၂.၁၁.၂၀၂၆
Written by NYL
ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ်ရှိ အလုပ်သမားဆေးရုံ (ထန်းတပင်) တွင် နာတာရှည် ကျောက်ကပ်ရောဂါ ခံစားနေရသော အာမခံအလုပ်သမားလူနာများအား ကျောက်ကပ်သွေး သန့်စင်ဆေးကြောသည့် ဝန်ဆောင်မှုစတင်လျက်ရှိရာ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်သည် နိုဝင်ဘာ ၁ ရက်က ပြင်ပလူနာကုသမှု၊ ဆေးရုံတက်လူနာကုသမှုများနှင့် ကျောက်ကပ်သွေးသန့်စင် ဆေးကြောသည့် ဝန်ဆောင်မှုစတင်ဆောင်ရွက်နိုင်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
နာတာရှည်ကျောက်ကပ်ရောဂါ ခံစားနေရသော လူနာများပြားလာသည့်အတွက် လှိုင်သာယာမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ အင်းစိန်မြို့နယ်နှင့် ထန်းတပင်မြို့နယ်တို့မှ ကျောက်ကပ်ရောဂါခံစားနေရသော အာမခံအလုပ်သမားလူနာများအနေဖြင့် အလုပ်သမားဆေးရုံကြီး(ရန်ကုန်)သို့ သွားရောက်ရန် မလိုအပ်တော့ဘဲ အလုပ်သမားဆေးရုံ(ထန်းတပင်)တွင် ကျောက်ကပ်သွေးသန့်စင်ခြင်းဝန်ဆောင်မှုကို လွယ်ကူစွာရယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် အလုပ်သမားဝန်ကြီးသည် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် ရွှေလင်ပန်းစက်မှုဇုန်ရှိ လူမှုဖူလုံရေးအဖွဲ့နှင့် စာချုပ်ချုပ်ဆိုဆောင်ရွက်ပြီး အာမခံအလုပ်သမားများအား ကျန်းမာရေး ဝန်ဆောင်မှုပေးအပ်နေသည့် လူမှုဖူလုံရေး-စံရတနာ ဆေးရုံ၌ ဆေးရုံ၏ ပြင်ပလူနာကုသမှုများ၊ သားဖွားမီးယပ်ပြင်ပလူနာကုသမှု၊ မီးဖွားဝန်ဆောင်မှုများ၊ ဓာတ်ခွဲ၊ ဓာတ်မှန်ဝန်ဆောင်မှုများ ဆောင်ရွက်လျက်ရှိမှုများကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် အကျုံးဝင်အာမခံအလုပ်သမား ၁၀၂၉၅၆၃ ဦး၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် အလုပ်သမားဆေးရုံကြီး (ရန်ကုန်)၊ အလုပ်သမားဆေးရုံ (ထန်းတပင်)၊ မြို့နယ်လူမှုဖူလုံရေးဆေးခန်း ၂၂ ခန်း၊ တိုင်းရင်းဆေးကုခန်း တစ်ခန်း၊ ဌာနကြီးဆေးခန်း ၂၁ ခန်း၊ စာချုပ်ဆေးခန်း ၅၂ ခန်း၊ မီးဖွားခြင်းဝန်ဆောင်မှုဆောင်ရွက်သည့် စာချုပ်ဆေးရုံ၊ သားဖွားခန်း ငါးခန်းတို့ဖြင့် ဆောင်ရွက်လျက်ရှိပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး၌ လူနာပြသသည့် အကြိမ်ရေ ၆၉၇၅၈၂ အတွက် ဆေးကုသမှုဆောင်ရွက်ပေးနိုင်ခဲ့ကာ ဆေးဖိုးတင်ပြတောင်းခံသည့် အကြိမ်ရေ ၂၂၁၉၆ အတွက် ကျပ်သန်း ၂၄၆၂ ဒသမ ၄၂၅ ပေးအပ်နိုင်ခဲ့ကြောင်း သိရသည်။
လူမှုဖူလုံရေးအဖွဲ့မှ လူမှုဖူလုံရေးစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မြို့နယ်ပေါင်း ၁၃၆ မြို့နယ်ရှိ အကျုံးဝင်အာမခံအလုပ်သမား ၁ ဒသမ ၃၇ သန်းခန့်၏ ကျန်းမာရေး စောင့်ရှောက်မှုအတွက် လက်ရှိအခြေအနေတွင် လူမှုဖူလုံရေးအဖွဲ့ ပိုင်ဆေးရုံကြီး သုံးရုံ၊ မြို့နယ်လူမှုဖူလုံရေး ဆေးခန်း ၉၆ ခန်း၊ ဌာနကြီးဆေးခန်း ၆၂ ခန်း၊ စာချုပ်ဆေးခန်း ၇၁ ခန်း၊ သားဖွားမီးယပ် ဝန်ဆောင်မှုဆောင်ရွက်နေသော ဆေးခန်း ရှစ်ခန်း၊ တိုင်းရင်းဆေးခန်း တစ်ခန်းတို့အပြင် ရွေ့လျားဆေးကုသယာဉ်လေးစီးဖြင့် အလုပ်ဌာနအရောက် ကွင်းဆင်းဆေးကုသခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
