သက်တံ့
၂. ၁၁.၂၀၂၆
အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်၊ ပမ်းလ်ဘီးချ်ခရိုင် (Palm Beach County) ရှိ မိုဘိုင်းဟုမ်း (Mobile Home) လူနေရပ်ကွက်အတွင်းသို့ တနင်္ဂနွေနေ့က ပုဂ္ဂလိကဂျက်လေယာဉ်တစ်စင်း ပျက်ကျခဲ့ပြီး ပေါက်ကွဲမီးလောင်သွားခဲ့ရာ အိမ်များနှင့် ပင်မကားလမ်းမကြီးအနီးတွင် ကြီးမားသော မီးလုံးကြီး လျှံထွက်သွားခဲ့ကာ လေယာဉ်ပေါ်ပါရှိသူ ၉ ဦးစလုံး သေဆုံးသွားခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ပို့ဆောင်ရေးဝန်ကြီး ဆန်း ဒပ်ဖီ (Sean Duffy) က ယင်းဖြစ်စဉ်သည် “ဆိုးရွားလှသည့် ဝမ်းနည်းဖွယ်ဘေးဒုက္ခ” ဟု X (တွစ်တာ) ပို့စ်တွင် ဖော်ပြခဲ့ပြီး လူသေဆုံးမှုများကို အတည်ပြုခဲ့သည်။
တနင်္ဂနွေနေ့ မွန်းလွဲပိုင်းအထိ သေဆုံးသူများ၏ မည်သူမည်ဝါဖြစ်ကြောင်းကို တရားဝင် ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။
အမေရိကန် ဖက်ဒရယ် လေကြောင်းကွပ်ကဲရေးအဖွဲ့ (FAA) က သတင်းဌာန Newsweek သို့ အီးမေးလ်မှတစ်ဆင့် ပြောကြားချက်အရ အဆိုပါ လေယာဉ်သည် ခရက်စ်ဟက်ဗန် (Cresthaven) အနီးရှိ လူနေရပ်ကွက်အတွင်းသို့ ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီ မိနစ် ၅၀ ခန့်တွင် ပျက်ကျခဲ့ခြင်းဖြစ်သည်။

လေယာဉ်သည် တက်ဆပ်စ်ပြည်နယ်၊ အော်စတင်-ဘာ့ဂ်စထရောင်း အပြည်ပြည်ဆိုင်ရာလေဆိပ် (Austin-Bergstrom International Airport) မှ ထွက်ခွာလာခြင်းဖြစ်ပြီး ဘဟာမားနိုင်ငံရှိ နော့သ် အယ်လူသီရာ လေဆိပ် (North Eleuthera Airport) သို့ ဦးတည်ပျံသန်းနေခြင်း ဖြစ်သည်။ FAA ၏ ထုတ်ပြန်ချက်တွင် အဆိုပါအချက်အလက်များသည် ပဏာမအဆင့်သာရှိသေးပြီး ပြောင်းလဲမှုများ ရှိနိုင်ကြောင်း ဖော်ပြထားသည်။
ဖလော်ရီဒါပြည်နယ်အုပ်ချုပ်ရေးမှူး ရွန် ဒီဆန်းတစ် (Ron DeSantis) က မြေပြင်ပေါ်ရှိ မည်သူမျှ ထိခိုက်ဒဏ်ရာရရှိခြင်း သို့မဟုတ် သေဆုံးခြင်းဆိုင်ရာ ချက်ချင်းအကြောင်းကြားချက် မရှိသေးကြောင်း ပြောကြားခဲ့သည်။
”ဒါဟာ အင်မတန် ပြင်းထန်ဆိုးရွားတဲ့ လေယာဉ်ပျက်ကျမှုပါ။ လေယာဉ်ဟာ ဒုံးပျံတစ်စင်းလိုမျိုး အောက်ကို ထိုးစိုက်ကျသွားပြီး လမ်းဘေးမှာ ကျင်းကြီးတစ်ခု ဖြစ်သွားခဲ့တယ်” ဟု ဖြစ်စဉ်ဖြစ်ပွားရာနေရာရှိ သတင်းထောက်များကို ၎င်းက ပြောကြားခဲ့သည်။
◾ ဖလော်ရီဒါ လေယာဉ်ပျက်ကျမှုတွင် ဘာများဖြစ်ပျက်ခဲ့သနည်း
ပမ်းလ်ဘီးချ်ခရိုင် ရဲမှူးရုံး၏ အဆိုအရ လေယာဉ်သည် ခရက်စ်ဟက်ဗန် ဘိုလီးဗား (Cresthaven Boulevard) နှင့် 10th Avenue North ကြားရှိ မီလီတာရီ ထရေးလ် (Military Trail) လမ်းမကြီးအနီးသို့ ပျက်ကျခဲ့ခြင်း ဖြစ်သည်။

လူမှုကွန်ရက်ပေါ်ရှိ လေယာဉ်ပျက်ကျမှု ရုပ်သံမှတ်တမ်းများတွင် လေယာဉ်သည် လမ်းမကြီးနှင့် အနီးနားရှိ အိမ်များအနီး မြေပြင်သို့ မတ်မတ်ထိုးစိုက်ကျသွားအပြီး မီးလုံးကြီးတစ်လုံး လျှံထွက်လာကာ ပေါက်ကွဲ မီးလောင်သွားသည်ကို တွေ့ရသည်။
ပျက်ကျမှုကြောင့် ကတ္တရာလမ်းပေါ်တွင် ကျင်းကြီးတစ်ခု ဖြစ်သွားခဲ့ပြီး ဓာတ်တိုင်အနီးတွင် မီးတောက်များ ထွက်ပေါ်ကာ ထူထပ်သော မီးခိုးနက်များ ကောင်းကင်သို့ အုံ့ဆိုင်းသွားခဲ့သည်။ ဒေသခံများ စုဝေးကြည့်ရှုနေကြစဉ် မီးလောင်နေသော ကတ္တရာတုံးများ လွင့်စင်နေသည်ကိုလည်း တွေ့ရသည်။
အဆိုပါ မိုဘိုင်းဟုမ်း ရပ်ကွက်ပတ်ဝန်းကျင်တွင် မီးလောင်မှုများနှင့် လေယာဉ် အပျက်အစီးများ ပြန့်ကျဲနေမှုအပါအဝင် ကြီးမားသော ပျက်စီးဆုံးရှုံးမှုများကို တွေ့မြင်ခဲ့ရကြောင်း Palm Beach Post သတင်းစာက ဖော်ပြခဲ့သည်။
ပမ်းလ်ဘီးချ်ခရိုင် ရဲမှူးရုံး၏ အဆိုအရ အဆိုပါဒေသရှိ မီလီတာရီ ထရေးလ် လမ်းမကြီးအား လမ်းကြောင်းနှစ်ဖက်လုံး ပိတ်ထားခဲ့ပြီး ယာဉ်မောင်းများအနေဖြင့် ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ မလာရောက်ကြရန်နှင့် အခြားလမ်းကြောင်းများကို အသုံးပြုကြရန် အသိပေးထားသည်။ ပမ်းလ်ဘီးချ်ခရိုင် တာဝန်ရှိသူများက အဆိုပါဒေသရှိ ပြည်သူ ၆၀၀ ခန့်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့သည်။
လေယာဉ်ပျက်ကျမှုသည် အဆိုပါဒေသတွင် မိုးရွာသွန်းနေစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံနိုင်ခြေရှိသည့် သတိပေးချက်ကို တနင်္လာနေ့မွန်းလွဲပိုင်းအထိ ထုတ်ပြန်ထားကြောင်း အမျိုးသား မိုးလေဝသဌာနက ပြောကြားခဲ့သည်။
◾ မပျက်ကျမီ လေယာဉ်အောက်သို့ ထိုးစိုက်ဆင်းသွားခဲ့
လေယာဉ်သည် အမြင့်ပေ ၃၅,၀၀၀ တွင် အရှေ့ဘက်သို့ ဦးတည်ပျံသန်းနေစဉ် လေယာဉ်မှူးများက လေထုအပြင်းအထန်လှုပ်ခါမှု (Turbulence)၊ ရေခဲရိုက်မှု (Icing) နှင့် မိုးရွာသွန်းမှုတို့ ကြုံတွေ့နေရကြောင်း သတင်းပို့ခဲ့ပြီး အမြင့်ပေ ၂,၀၀၀ ထပ်မံတက်ရောက်ရန် တောင်းဆိုခဲ့သည်။
သို့သော်လည်း လေယာဉ်သည် ယင်းသို့တောင်းဆိုပြီးနောက် တစ်မိနစ်လျှင် ပေ ၃၀,၀၀၀ နှုန်းအထိ (လေယာဉ်၏ ခံနိုင်ရည်ဒီဇိုင်း ကန့်သတ်ချက်ထက်ကျော်လွန်၍) အောက်သို့ ထိုးစိုက်ကျဆင်းသွားခဲ့ကြောင်း လေကြောင်းထိန်းသိမ်းရေး ရေဒီယိုအသံမှတ်တမ်းများနှင့် ပျံသန်းမှုစောင့်ကြည့်ရေး ဒေတာများကို ကိုးကား၍ Associated Press က ဖော်ပြခဲ့သည်။
LiveATC.net မှ ဖမ်းယူရရှိခဲ့သည့် အသံမှတ်တမ်းများအရ မပျက်ကျမီ မိနစ်ပိုင်းအလိုတွင် လေယာဉ်မှူးက လေယာဉ်ပေါ်တွင် ရေခဲများ ကပ်လာကြောင်းနှင့် လေယာဉ်အား ပေ ၇၀၀ အထိ ခါယမ်းစေသော လေထုလှုပ်ခါမှုများနှင့် ကြုံတွေ့နေရကြောင်း သတင်းပို့ခဲ့သည်။
”ကျွန်တော်တို့ ပေ ၈,၀၀၀ အထိ ကျဆင်းနေပါတယ် – “Mayday, Mayday, Mayday” (အရေးပေါ်အကူအညီတောင်းခံမှု) ကျွန်တော်တို့ တစ်မိနစ်ကို ပေ ၁၀,၀၀၀ နှုန်းနဲ့ ကျဆင်းနေပါတယ်” ဟု အရေးပေါ်အခြေအနေ ကြေညာခဲ့သည့် လေယာဉ်မှူးက ရေဒီယိုမှတစ်ဆင့် အကြောင်းကြားခဲ့သည်။
လေယာဉ်မှူးက “ကျွန်တော်တို့ တစ်မိနစ်ကို ပေ ၂၀,၀၀၀ ကျဆင်းနေပြီး အရှိန်လွန်ကဲတဲ့ အခြေအနေမှာ ရောက်နေပါတယ်” ဟု ပြောကြားမှုမဆုံးမီ “ကျွန်တော်တို့ မြေပြင်ကို ပျက်ကျတော့မယ်” ဟု ဆက်လက်ပြောကြားခဲ့သည်။
ပျက်ကျသည့်နေရာသည် ဝက်စ်ပမ်းလ်ဘီးချ် လေဆိပ်၏ တောင်ဘက် ၄ မိုင်ခန့်အကွာတွင် ရှိသည်။ သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်သည် တနင်္ဂနွေနေ့အစောပိုင်းက ဝက်စ်ပမ်းလ်ဘီးချ်တွင် ရှိနေခဲ့သော်လည်း အိုင်အိုဝါနှင့် ကန်းဆပ်စ်ပြည်နယ်များရှိ ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်ပွဲများသို့ တက်ရောက်ရန်အတွက် လေယာဉ်မပျက်ကျမီ ၁ နာရီကျော်ခန့်က Air Force One လေယာဉ်ဖြင့် ထွက်ခွာသွားခဲ့ပြီးဖြစ်သည်။
◾ FAA နှင့် NTSB တို့က စုံစမ်းစစ်ဆေးလျက်ရှိ
လေယာဉ်ပျက်ကျမှုကို FAA နှင့် အမျိုးသား ပို့ဆောင်ရေး လုံခြုံရေးဘုတ်အဖွဲ့ (NTSB) တို့က စုံစမ်းစစ်ဆေးမည်ဖြစ်ပြီး NTSB က အဓိက ဦးဆောင်မည်ဖြစ်ကြောင်း FAA က Newsweek သို့ ပြောကြားခဲ့သည်။
NTSB ၏ စုံစမ်းစစ်ဆေးမှုကို ကူညီရန်အတွက် FAA အဖွဲ့တစ်ဖွဲ့အား ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ စေလွှတ်ထားကြောင်း ပို့ဆောင်ရေးဝန်ကြီး ဒပ်ဖီက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့ပြီး ၎င်းတို့အေဂျင်စီအပြင် ပို့ဆောင်ရေးဝန်ကြီးဌာနတို့ကပါ ပျက်ကျမှုကို အနီးကပ်စောင့်ကြည့်နေပြီး နောက်ဆက်တွဲ သတင်းအချက်အလက်များကို ထပ်မံထုတ်ပြန်ပေးသွားမည်ဟု အာမခံခဲ့သည်။
စုံစမ်းစစ်ဆေးသူများသည် လေယာဉ်၏ မှတ်ပုံတင်နံပါတ်ကို အတည်ပြုသွားမည်ဖြစ်ပြီး၊ ပုံမှန်အားဖြင့် FAA ၏ ပဏာမ မတော်တဆဖြစ်ပွားမှု သို့မဟုတ် ယာဉ်မတော်တဆမှု အစီရင်ခံစာကို ဖြစ်စဉ်ဖြစ်ပွားပြီး တစ်ရက် သို့မဟုတ် နှစ်ရက်အကြာတွင် ထုတ်ပြန်လေ့ရှိသည်။
Ref: Newsweek
