၃၁. ၁၂. ၂၀၂၃

Written by Nay Moe

The Maze ကလပ်ကို စီးပွားရေးပစ်မှတ်အဖြစ်သတ်မှတ်ပြီး ဗုံးခွဲလိုက်တယ်လို့ Dark Shadow UG အဖွဲ့က ဒီနေ့ထုတ်ပြန်ပါတယ်။

ရန်ကုန်မြို့တွင်းကို မကြာခဏဗုံးခွဲနေတဲ့ Dark Shadow UG အဖွဲ့ဟာ ဒီဇင်ဘာ ၃၁ ရက် မနက် ၁ နာရီ ၂၃ မိနစ်အချိန်မှာ တာမွေမြို့နယ်၊ အရှေ့မြင်းပြိုင်ကွင်းလမ်းရှိ The Maze ကလပ်ကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ။ ဒီ The Maze ကလပ်ဟာတပ်နဲ့ ဆက်နွှယ်တဲ့ အသိုင်းအဝိုင်းကလူတွေ ပျော်ပွဲရွှင်ပွဲများ စီစဉ်ကျင်းပရာ နေရာဖြစ်ပြီး မူးယစ်ဆေးဝါး ရောင်းချ သုံးစွဲရာနေရာလည်းဖြစ်တာကြောင့် စီးပွားရေးဆိုင်ရာ ပစ်မှတ်အဖြစ် သတ်မှတ်ပြီး ဖောက် ခွဲတိုက်ခိုက်ခဲ့တာလို့လည်း ဆိုပါတယ်။

“ညက တစ်နာရီကျော်လောက်မှာ ပေါက်ကွဲသံအကျယ်ကြီး ကြားလိုက်ရတာ။ ဗုံးပေါက်သွားတာတော့ အမှန်ပဲ” လို့ တာမွေမြို့နယ်မှာ နေထိုင်သူတစ်ဦးက ဆိုပါတယ်။

Dark Shadow ဟာ ဒီဇင်ဘာ ၃ ရက်ကလည်း Dark Shadow နဲ့ မဟာမိတ် GOD / မြို့ပြတော်လှန်ရေးအင်အားစု ပူးပေါင်းပြီး မြောက်ဥက္ကာလာပမြို့နယ် ဝေဘာဂီမြို့သစ် အမှတ် ၄ ရပ်ကွက်က ဗိုလ်မှူး နေအိမ်၊ ဒီဇင်ဘာ ၉ ရက်မှာ အရှေ့မြင်းပြိုင်ကွင်းလမ်း Shwe Htut Tin Compound(Outdoor Area) Hexagon Complex မှာ ပြုလုပ်တဲ့ Waterzonic ပွဲ၊ ဒီဇင်ဘာ ၁၁ ရက်မှာ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်က ကြံ့ခိုင်ရေးရုံးတို့ကိုလည်း မိုင်းခွဲခဲ့ပြီး ဒီဖြစ်စဥ်တွေမှာ ပြည်သူတွေ ဗုံးစထိမှန်မှုတွေ ရှိခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *