုလည်း ခေတ္တပိတ်ထားမည်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။

အဆိုပါ နှစ်သစ်ကူးကြိုဆိုပွဲတော်ကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူး၍ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်သည့်အတွက် ပွဲတော်အောင်မြင်စွာကျင်းပနိုင်ရေး၊ ပွဲတော်လာသောမြို့နေပြည်သူလူထုများ လုံခြုံစိတ်ချစွာပျော်ရွှင်နိုင်ရေး၊ ယာဉ်ကြောပိတ်ဆို့မှုမဖြစ်စေရေးနှင့် ယာဉ်အန္တရာယ် ကင်းဝေးစေရေးအတွက် ယနေ့(ဒီဇင်ဘာ ၃၁ ရက်) ညနေ ၆ နာရီမှ စတင်ကာ ပွဲတော်ပြီးဆုံးချိန်အထိ လမ်းပိတ်/လမ်းလွှဲမှုများ ပြုလုပ်ထားမည်ဖြစ်သည်။

 

ထို့ကြောင့် ၂၄ လမ်းနှင့် ၆၆ လမ်းဆုံ၊ ၂၆ လမ်းနှင့် ၆၅ လမ်းဆုံ၊ ၂၇ လမ်းနှင့် ၆၆ လမ်းဆုံ၊ ၂၆ လမ်းနှင့် ၆၈ လမ်းဆုံတို့တွင် လမ်းပိတ်ထား၍ မည်သည့်ယာဉ်မှ ဝင်ခွင့်ပြုမည်မဟုတ်ဘဲ ပွဲတော်လာ ပြည်သူလူထုများသာ ခြေလျင်ဝင်ရမည်ဖြစ်သည်။ ထို့အပြင်  ၁၉ လမ်းနှင့် ၆၆ လမ်းဆုံ၊ ၂၆ လမ်းနှင့် ၆၂ လမ်းဆုံ၊ လမ်း ၃၀ မှ ၆၆ လမ်းဆုံ၊ ၂၆ လမ်းနှင့် ၇၃ လမ်းဆုံတို့တွင် လမ်းလွှဲ၍ ပွဲတော်လာယာဉ်များနှင့် ၎င်းနေရာများ၌ နေထိုင်သည့် ယာဉ်များသာ ဝင်ခွင့်ပြုမည်ဖြစ်ပြီး ပွဲတော်ကျင်းပပြုလုပ်သည့် ၂၆ လမ်းနှင့် ၆၆ လမ်းဆုံကို ဖြတ်သန်းသွားမည့် ယာဉ်များဝင်ခွင့်မပြုဘဲ အခြားလမ်းလွှဲကနေ မောင်းသွားစေမည်ကြောင်း ထုတ်ပြန်အသိပေးကြေညာထားသည်။

နှစ်သစ်ကူးပွဲတွင် နိုင်ငံကျော်အနုပညာရှင်များ၏ သီဆိုတီးခတ်ဖျော်ဖြေခြင်းများ၊ Countdown ရေတွက်ခြင်းနှင့်အတူ နှစ်သစ်ကူးချိန်တွင် မီးရှူးမီးပန်းများပစ်ဖောက်ခြင်းများကို ကျင်းပသွားမည်ဖြစ်သဖြင့် မြို့နေပြည်သူများ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ရန်အတွက် ကဏ္ဍအလိုက် လစ်ဟာမှုမရှိစေဖို့ စနစ်တကျကြပ်မတ်ဆောင်ရွက်ထားကြောင်း ​တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦး ပြောပြချက်အရ သိရသည်။

ယင်းပွဲတော်၌ နိုင်ငံကျော်သရုပ်ဆောင် အဆိုတော်များဖြစ်ကြသော ဂျက်မြသောင်း၊ ထူးအယ်လင်း၊ သားစိုး၊ မယ်လိုဒီ၊ ဆူဇီ၊ ဇော်ကို၊ မီးနို၊ ထွန်းရတီ၊ ဂေးဂေး၊ ကေကေမိုး၊ ဇာနည်အောင်တို့နှင့် တွဲဖက်လျက် မန်းစည်ပင်ခေတ်ပေါ်တေးဂီတ၊ မြန်မာ့ရိုးရာဆိုင်းဝိုင်းတော်ကြီး၊ DJ အဖွဲ့တို့ဖြင့် တွဲဖက်ဖျော်ဖြေတင်ဆက်သွားမည် ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *