၃၁. ၁၂. ၂၀၂၃
Written by Nay Moe

အမျိုးသမီးငယ်နှစ်ဦးကို သတ်ဖြတ်လုယက်မှုအပါအဝင် လူ ၈ ဦးကို သတ်ဖြတ်၊ ဖောက်ခွဲမှု ၆ ကြိမ် ကျုးလွန်မှုနဲ့ သေဒဏ်ချခံထားရသူ Black Dragon Force Pyapon- BDFP အဖွဲ့ခေါင်းဆောင် စံလင်းစံဟာ ပုသိမ်ထောင်မှာ သေဆုံးသွားပြီလို့ ဒေသတွင်းသတင်းဖော်ပြချက်နဲ့ နီးစပ်သူတွေဆီက ကနဦး သိရပါတယ်။

မုန်းမေ့မရသီချင်းကို ရေးသားသီဆိုသူအဖြစ် လူသိများခဲ့တဲ့ စံလင်းစံဟာ BDPF အဖွဲ့ကို ဝဏ္ဏထွန်း (ခ) ရန်နိုင်နဲ့ဖွဲ့ပြီးနောက်မှာ ၂၀၂၁ ဇွန်လကနေ ၂၀၂၂ ဇန်နဝါရီအထိ ဖျာပုံအခွန်ရုံး၊ ရစဖမှူးနေအိမ်၊ Mytel တာဝါတိုင်၊ ယာဥ်ထိန်းရုံး၊ မြို့နယ်စီမံအုပ်ချုပ်ရုံး၊ အမှတ် (၁၆) ရပ်ကွက်ရုံးတွေ ဗုံးခွဲခဲ့သလို ၂၀၂၁ နိုဝင်ဘာကနေ ၂၀၂၂ ဩဂုတ်လအတွင်း ဖျာပုံမြို့ အမှတ် (၁၅) ရပ်ကွက်၊ ၈ လမ်းက အမျိုးသားတစ်ဦး၊ မအူပင်မြို့၊ အမှတ် (၁၀)ရပ်ကွက်၊ အောင်မြေသာစည်လမ်းက အမျိုးသားတစ်ဦး၊ မအူပင်မြို့ မလက်တိုရဲစခန်းက ရဲတပ်ဖွဲ့ဝင်တစ်ဦး၊ ဘိုကလေးမြို့နယ် ကျုံကျိုက်ရွာက ရစဖမှူးနဲ့ ဇနီးတစ်ဦး၊မအူပင်မြို့နယ် ခွာလေးကျွန်းရွာက အမျိုးသားတစ်ဦးနဲ့ ဖျာပုံမြို့နယ်၊ ချောင်းတွင်းကျေးရွာအနီးက KM စားသောက်ဆိုင်မှာ အမျိုးသမီးနှစ်ဦးကို သတ်ဖြတ်လုယက်မှုအပါအဝင် လူရှစ်ဦးကိုလည်း သတ်ခဲ့တာပါ။

ဒီအထဲမှာ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်က ဖျာပုံမြို့နယ်၊ ချောင်းတွင်းကျေးရွာအနီး၊ KM စားသောက်ဆိုင်မှာ စံလင်းစံတို့သတ်ပြီး ရွှေထည်ပစ္စည်းတွေကို လုယက်ယူဆောင်ခဲ့ချိန်က သေဆုံးသူအမျိုးသမီးနှစ်ဦးထဲက တစ်ဦးဟာ ဖျာပုံမြို့နယ်၊ အမှတ် ၁၅ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးက ဝန်ထမ်း မနှင်းဝေခိုင်နဲ့ သူငယ်ချင်းဖြစ်သူ မနိုးနိုးဝေ တို့ဖြစ်ပြီး စံလင်းစံဦးဆောင်တဲ့ PDF အမျိုးသား ၁၈ ဦးနဲ့ အမျိုးသမီး ၁ ဦးကို ၂၀၂၂ ခုနှစ် ဩဂုတ် ၂၉ ရက်ကနေ စက်တင်ဘာ ၁ ရက်အတွင်း ဖမ်းမိချိန်မှာ မနှင်းဝေခိုင်နဲ့ မနိုးနိုးဝေတို့ကို သတ်ဖြတ်လုယက်ချိန်က ယူဆောင်သွားတဲ့ ကျောင်းသားကတ် ၁ ခု၊ နိုင်ငံသားစိစစ်ရေးကတ် ၁ ခု၊ ဆွဲကြိုး ၁ ကုံး၊ ဟန်းချိန်း ၁ ခု၊ လက်ပတ်နာရီ ၁ လုံးတို့နဲ့အတူ ဖမ်းဆီးရမိခဲ့တာပါ။

ဒီလိုမျိုး ဖောက်ခွဲသတ်ဖြတ်လုယက်မှုတွေနဲ့ ဖမ်းဆီးခံရတဲ့ စံလင်းစံအပါအဝင် တရားခံ ၁၉ ဦးဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာမှာ သေဒဏ်နှစ်ကြိမ်ချခံရသူတွေအပြင် ထောင် ၂၅ နှစ်ကနေ ၄၅ နှစ်အထိပါ ချခံခဲ့ရပြီး ဖမ်းဆီးခံရမှု ၁၅ လခန့်အကြာမှာ ဖောက်ခွဲမှု ၆ မှုနဲ့ လူ ၈ ဦးသတ်ဖြတ်လုယက်မှုရဲ့ အဓိကတရားခံ စံလင်းစံဟာ ပုသိမ်ထောင်မှာ ဦးခေါင်းရေအိတ်တည်ရောဂါနဲ့ ဒီဇင်ဘာ ၂၉ ည ၃၀ ရက်က သေဆုံးခဲ့တယ်လို့ မိသားစုဝင်က မီဒီယာတွေကို ဖြေဆိုထားပါတယ်။

စံလင်းစံ ထောင်တွင်းမှာ သေဆုံးမှုနဲ့ပတ်သက်ပြီး သူနဲ့လက်တွဲလုပ်ခဲ့တဲ့ People Defence Force – Pyapon District ကလည်း “တာဝန်ကျေပါတယ်။ လွတ်လပ်စွာသွားနိုင်ပါပြီ”လို့ ဒီမနက်မှာ ရေးထားသလို သော်စည်ထင်ဆိုသူကလည်း စံလင်းစံဟာ ပုသိမ်အကျဥ်းထောင်မှာ ဆေးကုသခွင့်မရဘဲ သေခဲ့တာလို့လည်း ရေးသားထားတာတွေ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *