၃၁. ၁၂. ၂၀၂၃

Written by Nyein Kyaw

ဒီဇယ်ဆီစျေးတိုးမြင့်လာမှုကြောင့် လက်ရှိဆီစျေးနှင့်လိုက်လျောညီထွေဖြစ်စေမည့် လက်မှတ်ခနှုန်းထားများကို တိုးမြင့်ရန်လိုအပ်လာသဖြင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁ ရက် (မနက်ဖြန်)မှစတင်၍ နှုန်းထားအသစ်ဖြင့် ပြောင်း လဲပြင်ဆင်သတ်မှတ်လိုက်ပြီး ယခင်ထက် လက်မှတ်ခဈေးနှုန်း ရာခိုင်နှုန်း ၄၀ ဝန်းကျင် မြင့်တက်မည်ဖြစ်ကြောင်း မော်လမြိုင်ဘူတာကြီးမှ ယနေ့တွင် အသိပေးကြေညာထားသည်။

ပြင်ဆင်သတ်မှတ်လိုက်သည့် လက်မှတ်နှုန်းထားများအရ လေအိတ်ရထားအထူးတန်းအတွက် လက်မှတ်ဈေးနှုန်း ၇,၀၅၀ ကျပ်မှ ၁၁,၀၀၀ ကျပ် သတ်မှတ်ခဲ့သဖြင့် ၃,၉၅၀ ကျပ် (၃၅ ရာခိုင်နှုန်း) တိုးမြှင့်ခဲ့ခြင်းဖြစ်ပြီး ရိုးရိုးတန်းအတွက် လက်မှတ်ဈေးနှုန်း ၃,၅၀၀ ကျပ်မှ ၆,၀၀၀ ကျပ် သတ်မှတ်ခဲ့သဖြင့် ၂,၅၀၀ ကျပ် (ရာခိုင်နှုန်း ၄၀) တိုးမြှင့်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

“ဒီဇယ် လက်ရှိပေါက်ဈေးက တစ်ဂါလန်ကို ၁၀,၀၀၀ နဲ့ ၁၁,၀၀၀ လောက်ဝယ်ရတယ်။ အရင် လက်မှတ်ခ ၇,၀၅၀ တုန်းက ဒီဇယ်ဈေးက တစ်ဂါလန်ကို ၆,၃၅၀ ပဲရှိတယ်။ ဒီဇယ်က နိုင်ငံတော်ကပဲဝယ်ရတာ အရင်တုန်းကလိုမျိုး ဝန်ကြီးဌာနဈေးနဲ့ မပေးတော့ဘူး။ အပြင်ပေါက်ဈေးနဲ့ပဲ ပေးတော့တယ်” ဟု မော်လမြိုင်ဘူတာကြီးမှ တာဝန်ရှိသူက MT News သို့ ပြောကြားသည်။

ယခုလက်မှတ်နှုန်းထားအသစ်အရ လေအိတ်ရထား အထူးတန်းအတွက် မော်လမြိုင်- ရန်ကုန် ၁၁၀၀၀ ကျပ်၊ မော်လမြိုင်-ပဲခူး ၈၀၀၀ကျပ်နှင့် ကြားဘူတာများအတွက်မူ ခရီးစဉ်အကွာအဝေးအပေါ်မူတည်ကာ အနည်းဆုံး ၁၀၀၀ ကျပ်မှ ၇၀၀၀ ကျပ် အထိ ကျသင့်မည်ဖြစ်သည်။

လေအိတ်ရထား ရိုးရိုးတန်း မော်လမြိုင်- ရန်ကုန် ၆၀၀၀ကျပ်၊ မော်လမြိုင်-ပဲခူး ၄၀၀၀ကျပ်၊ မော်လမြိုင်-ဝေါ ၄၀၀၀ကျပ်နှင့် ကြားဘူတာများအတွက်မူ ခရီးစဉ်အကွာအဝေးအပေါ်မူတည်ကာ အနည်းဆုံး ၁၀၀၀ ကျပ်မှ ၃၀၀၀ ကျပ် အထိ ကျသင့်မည်ဖြစ်သည်။

ရိုးရိုးရထား (AAR) အထက်တန်း မော်လမြိုင်- ရန်ကုန် ၁၀၀၀၀ကျပ်၊ မော်လမြိုင်-ပဲခူး ၈၀၀၀ကျပ်၊ မော်လမြိုင်-ဝေါ ၇၀၀၀ကျပ်နှင့် ကြားဘူတာများအတွက်မူ ခရီးစဉ်အကွာအဝေးအပေါ်မူတည်ကာ အနည်းဆုံး ၁၀၀၀ ကျပ်မှ ၆၀၀၀ ကျပ် အထိ ကျသင့်မည်ဖြစ်သည်။

ရိုးရိုးရထား(AAR) ရိုးရိုးတန်း မော်လမြိုင်- ရန်ကုန် ၅၀၀၀ကျပ်၊ မော်လမြိုင်-ပဲခူး ၄၀၀၀ကျပ်၊ မော်လမြိုင်-ဝေါ ၄၀၀၀ကျပ်နှင့် ကြားဘူတာများအတွက်မူ ခရီးစဉ်အကွာအဝေးအပေါ်မူတည်ကာ အနည်းဆုံး ၁၀၀၀ ကျပ်မှ ၃၀၀၀ ကျပ်အထိ ကျသင့်မည်ဖြစ်သည်။

လေအိတ်ရထားသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအတွင်း “စုံ” ရက်များတွင် ပြေးဆွဲပေးသွားမည်ဖြစ်ပြီး ရိုးရိုးရထားAAR သည် “မ” ရက် များအတွင်း တစ်လှည့်စီပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *