ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က ဒေါ်လာ ၁၈ သိန်းကျော် စိုက်ထုတ်ထားရဟု ရှင်းလင်း

MT News
၃၁. ၁၂. ၂၀၂၃

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရဲ့ ၂၀၂၃ ခုနှစ် ဝင်ငွေ ဒေါ်လာ ၅၅ သိန်းကျော်ရှိပေမဲ့လည်း သုံးငွေက ဒေါ်လာ ၆၂ သိန်းဖြစ်တာကြောင့် လိုငွေ ၇ သိန်းဝန်းကျင် ပေါ်ပေါက်နေပြီး အဲဒီအထဲမှာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်ကလည်း ဒေါ်လာ ၁၈ သိန်းကျော် စိုက်ထုတ်ထားရတယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌဒေါက်တာစိုင်းဆမ်ထွန်းက ၂၀၂၃ ခုနှစ်အတွက် ရငွေ/သုံးငွေ စာရင်းနဲ့ဘဏ္ဍာရေး အခြေအနေတွေကို ရှင်းလင်းပြောကြားပါတယ်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရဲ့ (၆) ကြိမ်မြောက်ညီလာခံ (6th MFF Congress 2023) ကို ဒီဇင်ဘာ ၃၀ ရက် နံနက် ၁၀ နာရီ က Video Conferencing နဲ့ ကျင်းပချိန်မှာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ အာရှဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ Shaikh Salman Bin Ebrahin1 Al Khalifa ၊ အာရှ ဘောလုံးအဖွဲ့ချုပ် အကြီးတန်း ဒုဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်၊ ဒုဥက္ကဋ္ဌဒေါက်တာစိုင်းဆမ်ထွန်းနဲ့ တာဝန်ရှိသူတွေ၊ မြို့နယ် ဘောလုံးအဖွဲ့ချုပ် ၁၉၀ က တာဝန်ရှိသူတွေ၊ မြန်မာနေရှင်နယ်လိဂ်နဲ့ ကလပ်အသင်းတွေက တာဝန်ရှိသူတွေနဲ့ အဖွဲ့ချုပ်ကော်မတီအသီးသီးက တာဝန်ရှိသူတွေ တက်ရောက်ချိန်မှာ ဒေါက်တာစိုင်းဆမ်ထွန်းက ရငွေသုံးငွေစာရင်းကို ရှင်းလင်းပြခဲ့တာဖြစ်ပါတယ်။

၂၀၂၃ ခုနှစ် ငွေစာရင်းရှင်း လင်းချက်အရ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌဦးဇော်ဇော်ရဲ့ စိုက်ထုတ်ငွေက အမေရိကန်ဒေါ်လာ ၁၈၂၅၅၃၃ အပါအဝင် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ရဲ့ ပံ့ပိုးငွေက အမေရိကန် ဒေါ်လာ ၁၈၅၇၈၈၄၊ အာရှဘောလုံးအဖွဲ့ချုပ်ရဲ့ ပံ့ပိုးငွေက အမေရိကန်ဒေါ်လာ ၆၀၉၉၀၆၊ အာဆီယံဘောလုံးအဖွဲ့ချုပ်ရဲ့ ပံ့ပိုးငွေက အမေရိကန်ဒေါ်လာ ၉၂၅၉၀၊ ဥရောပဘောလုံးအဖွဲ့ချုပ်ရဲ့ ပံ့ပိုးငွေက အမေရိကန်ဒေါ်လာ ၂၂၃၂၄၊ စပွန်ဆာနဲ့ အခြားဝင်ငွေအဖြစ် အမေရိကန်ဒေါ်လာ ၇၁၁၈၂၈ ရခဲ့တာကြောင့် ဝင်ငွေစုစုပေါင်းက အမေရိကန်ဒေါ်လာ ၅၅၁၇၄၈၀ ဖြစ်တယ်လို့ သိရပါတယ်။ လည်ပတ်သုံးစွဲငွေ စုစုပေါင်းက အမေရိကန် ဒေါ်လာ ၆၁၈၃၇၃၄ ဖြစ်တာကြောင့် လိုငွေအမေရိကန်ဒေါ်လာ ၆၆၆၂၅၅ ရှိကြောင်း တွေ့ရှိရတယ်လို့လည်း ဒေါက်တာစိုင်းဆမ်ထွန်းက ရှင်းပြပါတယ်။

ညီလာခံမှာ ၂၀၂၄ ခုနှစ်အတွက် ရငွေ/သုံးငွေ ကြိုတင်ရေးဆွဲတာကို ရှင်းလင်းတင်ပြတာ၊ ဆန္ဒမဲရေတွက်တာနဲ့ အတည်ပြုချက် ရယူတာစတဲ့ ကွန်ဂရက်အစီအစဉ်ကို ဆက်လက်ကျင်းပခဲ့သလို ဥပဒေရေးရာကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းစိန်ကလည်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အလုပ် အမှုဆောင်ရွေးကောက်ပွဲကို လာမဲ့ ၂၀၂၄ ခုနှစ် မတ် ၃၀ ရက်မှာ ကျင်းပမယ်လို့ ထည့်သွင်းကြေညာခဲ့ပါတယ်။

အမေရိကန်ဒေါ်လာ ၆၂ သိန်းခန့်သုံးစွဲငွေဟာ ကျပ် ၂၁ ဘီလျံခန့်ရှိပေမဲ့လည်း ၂၀၂၃ ခုနှစ်အတွင်း ဆီးဂိမ်းမှာ မြန်မာအမျိုးသမီးအသင်း ငွေဆုရခဲ့တာနဲ့ Hero Tri Nations Cup မှာ အမျိုးသားအသင်းငွေဆုရခဲ့တာကလွဲရင် ထူးခြားတဲ့အောင်မြင်မှုတော့ မရှိခဲ့တာလည်း မှတ်တမ်းတွေအရ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *