၂၃. ၉. ၂၀၂၃

Written by Nay Aung

မြန်မာနိုင်ငံတွင်၂၀၂၃ ခုနှစ်အတွင်း ကျောင်းတက်ရသော အသက်အရွယ်အုပ်စုထဲတွင်ပါဝင်သည့် အသက် ၆ နှစ်မှ ၁၇ နှစ်အတွင်းရှိ ကလေး၊ လူငယ်များ၏ ၂၈ ရာခိုင်နှုန်းသည် ကျောင်းမတက်ရဘဲရှိနေကြောင်း ကမ္ဘာ့ဘဏ်၏ EDUCATION IN MYANMAR: WHERE ARE WE NOW? အမည်ရှိ အစီရင်ခံစာအရသိရသည်။

၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံရှိအသက် ၆ နှစ်မှ၁၇ နှစ်အတွင်းရှိ ကလေး၊ လူငယ်အားလုံးအနက် ကျောင်းမတက်ဘဲရှိနေသည့်အရေအတွက် ၂၁ ရာခိုင်နှုန်းသာရှိနေခဲ့သည်။ အာဆီယံဒေသအတွင်းရှိ နိုင်ငံများတွင် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ဖြစ်ပွားမှုကပ်လွန်ကာလများတွင် ကလေး၊ လူငယ်များကျောင်းပြန်အပ်နှံမှုများရှိခဲ့သော်လည်း မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါအပြင် အာဏာအငြင်းပွားမှုများကြောင့် ကလေး၊ လူငယ်များ ကျောင်းပြန်တက်မှု လျော့နည်းသွားခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင်အသက် ၆ နှစ်မှ ၁၇ နှစ်အတွင်းရှိ ကလေး၊ လူငယ်များ ကျောင်းမတက်ရခြင်းနှင့်ပတ်သက်ပြီး အကြောင်းအရင်းများစွာရှိနေရာ ဘာသာစကားအခက်အခဲ၊ မိသားစုစီးပွားရေးအဆင်မပြေမှုနှင့် လက်နက်ကိုင်ပဋိပက္ခများကြာင့် အဓိကဖြစ်နေကြောင်းသိရသည်။

ထို့အပြင် မိသားစုအများစုက ဘဏ္ဍာရေးအခက်အခဲများနှင့်ကျောင်းများ ပိတ်ထားခြင်းများကြောင့် ကလေးငယ်များကို ကျောင်းမထားခဲ့ရခြင်းဖြစ်ကြောင်း ဖြေဆိုထားသည်ဟု ကမ္ဘာ့ဘဏ်က ဆိုသည်။ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါအပြင် အာဏာအငြင်းပွားမှုများကြောင့် ကျောင်းများပိတ်ထားမှုများရှိခဲ့ရာ ၂၀၁၇ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံ၌ ကျောင်းအပ်နှံသူအရေအတွက် သိသိသာသာကျဆင်းခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ပညာရေးစနစ်တွင် သင်ကြားပေးနေသည့် ဆရာ၊ ဆရာမ အရေအတွက် ၂၀၁၈-၁၉ ပညာသင်နှစ်က ၃၈၉၂၄၁ ဦးရှိခဲ့သော်လည်း ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ နှင့် အာဏာအငြင်းပွားမှုများဖြစ်ပွားခဲ့ပြီးနောက်၂၀၂၁ ခုနှစ်တွင် ဆရာ၊ ဆရာမ ဦးရေ ၂၇၁၀၇၂ ဦးသာ ရှိတော့ကြောင်း SAC အဖွဲ့က၂၀၂၁ ခုနှစ် ဇူလိုင်တွင်ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ကျောင်းတက်ရသော အသက်အရွယ်အုပ်စုများဖြစ်သော အသက် ၆ နှစ်မှ ၂၂ နှစ်အရွယ်ရှိ လူဦးရေအချိုးအစားသည် ၂၀၁၇ ခုနှစ်တွင် ၆၉ ဒသမ ၂ ရာခိုင်နှုန်းရှိခဲ့သော်လည်း ၂၀၂၃ ခုနှစ်တွင် ၅၆ ဒသမ ၈ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခများကြောင့် ကျောင်းတက်သူအရေအတွက် လျော့နည်းခဲ့ရပြီး၂၀၂၃ ခုနှစ်အတွင်း လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားမှုနည်းပါးသည့်ဒေသများတွင် မူလတန်းကျောင်းအပ်နှံသည့်အရေအတွက်သည် ပဋိပက္ခဖြစ်ပွားနေသည့် ဒေသများတွင် မူလတန်းကျောင်းအပ်နှံသူအရေအတွက်ထက်နှစ်ဆနီးပါးများနေကြောင်းသိရသည်။

ထို့အပြင် လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားမှုနည်းပါးသည့်ဒေသနှင့် လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားနေသည့်ဒေသများကြား အလယ်တန်းကျောင်းအပ်နှံသူအရေအတွက်လည်း များစွာကွာဟနေပြီး ပဋိပက္ခဖြစ်ပွားမှုနည်းပါးသည့်ဒေသများက ပဋိပက္ခဖြစ်ပွားနေသည့်ဒေသများထက် အလယ်တန်းကျောင်းအပ်နှံတက်ရောက်နေသူ ၅၉ ရာခိုင်နှုန်း ပိုများနေကြောင်းကမ္ဘာ့ဘဏ်ကဆိုသည်။ ထို့ အတူ ပဋိပက္ခဖြစ်ပွားနေသည့် ဒေသများတွင် အထက် တန်းကျောင်း အပ်နှံတက်ရောက်နေသူအရေအတွက်က  ပဋိပက္ခဖြစ်ပွားမှုနည်းပါးသည့်ဒေသများ၌ အထက်တန်း ကျောင်းအပ်နှံတက်ရောက်နေသူအရေအတွက်ထက် ၁၉ ရာခိုင်နှုန်းလျော့နည်းနေကြောင်း သိရသည်။

Ref; Worldbank

Leave a Reply

Your email address will not be published. Required fields are marked *