၂၁. ၈. ၂၀၂၃
Written by Phyo Wei

မြန်မာနိုင်ငံအနေနဲ့ တရုတ်၊ အာဆီယံနိုင်ငံတွေနဲ့ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနဲ့ အခြားသောနယ်ပယ်တွေမှာ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးထုတ်ပြောလာတဲ့ ဒီရက်သတ္တပတ်မှာပဲ ထိုင်းဘတ်ငွေဟာ နိုင်ငံတကာငွေပေးချေမှုနဲ့ စာရင်းရှင်းလင်းမှုအတွက် ဆောင်ရွက်ခွင့်ပြုလိုက်တဲ့ဖြစ်စဉ်ဖြစ်လာခဲ့ပါပြီ။ ဒါဟာ ဒေါ်လာအထူးပြုသုံးစွဲတဲ့ နိုင်ငံတစ်ခုအတွက် ဒေါ်လာတန်ဖိုးတက်မှုကို ချိန်ညှိနိုင်မဲ့ လုပ်ရပ်တစ်ခုပါ။

တစ်ဖက်မှာလည်း ရေနစ်သူဝါးကူအနှစ်ခံထားရတဲ့ဖြစ်ရပ်အဖြစ် ပြီးခဲ့တဲ့ မေလက မြန်မာနိုင်ငံကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် တိုက်ရိုက်ပျက်စီးဆုံးရှုံးမှုတန်ဖိုး (Total Direct Damages) ဟာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၄ ဘီလျံ ခန့်ရှိနိုင်ပြီး အဲဒီထိခိုက်ပျက်စီးဆုံးရှုံးမှုတန်ဖိုးက မြန်မာနိုင်ငံရဲ့ ၂၀၂၁ ခုနှစ် ဂျီဒီပီ စုစုပေါင်းရဲ့ ၃ ဒသမ ၄ ရာခိုင်နှုန်းနဲ့ ညီမျှတယ်လို့ Global Rapid Post-Disaster Damage Estimation (GRADE) အဖွဲ့ နဲ့ ကမ္ဘ့ာဘဏ်တို့ အစီရင်ခံခဲ့တဲ့ ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက် အဖြစ်တော့ မော်ဂျုလာအငှားအိမ်ရာတွေအကြောင်း၊ အွန်လိုင်းလိမ်လည်မှုကြောင့် တရုတ်ခရီးသွားကျဆင်းတဲ့အကြောင်းနဲ့ အစိုးရက ထိန်းကျောင်းဖို့ ပြင်ဆင်လာတဲ့ ဒေါ်လာစျေးတွေအကြောင်းကို တင်ပြချင်ပါတယ်။

“မော်ဂျုလာအငှားအိမ်ရာ”

လှိုင်သာယာလို၊ ဒဂုံမြို့သစ်လို နေရာမျိုးတွေက ပြည်သူတွေနေထိုင်တဲ့ အဆောင်တွေကို အစိုးရတာဝန်ယူထားသူတွေ သွားကြည့်စေချင်ပါတယ်။ အဲဒီနေရာတွေမှာ နေထိုင်နေတဲ့ ပြည်သူတွေဟာ ၁၀ ပေ ပတ်လည်လောက် အခန်းတွေကို တစ်လ ကျပ် ၇၀၀၀၀ လောက်ကနေ ကျပ် ၁ သိန်းအကြား ပေးပြီး နေနေရတာပါ။ အဆောင်ခန်းတွေရဲ့ ထုံးစံအတိုင်း ရေချိုးခန်း၊ အိမ်သာဟာ ဘုံစနစ်ပါပဲ။ ဒါ့အပြင်လည်း မြို့သစ်တွေရဲ့ ထုံးစံအတိုင်း ရေဆိုးပတ်ခြာဝိုင်းတဲ့ နေရာတွေမှာ နေရတာပါ။

လက်ရှိမှာတော့ ပြည်ပက ဆောက်လုပ်ရေးပစ္စည်း တင်သွင်းမှုလျှော့ချနိုင်ဖို့ တန်ဖိုးနည်းအိမ်ရာနဲ့ ဝန်ထမ်းအိမ်ရာဆောက်လုပ်ရာမှာ ပြည်တွင်းကုန်ကြမ်း ရာခိုင်နှုန်း ၈၀ ခန့်အထိ အသုံးပြုထားတဲ့ Modular House တွေကို အစားထိုးတည်ဆောက်ဖို့ ပြင်ဆင်နေတယ်လို့ မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းချုပ်က ပြောလာတာ တွေ့ရပါတယ်။ ဒီလိုလုပ်တာကို ကြိုဆိုရမှာပါ။ လက်ရှိမှာ မော်ဂျုလာ အိမ်တစ်လုံးဟာ သိန်း ၁၅၀ နဲ့ သိန်း ၃၀၀ ကြား ကုန်ကျနိုင်ပါတယ်။ ဒါပေမဲ့လည်း ရန်ကုန်က အဆောင်ခန်းတွေမှာ တစ်လ ကျပ် တစ်သိန်းလောက်ပေးငှားနေရတဲ့ ၁၀ ပေ၊ ပေ ၂၀ လောက် အခန်းမျိုးဆိုရင်တော့ သိန်း ၅၀ လောက်ပဲ ကျမှာပါ။ ရေချိုးခန်း၊ အိမ်သာပါတဲ့ ၁၅ ပေ၊ ၁၈ ပေ အခန်းကိုမှ သိန်း ၁၀၀ လောက်ပဲရှိလို့ အငှားအိမ်ရာတွေ၊ တန်ဖိုးနည်းအိမ်ရာတွေကို မော်ဂျုလာအိမ်ရာနဲ့ ဆောက်မယ်ဆို များများနဲ့ မြန်မြန်ဆောက်နိုင်မှာဖြစ်ပြီး ပြည်ပတင်သွင်းရတဲ့ကုန်ကျစရိတ်လည်း လျော့ကျလာမှာပါ။

နောက်တစ်ချက်က လက်ရှိ အငှားအိမ်ရာတွေ၊ တန်ဖိုးနည်းအိမ်ရာတွေဟာ တည်ဆောက်ချိန်ကြာမြင့်ပြီး တိုက်ခန်းတွေဖြစ်လို့ မလိုအပ်တဲ့သူတွေကတောင် ဝင်လျှောက်နေတာ၊ ရောင်းပေး ငှားပေးနိုင်တာက ထောင်ဂဏန်း၊ အခန်းငှားချင်သူက သောင်းဂဏန်း အဲဒီအပေါ်မှာ အမြတ်တင်ရောင်းနေကြတာလည်း ဒုနဲ့ ဒေးမို့လို့ အခြေခံလူတန်းစားတွေနေနိုင်တဲ့ ၁၀ ပေ၊ ပေ ၂၀ မော်ဂျူလာအငှားအိမ်ရာလိုမျိုး အကောင်အထည်ဖော်ပေးနိုင်ရင် လူထုအတွက် အဆင်ပြေမှာပါ။ ဒီအိမ်ရာသေးသေးလေးတွေကိုတော့ လွှတ်တော်အမတ်ဖြစ်ခဲ့သူတွေ လာလျှောက်မှာမဟုတ်သလို သူဌေးတွေကလည်း စိတ်ဝင်စားမှာမဟုတ်လို့ မြေလွတ်နေရာတွေမှာ ရေ၊ မီးပါတဲ့ မော်ဂျူလာ အငှားအိမ်ရာမျိုးသာ တစ်လ ၂၀၀၀၀၊ ၃၀၀၀၀ နဲ့ အများအပြားဆောက်ပေးနိုင်ရင် အိမ်ငှားခဝန်ပိနေတဲ့ လူထုအတွက် အများကြီး အဆင်ပြေလာမှာဖြစ်တဲ့အပြင် အဆမတန်တက်နေတဲ့ အိမ်ငှားစျေးကွက်ကိုလည်း အတန်အသင့်ထိန်းကျောင်းပြီးဖြစ်လာမှာပါ။

“အွန်လိုင်းလိမ်လည်မှုကြောင့် ကျဆင်းတဲ့ တရုတ်ခရီးသွား”

တရုတ်ရာဇဝတ်ဂိုဏ်းတွေ အဓိကထိန်းချုပ်ထားတဲ့ ထိုင်း- မြန်မာ- တရုတ် နယ်စပ်က မြို့သစ်တွေမှာ တရုတ်အပါအဝင် အခြားနိုင်ငံသားတွေကို ဖမ်းဆီးကျွန်ပြု အွန်လိုင်းလိမ်လည်မှု ကျုးလွန်နေတာကြောင့် မြန်မာ့ခရီးသွားကဏ္ဍကို တရုတ်ခရီးသွားတွေ ဝင်ရောက်လိုမှုနည်းပါးနေတယ်လို့ တရုတ်နိုင်ငံပိုင်မီဒီယာ Global Times မှာ ဖော်ပြထားတာကို တွေ့ရပါတယ်။

တရုတ်ခရီးသွားတွေ ဝင်ရောက်လာဖို့အတွက် ဖြေလျှော့မှုတွေ အများအပြားပေးထားတဲ့ကြားက တရုတ်ခရီးသွားဝင်ရောက်မှု ကျဆင်းနေတာပါ။ ၂၀၁၉ စစ်တမ်းအရ တရုတ်တွေဟာ တစ်ကမ္ဘာလုံးကို ခရီးစဉ် ၁၅၅ သန်း သွားခဲ့ပြီး ဒေါ်လာ ၂၄၅ ဘီလျံသုံးစွဲခဲ့တဲ့ ကမ္ဘာ့အကြီးမားဆုံးခရီးသွားနိုင်ငံပါ။ ဒီလို ခရီးသွားနိုင်ငံကို စစ်တမ်းကောက်တော့ တရုတ်နိုင်ငံသား ၉,၂၉၈ ဦးမှာ ၈,၉၀၁ဦးက လုံခြုံရေးအခြေအနေကြောင့် မြန်မာနိုင်ငံကို ခရီးသွားဖို့ စဉ်းစားလိုခြင်းမရှိဘူးလို့

ဖြေခဲ့ပါတယ်။ Beijing Foreign Studies တက္ကသိုလ် အကြီးတန်း သုတေသီ Song Qingrun က တရုတ်ခရီးသွားတွေ မြန်မာနိုင်ငံဆီ မလာချင်တာက နိုင်ငံရေးတည်ငြိမ်မှုမရှိတာ၊ အွန်လိုင်းက လိမ်လည်နေတဲ့ ဂိုဏ်းတွေကြောင့် လုံခြုံရေး စိုးရိမ်ရတာ၊ အခြားအာဆီယံနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် ဧည့်ခံကြိုဆိုရေးပိုင်း ကောင်းမွန်မှုမရှိတာတွေကြောင့်လို့ ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ ပြသနာက တရုတ်မုန်းတီးရေး လှုံ့ဆော်ခံထားရတဲ့ အခြေအနေဖြစ်နေတာ အမြစ်တွယ်နေတာပါ။ ဒါကြောင့်လည်း တရုတ်ဆိုရင် မကောင်းမြင်ကြတော့ တရုတ်ခရီးသွားတွေကလည်း မကောင်းမြင်တဲ့သဘောပါ။ အခြားတစ်ဖက်မှာလည်း မြန်မာ၊ လာအို၊ ထိုင်း၊ တရုတ် ပူးပေါင်းပြီး အွန်လိုင်း လိမ်လည်မှုနဲ့ အွန်လိုင်းလောင်းကစားပြစ်မှု ကျူးလွန်တာကို ပြင်းပြင်းထန်ထန် တိုက်ဖျက်သွားမယ်လို့ ပြောလာတာ တွေ့ရပါတယ်။ ဒါပေမဲ့လည်း လက်ရှိ နယ်စပ်မြို့သစ်တွေ ခြေကုပ်ယူထားတဲ့ တရုတ်ရာဇဝတ်ဂိုဏ်းတွေကို ရှင်းလင်းဖို့ဆိုတာက ကမ္ဘောဒီးယားမှာလို စစ်ဆင်ရေးအသွင်လုပ် နှိမ်နင်းမှရနိုင်မှာဖြစ်ပြီး လက်ရှိမှာတော့ အဲဒီနယ်စပ်တကြောဟာ တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်ထားပြီး တရုတ်ရာဇဝတ်ဂိုဏ်းတွေနဲ့ သူတို့အပေးအယူလုပ်ထားတဲ့ အခြေအနေမျိုးမှာတော့ ရှင်းလင်းဖို့ မလွယ်လို့ အသိပညာပေးမှုအပိုင်းနဲ့ အဲဒီဒေသတွေ အလွယ်တကူမသွားနိုင်အောင် တင်းကျပ်ထားကြောင်း ကမ္ဘာသိအောင် မြန်မာပြည်သူတွေသိအောင် ဖြန့်ဝေတာမျိုးပဲ လုပ်နိုင်မဲ့ အခြေအနေပါ။

“ထိန်းကျောင်းလာတဲ့ ဒေါ်လာစျေး”

အိမ်ခြံမြေစျေးနဲ့ ကားစျေးတွေ အမြင့်စျေးမှာ အရောင်းအဝယ်တန့်သွားချိန်မှာ ရွှေနဲ့ ဒေါ်လာဘက် လှည့်လာတာကြောင့် ရွှေနဲ့ ဒေါ်လာစျေးတွေ ထိန်းမရ သိမ်းမရတက်လာခဲ့တဲ့ ဒီရက်သတ္တပတ်မှာဆိုရင် ထိန်းကျောင်းဖို့ လုပ်လာတာကို တွေ့ရပြီး ဩဂုတ် ၂၀ ကစ ရွှေ၊ ဒေါ်လာ၊ ထိုင်းဘတ်၊ စင်ကာပူဒေါ်လာတွေ အကုန် စျေးကျဆင်းလာပါတယ်။ တစ်ဖက်မှာလည်း အစိုးရဘက်က ပြည်ပသွားမဲ့ပြည်သူတွေကို ဒေါ်လာ ၃၀၀ နဲ့ ၅၀၀ ကြားရောင်းချပေးနေသလို တစ်ဖက်မှာလည်း အရေးယူဖို့ လုပ်နေတာကို တွေ့လာရပါတယ်။ ဒါ့အပြင် ထိုင်းဘတ်ငွေကို နိုင်ငံတကာငွေပေးချေမှုနဲ့ စာရင်းရှင်းလင်းမှုအတွက် ဆောင်ရွက်ခွင့်ပြုလိုက်တာလည်း တွေ့ရပါတယ်။ ဒါ့အပြင် ဒေါ်လာ ၁၀၀၀၀ ကို ၆ လ ထက် ပိုကိုင်ခွင့်မပြုတဲ့ အမိန့်လည်း ထုတ်ပြန်လာပါတယ်။

ဒါပေမဲ့ အချို့သောသွင်းကုန်လုပ်ငန်းရှင်တွေဟာ ဗဟိုဘဏ်က Online Trading အစီအစဉ်နဲ့ ရောင်းချပေးတဲ့ တစ်ဒေါ်လာ ကျပ် ၂,၉၂၀ နှုန်းနဲ့ ဝယ်ယူရရှိပေမဲ့လည်း ပြင်ပအမြင့်ဈေးနှုန်းနဲ့ တွက်ချက်ပြီး ပြန်လည်ရောင်းချနေလို့ ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ ကုန်သည်စက်မှုအသင်းချုပ်က ထုတ်ပြောလာတာ တွေ့ရပါတယ်။ ဒီနေရာမှာ အခွင့်ထူးခံလုပ်ငန်းရှင်နေရာ သာမန်ပြည်သူသာဆို ချက်ခြင်းဖမ်းဆီးခံရမှာဖြစ်ပေမဲ့ ဒီလို ဝိသမလောဘသားတွေကိုတော့ လွှတ်ပေးထားပြီး ညှိနှိုင်းမယ်ဆိုတာက မဖြစ်သင့်တဲ့ အခြေအနေပါ။ ဒါမျိုးတွေကို ထိန်းချုပ်နိုင်မှ ဒေါ်လာကို လက်နက်လို ကိုင်ကစားနေတဲ့ အမေရိကန်လိုနိုင်ငံမျိုး ဘေးရန်က လွန်မြောက်မှာပါ။ အကောင်းဆုံးက ဟိုတယ်တွေ၊ International School တွေ၊ ဒေါ်လာနဲ့ သွင်းခိုင်းတဲ့ နေရာတွေမှန်သမျှ ကျပ်ငွေပဲ သုံးခိုင်းပြီး ဒေါ်လာသုံးတာနဲ့ ပြင်းပြင်းထန်ထန်အရေးယူရမှာပါ။ ဥပမာ ထိုင်းနိုင်ငံမှာဆို နေရာတိုင်းလိုလို သူ့နိုင်ငံသုံး ဘတ်ငွေပဲ သုံးစွဲရတာပါ။ ဘတ်ငွေနဲ့ မဟုတ်ရင် ဘာတစ်ခုမှရောင်းမပေး၊ ဝန်ဆောင်မှုမပေးဘဲ ထိန်းချုပ်ထားလို့ ထိုင်းဘတ်ငွေတန်ဖိုးက အများကြီးကျဆင်းသွားတာမျိုး မရှိတာကို အတုယူရမှာပါ။ အဲဒီလိုမျိုး စည်းနဲ့ ဘောင်နဲ့ စနစ်တကျ မလုပ်နိုင်သရွေ့တော့ ဆန်စင်ရာကျည်ပွေ့လိုက်ရင်း ဒေါ်လာအထူးပြုသုံးစွဲတဲ့နိုင်ငံအဆင့်က တက်လာမှာမဟုတ်ပါဘူးလို့ တင်ပြရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *