MT News

၂၃. ၉. ၂၀၂၃

ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းကြား ယနေ့ည ၈ နာရီ ၅၄ မိနစ်တွင် ငလျင်ပြင်းထန်စွာလှုပ်ခတ်ခဲ့ပြီး ငလျင်လှုပ်မှုဒဏ် သိသိသာသာခံစားခဲ့ရသည်ဟု ကနဦးသတင်းများအရ သိရသည်။

မြေငလျင်တိုင်းထွာချက်များတွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ တိုင်းထွာချက်များအရ ရစ်ချ်တာစကေး ၅ ဒသမ ၁ ပြင်းအားရှိ လှုပ်ခတ်ခဲ့ပြီး ရန်ကုန်မြို့တွင်ပင် ငလျင်လှုပ်ခတ်မှုဒဏ်သိသိသာသာ ခံစားခဲ့ရသည်။

“ငလျင်က ခဏလေးဆိုပေမယ့် တော်တော်လေး ခံစားလိုက်ရပါတယ်။ ပုခက်လွှဲသလိုပဲ။ အားလုံးကလည်း ကြောက်လန့်ပြီး အပြင်ကို ထွက်ကြတာ။ တော်တော်လေးသိသာတဲ့ ငလျင်လို့ ပြောလို့ရပါတယ်။ ကြောက်ဖို့ကောင်းတယ်။ အရင်တုန်းက ငလျင်သတင်းတွေလည်း ကြားထားတာတော့ တော်တော်လေး လန့်သွားတာ” ဟု ကမာရွတ်မြို့နယ်တွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက ဆိုသည်။

အဆိုပါ ငလျင်ဒဏ်ကို သိသိသာသာ ခံစားလိုက်ရကြောင်း လူမှုကွန်ရက် Facebook စာမျက်နှာထက်တွင် ရေးသားချက်များလည်း တွေ့ရကာ ကြောက်လန့်ဖွယ် ကောင်းကြောင်းလည်း အချို့က မှတ်ချက်ပြုထားကြသည်။

လက်ရှိ လှုပ်ခတ်သည့် ပဲခူးငလျင်မှာ ည ၈ နာရီ ၅၄ မိနစ်အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၂၇) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း ပဲခူးမြို့၏ အနောက်တောင်ဘက် (၁၂) မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် (၁၇.၂၃) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၃၂) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်ချ်တာစကေး ၅ ဒသမ ၁ အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားခဲ့ခြင်းဖြစ်သည်။

“အခိုင်အမာဆောက်ထားတဲ့ ဘုန်းကြီးကျောင်းတောင် ငလျင်နှစ်ချက်ဆောင့်လှုပ်တာကို သိသိသာသာကြီးခံစားလိုက်ရတယ်” ဟု တာမွေမြို့နယ်မှ ဆရာတော်တစ်ဦးက မိန့်သည်။

MT News က ကနဦးရရှိသော သတင်းအချက်အလက်များအရ နေအိမ်အဆောက်အအုံထိခိုက်ပျက်စီးမှုလည်းရှိခဲ့ပြီး ပေးပို့သောပုံတစ်ပုံအရ မှော်ဘီမြို့နယ်ရှိ ဘုန်းကြီးကျောင်းတစ်ခုတွင် အုတ်ခုံပင် အက်ကွဲခဲ့သည်။

ယခု ငလျင်လှုပ်ရာ ဗဟိုချက် ပဲခူးတိုင်းသည် စစ်ကိုင်းပြတ်ရွေ့ငလျင်ကြောရှိရာနယ်မြေများတွင်ပါဝင်ပြီး ယနေ့ ညနေ ၅ နာရီ ၃၃ မိနစ်ကလည်း ကမ္ဘာအေးမြေငလျင်စခန်းမှ မြောက်-အရှေ့ မြောက်ဘက် (၆၇) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ဒိုက်ဦးမြို့၏ အနောက်ဘက် (၂၁) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၁၇.၈၁) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၃၄) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်ချ်တာစကေး ၃ ဒသမ၇ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားခဲ့သည်။

စစ်ကိုင်းပြတ်ရွေ့ကြောသည် မြန်မာနိုင်ငံတွင် တည်ရှိသည့် အဓိကပြတ်ရွေ့ကြောတစ်ခု ဖြစ်ပြီး ယင်းကြောင့် ပြင်းထန်သောငလျင်များစွာလှုပ်ခတ်ခဲ့သလို မန္တလေး၊ ရမည်းသင်း၊ ပျဉ်းမနား၊ နေပြည်တော်၊ တောင်ငူနှင့် ပဲခူးတို့ကို ဖြတ်သန်းလျှက် တည်ရှိသော ငလျင်ဖြစ်ပြီး အရှည်အားဖြင့် ၁၂၀၀ ကီလိုမီတာ ရှိကြောင်း သိရသည်။

MT News သတင်းဌာနအနေဖြင့် ယနေ့ညငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်မှုများ ဆက်လက်စုံစမ်းနေပြီး ထပ်မံသိရှိရသည်များ ဖော်ပြပေးသွားမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *