၃၁. ၁၂. ၂၀၂၃

Written by Nay Moe

မန္တလေးမြို့တွင် ပြင်းအား ၃ ဒသမ ၅ အဆင့်ရှိ မြေငလျင်တစ်ခု ယနေ့မွန်းလွဲပိုင်းက လှုပ်ခတ်သွားပြီး မြို့နေပြည်သူအများစု ခံစားသိရှိခဲ့ရကြောင်း သိရသည်။

ယနေ့(ဒီဇင်ဘာလ ၃၁ ရက်နေ့)မွန်းလွဲ ၁၂ နာရီ ၇ မိနစ်၊ ၃၉ စက္ကန့်အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ တောင်ဘက် ၁၆ မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း(စဉ့်ကိုင်မြို့၏ အရှေ့မြောက်ဘက် (၄) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် ၂၁ ဒသမ ၇၈ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒသမ ၁၃ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၃ ဒသမ ၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားသည်ဟု မိုးလေဝသနှင့်ဇလ ဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်ကြေညာထားကြောင်း သိရသည်။

” ငလျင်အင်အားကတော့ အသင့်တင့်တော့ရှိမယ်ထင်တယ်။ မလှုပ်ခင် လေတိုက်လို့ထွက်လာတဲ့အသံလိုပဲ ဝေါကနဲ အသံအရင်ကြားလိုက်ပြီးမှ ငလျင်လှုပ်တာပါ။ အိမ်တွေဆို တုန်ခါသွားတာပဲ။ လှုပ်ခတ်တယ်လို့ ခံစားလိုက်ရတာက ၂ ကြိမ်ပါ။ ပထမတစ်ကြိမ်လှုပ်ပြီး စက္ကန့်အနည်းငယ်လေးအကြာမှာ နောက်ထပ် ဒုတိယအကြိမ် နည်းနည်းထပ်လှုပ်သွားပါတယ်။ စျေးချိုမှာစျေးဆိုင်ဖွင့်ထားတဲ့အမဆို ဖုန်းဆက်လှမ်းပြောပြတာ စျေးထဲမှာ အသံကြီးက ဟိန်းထွက်သွားတာပဲလို့ပြောတယ်” ဟုမန္တလေးမြို့ နန်းရှေ့တွင် နေထိုင်သူတစ်ဦးမှ ဆိုသည်။

ငလျင်မှာ အင်အားနည်းသည့်ငလျင်ဖြစ်သော်လည်း မြေအောက်အနက် ၆ မိုင်ကျော်ရုံမှ လှုပ်ခတ်၍ အနက်တိမ်သည့်အတွက် ငလျင်ပြင်းအားကို သိရှိခံစားခဲ့ရခြင်းဖြစ်သည်။

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ မြရည်နန္ဒာတိုက်ခန်းတွင် နေထိုင်သူတစ်ဦးမှလည်း MT News သတင်းဌာနသို့ ” တိုက်ခန်းထဲ ဆိုတော့ ပိုသိသာတယ်။ တိုက်တွေပါ တော်တော်လှုပ်ခတ်သွားတာ။ တိုက်ကြီးဆို ရမ်းနေတာပဲ။ နောက်ဆက်တွဲဆက်လှုပ်မှာကြောက်လို့ အခုထိ တိုက်ပေါ်မတက်ရဲသေးဘူး။ မနှစ်က ဒီလိုဒီဇင်ဘာလထဲမှာပဲ ငလျင်တွေ ဆက်တိုက်လှုပ်ခတ်ခဲ့တာ။ ဒီနှစ်လည်း နောက်ဆက်တွဲငလျင်လှုပ်ခတ်မှာကြောက်တယ်” ဟု ပြောသည်။

ငလျင်လှုပ်ခတ်မှုနှင့် ပတ်သတ်ပြီး လူမှုကွန်ရက်စာမျက်နှာပေါ်တွင်လည်း အများစုက ရေးတင်ထားသည့်အတွက် မြို့နေပြည်သူအများစု ခံစားသိရှိခဲ့ရကြောင်း တွေ့ရသည်။ ထိုငလျင်လှုပ်ခတ်သွားမှုကြောင့် တစ်စုံတစ်ရာပျက်ဆီးထိခိုက်မှုဖြစ်သည်ကို မကြားသိရသေးဘဲ မိမိတို့ MT News သတင်းဌာနအနေဖြင့် ဆက်လက်စုံစမ်းလျက်ရှိပြီး ထိခိုက်ပျက်စီးမှုအခြေအနေများရှိခဲ့လျှင်လည်း ပြန်လည်တင်ပြပေးသွားမည် ဖြစ်သည်။

မန္တလေးမြို့နှင့် အနီးတစ်ဝိုက်ရှိ မြို့များတွင် ယမန်နှစ် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့၊ နံနက် ၃ နာရီခန့်က စတင်ကာ လှုပ်ခတ်သွားသော ငလျင်များကြောင့် ဘုရားစေတီပုထိုးများ မြေခခဲ့သည့်အပြင် နောက်ဆက်တွဲ ငလျင် ၁၀ ကြိမ်နီးပါးခန့် ဆက်တိုက်လှုပ်ခတ်ခဲ့သဖြင့် နေအိမ်အဆောက်အဦများ၊ လမ်းမီးတိုင်များနှင့် အခြားသောပျက်ဆီးဆုံးရှုံးမှုများလည်း ဖြစ်ပေါ်ခဲ့သေးသည်။ ထို့ကြာင့် မြို့နေပြည်သူများအနေဖြင့် ယခင်နှစ်များကဲ့သို့ နောက်ဆက်တွဲငလျင်များ လှုပ်ခတ်လာမည်ကို စိုးရိမ်ပူပန်နေကြကြောင်း MT News သတင်းဌာနအနေဖြင့် စုံစမ်းသိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *