November 1, 2024

၂၄. ၉. ၂၀၂၃
Written by Phyo Wei

နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီကို ဒုတိယဝန်ကြီးချုပ်နဲ့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးက ဥက္ကဋ္ဌအဖြစ် ဦးဆောင်မှုနဲ့ ပြန်လည် ဖွဲ့စည်းခဲ့သလို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နဲ့ ကုန်သွယ်မှုနဲ့ ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီတွေရဲ့ ဥက္ကဋ္ဌအဖြစ်ပါ တာဝန်ပေးလိုက်တာ တွေ့ရတဲ့ ဒီရက်သတ္တပတ်မှာဆိုရင် မြန်မာနိုင်ငံမှာ ကုန်စျေးနှုန်းမြင့်တက်မှုရဲ့ အခရာဖြစ်တဲ့ ဒေါ်လာစျေးမတည်မငြိမ် ကစားခံရမှုနဲ့ ကုန်သွယ်မှုလမ်းကြောင်းတွေမှာ ဆက်ကြေးဂိတ်တွေ၊ ဆီစျေးမြင့်တက်မှုတွေကြောင့်ဖြစ်နေတဲ့ အပိုကုန်ကျငွေတွေ လျှော့ချနိုင်ပြီး ဒေါ်လာစျေးနဲ့ ကုန်စျေးနှုန်း တည်ငြိမ်အောင် လုပ်ဆောင်ပေးနိုင်မလား ဆိုတာနဲ့ ဘယ်လောက်တိုးတက် ပြောင်းလဲလာမလဲ စောင့်ကြည့်ချင်စရာ အခြေအနေတွေ ရှိနေပါတယ်။

တစ်ဖက်မှာလည်း ဝိသမလောဘသားတွေကို ဖမ်းနေတဲ့နည်းတူ ပို့ကုန်ရငွေပြန်လည်ပေးသွင်းမှုမရှိတဲ့ နယ်စပ်က ပို့ကုန်လုပ်ငန်းရှင်အချို့ကိုပါ ဖမ်းဆီးစစ်ဆေးမှု ပြုလုပ်နေတာကြောင့် လုပ်ငန်းရှင်အချို့ဟာ နီးစပ်ရာနိုင်ငံတွေဆီ ထွက်ပြေးတိမ်းရှောင်နေရတယ်ဆိုတဲ့ အခြေအနေတွေလည်း ဖြစ်ခဲ့တဲ့ ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်အဖြစ်တော့ ဆန်စျေးတက်အောင် စျေးဆွဲတင်ခံနေရတဲ့အခြေအနေတွေအကြောင်း၊ ပြည်ပနေနိုင်ငံသားတွေ ဝင်ငွေခွန်ဆောင်ရမယ်ဆိုတဲ့အကြောင်းနဲ့ BRI က တိုးတက်အောင် ဆွဲခေါ်ပေးသွားနိုင်မယ်ဆိုတဲ့ မြန်မာ့ကံကြမ္မာတွေအကြောင်းကို သုံးသပ်ချင်ပါတယ်။

“ဆန်စျေးတက်အောင် စျေးဆွဲတင်ခံနေရတဲ့အခြေအနေ”

လက်ရှိဖြစ်ပေါ်နေတဲ့ စပါးဈေးနှုန်းတွေဟာ တောင်သူတွေလက်ထဲ စပါးမရှိတော့တဲ့အချိန်မှ ပြည်တွင်းစားဆန် ဈေးနှုန်း မြင့်တက်လာအောင် ရည်ရွယ်ချက်ရှိရှိနဲ့ မူမမှန်တဲ့ ရောင်းဝယ်မှုပုံစံနဲ့ ဝင်ရောက် ဈေးကစားနေတာကြောင့် ထိုက်သင့်တဲ့ အရေးယူမှုတွေ ဆောင်ရွက်နိုင်အောင် စီစဉ်ထားတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ဖွင့်ဟလာပါတယ်။

“တချို့ကလည်း မူမမှန်တဲ့ဈေးတွေ ပေးပြီးဝယ်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့မှာ တခြားရည်ရွယ်ချက်တွေရှိပါတယ်။ ကျွန်တော်တို့သိပါတယ်။ ပြောလို့မကောင်းပါဘူး။ ရွှေဘိုပေါ်ဆန်း စပါးဈေး သိန်း ၃၀ ဆိုလည်းဝယ်။ သိန်း ၄၀ ဆိုလည်း ဝယ်တယ်။ သိန်း ၄၀ ဖြစ်နေတဲ့အချိန်မှာတောင် ဈေးကို ဝင်ပြီးတော့ ထပ်တက်အောင်ဝယ်တဲ့သူတွေရှိတယ်” လို့ ဦးရဲမင်းအောင်က ပြောပါတယ်။

SAC အစိုးရလက်ထက်မှာ သွင်းအားစုတွေ စျေးတက်တာ၊ ဆီစျေးကြောင့် သယ်ယူပို့ဆောင်စရိတ်တက်လာတာ၊ နေရာအနှံ့လက်နက်ကိုင်ဂိတ်တွေရှိလာလို့ ဆက်ကြေးပေးရတာတွေကြောင့် ဆန်စျေးတွေ မြင့်တက်လာတယ်ဆိုပေမဲ့ မြင့်တက်လာတဲ့ ဆန်စျေးနှုန်းဟာ ဖြစ်သင့်တဲ့နှုန်းထက်များနေတာပါ။ ဒီနေရာမှာ အဓိက ပြဿနာက ဦးရဲမင်းအောင်ပြောထားသလို စပါးတွေကို ဆန်စျေးတင်လို့ရအောင် စျေးကြီးပေး လေပတ်ကားတွေနဲ့ ဝယ်သူတွေ၊ လှောင်ပြီးတော့ စျေးကစားသူတွေက အချင်းချင်းအမြတ်ပေါ် အမြတ်ဆင့်ပြီး တင်း ၁၀၀ ကို သိန်း ၃၀၊ ၄၀ နဲ့ ဝယ်နေကြတာတွေကြောင့်လည်း ပါနေတာပါ။ ပြည်တွင်းမှာ ၂၀၂၂ ခုနှစ် မတ်လမှာ ပေါ်ဆန်းစပါး တင်း ၁၀၀ ကို ကျပ် ၁၄ သိန်းပဲရှိပေမဲ့ လက်ရှိမှာတော့ ပေါ်ဆန်းစပါးတင်း ၁၀၀ က ၃၅ သိန်း၊ သိန်း ၄၀ ဝန်းကျင်ဖြစ်နေတာပါ။ ဒီလိုမျိုးဖြစ်နေတာကြောင့် ပေါ်ဆန်းဆန်တွေကလည်း တစ်အိတ်ကို ၆၀၀၀၀ ပတ်ခြာလည်ကနေ ၁၅၀၀၀၀ ပတ်ခြာလည် တက်ကုန်ပြီး အဆမတန်စျေးကြီးကုန်တာပါ။

ဒီလို စပါးစျေးတွေ ကြီးလာတာကို တောင်သူတွေကလည်း အကျိုးခံစားရတာမဟုတ်ဘဲ ပွဲစားနဲ့ စျေးကစားသူတွေကပဲ အကျိုးဖြစ်နေပြီး ပြည်သူတွေကတော့ ဆန်စျေးကြီးတဲ့ဒဏ်ကို လည်စင်းခံနေရတာပါ။ လက်ရှိမှာတော့ ဆန်စပါးအသင်းက ရွှေဘိုပေါ်ဆန်းစပါး တင်း ၁၀၀ ကိုမှ သိန်း ၂၀ ပဲ အမြင့်ဆုံးဝယ်ဖို့ သတ်မှတ်ထားတာ တွေ့ရပါတယ်။ သိန်း ၂၀ ဆိုတဲ့ ပမာဏ လယ်သမားအတွက်လည်း ထိုက်သင့်မျှတတဲ့ ပမာဏဖြစ်သလို ဒီလိုမျိုး သတ်မှတ်တာကိုမှ စျေးကစားဖို့ ရည်ရွယ်ချက်နဲ့ တင်း ၁၀၀ ကို သိန်း ၄၀ လောက် ဆက်ပေးနေတာမျိုး၊ တင်း ၁၀၀ ကို သိန်း ၂၀ နဲ့ ဝယ်ပြီးမှ ဆန်စျေးမချတာမျိုးဆိုရင် သေချာပေါက်ကို ဖော်ထုတ်အရေးယူရမှာပါ။ လက်ရှိမှာ စားသုံးဆီဟာ အရေးကြီးကုန်စည်အမျိုးအစားအဖြစ်သတ်မှတ်ထားပြီး စည်းမျဉ်းချိုးဖောက်တဲ့ ဝိသမလောဘသားတွေ ထောင်သုံးနှစ်အထိ ချနိုင်ဖို့ အရေးယူသလိုမျိုးပဲ ဆန်ကိုလည်း အရေးကြီးကုန်စည်သတ်မှတ်ပြီး စီမံချက်နဲ့ စျေးကျအောင်၊ စျေးကစားသူတွေ ထိထိရောက်ရောက် အရေးယူဖို့ လုပ်နိုင်အောင် လိုအပ်နေတာပါ။ ထိထိရောက်ရောက် မလုပ်သရွေ့တော့ ဆန်စျေးကျမှာမဟုတ်ဘဲ စျေးကစားသူတွေလက်ထဲ ပြည်သူ့ကျပ်တည်းမှုပဲ ပိတ်မိနေပါလိမ့်မယ်။

“ဝင်ငွေခွန်ဆောင်ရတော့မဲ့ ပြည်ပနေနိုင်ငံသား”

ပြည်ပနေနိုင်ငံသားတွေက နိုင်ငံခြားငွေနဲ့ ပေးဆောင်ရတဲ့ဝင်ငွေခွန်ကို ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၁ ရက်က စတင် ကင်းလွတ်ခွင့်ပြုခဲ့ဖူးပြီး လက်ရှိအချိန်မှာတော့ ၂၀၂၃ ခုနှစ် ပြည်ထောင်စုရဲ့ အခွန်အကောက်ဥပဒေကို ပြင်ဆင်မှုနဲ့အတူ ဝင်ငွေခွန်ကင်းလွတ်ခွင့်ပယ်ဖျက်ပြီး အခွန်ကောက်ဖို့ ပြန်လည်စတင်ခဲ့တာကြောင့် လာမဲ့ အောက်တိုဘာ ၁ ရက်ကစ ပြည်ပရောက်မြန်မာလုပ်သားတွေဟာ နိုင်ငံခြားငွေနဲ့ ဝင်ငွေခွန်ပေးဆောင်ရတော့မှာဖြစ်ပါတယ်။

ဝင်ငွေခွန်ပေးဆောင်ရတော့မဲ့နေရာမှာ လစာကမဟုတ်တဲ့ ဝင်ငွေအတွက် အခွန် ၁၀ ရာခိုင်နှုန်းဖြစ်ပြီး ပြည်ပနိုင်ငံသားတွေဆီက လစာဝင်ငွေကို သက်သာခွင့် နှုတ်ပယ်ပြီးရင် ပြည်တွင်းက ဝင်ငွေခွန်အတိုင်းကောက်ခံမှာဖြစ်ပြီး သက်သာခွင့်မနှုတ်ရင်တော့ ၂ ရာခိုင်နှုန်းနဲ့ ဝင်ငွေခွန်ကောက်သွားမှာပါ။ ဒီလိုမျိုး ဝင်ငွေခွန်ကောက်ရာမှာ သက်သာခွင့်နှုတ်လို့ ပြည်တွင်းကောက်ခံနှုန်းအတိုင်း ကောက်မယ်ဆိုရင်တော့ ကျပ် သိန်း ၂၀ ကနေ သိန်း ၅၀ ကြားကို အခွန် ၅ ရာခိုင်နှုန်း၊ သိန်း ၅၀ ကနေ သိန်း ၁၀၀ ကြားကို ၁၀ ရာခိုင်နှုန်း၊ သိန်း ၁၀၀ နဲ့ ၂၀၀ကြားကို ၁၅ ရာခိုင်နှုန်း၊ သိန်း ၂၀၀ နဲ့ သိန်း ၃၀၀ကြားကို ၂၀ ရာခိုင်နှုန်းနဲ့ အဲဒီအထက်ကို ၂၅ ရာခိုင်နှုန်းပါ။ ဝင်ငွေခွန်မဆောင်ဘူးဆိုပြီး အခွန်ရှောင်မယ်ဆိုရင်တော့ ပြည်ပထွက်ခွင့်ပိတ်ပင်ခံရတာမျိုးတွေ၊ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးချိန်ကျမှ ပေါင်းပြီးကောက်တာမျိုးတွေ လုပ်နိုင်တာကိုလည်း တွက်ဆရမှာပါ။

“BRI က တိုးတက်အောင် ဆွဲခေါ်သွားမဲ့ မြန်မာ့ကံကြမ္မာ”

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်း ဖြစ်မြောက်အောင်မြင်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ကံကြမ္မာနဲ့ အရှေ့ တောင်အာရှဒေသတစ်ခုလုံးရဲ့ လူမှုစီးပွားရေးဖွံ့ဖြိုးမှုကို အကြီးအကျယ် ပြောင်းလဲသွားစေနိုင်ဖွယ်ရှိနေတယ်လို့ ရပ်ဝန်းနဲ့ပိုးလမ်းမစီမံကိန်း (Belt and Road Initiative – BRI)အဆိုပြုချက်နဲ့ မျှဝေခံစားနိုင်သည့် အနာဂတ်အသိုက်အဝန်းထွန်းကားရေးဆိုင်ရာ တရုတ်မြန်မာပူးပေါင်းဆောင်ရွက်မှု စာတမ်းဖတ်ပွဲမှာ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၂) ဝန်ကြီး ဦးကိုကိုလှိုင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

“ရပ်ဝန်းနဲ့ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှုတွေကနေတစ်ဆင့် နှစ်နိုင်ငံအတွက်သာမက ဒေသတွင်း၊ ကျန်တဲ့ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်မှုအတွက်ကိုပါ ဒီစီမံကိန်းက အားပေးမြှင့်တင်ပြီးတော့မှ အားလုံးတန်းတူညီမျှဖွံ့ဖြိုးတိုးတက်တဲ့၊ မျှဝေထားတဲ့ ပိုမိုကောင်းမွန်တဲ့အနာဂတ်ကို တည်ဆောက်သွားကြဖို့လည်းပဲ မျှော်လင့်ထားပါတယ်။ တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံရဲ့ စီးပွားရေး ပူးပေါင်းဆောင် ရွက်မှုကတော့ နှစ်နိုင်ငံလုံးမှာ ပြုပြင်ပြောင်းလဲမှုတွေ စတင်ခဲ့ကြတဲ့ ၁၉၈၀ ပြည့်လွန်ကာလတွေကနေစပြီးတော့ တိုးတက်လာတာ ဖြစ်ပါတယ်။ ဆက်လက်ဆောင်ရွက်သွားဖို့ စီစဉ်ထားတဲ့ ရပ်ဝန်းနဲ့ပိုးလမ်းမကတော့ ဒီလိုပူးပေါင်းဆောင်ရွက်မှုတွေကို ဆထက်ထမ်းပိုး အရှိန်မြှင့်တင်ပေးနိုင်မယ့် အားကောင်းမောင်းသန် အားမြှင့်ပေးနိုင်မယ့် ကိရိယာတစ်ခု ဖြစ်တယ်လို့ ယုံကြည်ပါတယ်”လို့ ဦးကိုကိုလှိုင်က ပြောခဲ့တာပါ။

တရုတ်နိုင်ငံက အကောင်အထည်ဖော်နေတဲ့ BRI စီမံကိန်းဟာ လက်ရှိအချိန်မှာတော့ နိုင်ငံနဲ့ အဖွဲ့အစည်းပေါင်း ၁၅၀ ကျော် ပါဝင်နေပြီဖြစ်သလို မြန်မာနိုင်ငံကလည်း BRI နဲ့ ဆက်နွှယ်နေတဲ့ စီမံကိန်းတွေအပါအဝင် စီမံကိန်း ၃၃ ခုကို NLD အစိုးရဟောင်းလက်ထက်မှာ သဘောတူလက်မှတ်ထိုးခဲ့ပြီးသားပါ။ ဒီစီမံကိန်းတွေမှာဆိုရင် ကျောက်ဖြူ-ကူမင်းရထားလမ်း၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်နဲ့ ရေနက်ဆိပ်ကမ်း၊ ရန်ကုန်မြို့သစ်စီမံကိန်း၊ မူဆယ်-မန္တလေးရထားလမ်း စတာတွေက BRI မှာ ချိတ်ဆက်ပါနေတာပါ။ ဒီလိုမျိုး တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်းသာ အောင်မြင်မယ်ဆိုရင် မြန်မာနိုင်ငံဟာ အဆမတန်တိုးတက်မှုရလာနိုင်တယ်ဆိုတာ သေချာပေါက်ပါ။ ဘာကြောင့်လဲဆိုရင်တော့ လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေအရ ကုန်သွယ်ထောက်ပို့နိုင်ငံဖြစ်လာမှ တိုင်းပြည်စီးပွားရေးတိုးတက်မဲ့ အခြေအနေမြင်နေရတာကြောင့်ဖြစ်ပြီး BRI မှာလည်း မြန်မာက အချက်အခြာကျတဲ့ ကုန်သွယ်ထောက်ပို့လမ်းကြောင်းပေါ် ရှိနေလို့ပါ။

ဒါပေမဲ့လည်း ဒီလိုမျိုး BRI မှာ မြန်မာနိုင်ငံပါဝင်ပြီး စီမံကိန်းတွေ အရှိန်မြှင့်အကောင်အထည်ဖော်တော့မယ်ဆိုရင်တော့ လုပ်ဆောင်မဲ့ စီမံကိန်းတိုင်းဟာ ပွင့်လင်းမြင်သာပြီး မြန်မာနိုင်ငံလည်း အကျိုးရှိ၊ တရုတ်နိုင်ငံလည်း အမြတ်ရမဲ့ မျှတတဲ့အခြေအနေဖြစ်ဖို့လိုအပ်မှာပါ။ BRI မှာ ပါရပြီး တရုတ်နိုင်ငံအတွက်ပဲ အကျိုးရှိနေမယ်။ ပွင့်လင်းမြင်သာမှုလည်း မရှိဘူးဆိုရင်တော့ အရင်တုန်းက စီမံကိန်းတွေလိုပဲ ရှေ့မရောက်ဘဲ ပြန်စစ်တာ၊ ဆန္ဒပြတာ၊ ကန့်ကွက်တာတွေနဲ့ အလုပ်မဖြစ်တဲ့အခြေအနေတွေထဲမှာပဲ ကရွတ်ကင်းလျှောက်နေရမယ်ဆိုတာ ဆင်ခြင်သတိပြုဖို့လိုပါတယ်လို့ တင်ပြရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *