April 29, 2024

၂၄. ၇. ၂၀၂၃
Written by Phyo Wei

ထိုင်းနိုင်ငံမှာ ရွေးကောက်ပွဲနိုင် MFP ပါတီခေါင်းဆောင် ပီတာဟာ မီဒီယာကုမ္ပဏီတစ်ခုမှာ ရှယ်ယာပါတာနဲ့ တော်ဝင်မိသားစုကို စော်ကားတဲ့ဥပဒေပြင်မယ်ဆိုတာကြောင့် ဝန်ကြီးချုပ်အဖြစ် ရွေးကောက်မခံခဲ့ရသလို အမတ်အဖြစ်ပါ ဆိုင်းငံ့ခံလိုက်ရလို့ သူ့ကိုအကြောင်းပြုပြီး ဆန္ဒပြမှုတွေ ဖြစ်ခဲ့ပါတယ်။ ဒီနေရာမှာ သူဟာ လစ်ဘရယ်ဆန်တာ၊ LGBT ထောက်ခံတာ၊ ရှေးရိုးစွဲဘုရင်စနစ်နဲ့ ထိုင်းနိုင်ငံကို အသွင်ပြောင်းချင်တာ၊ အစ္စလာမ်ဘာသာဝင်က အောက်လွှတ်တော်ဥက္ကဋ္ဌဖြစ်လာတာကြောင့် ထိုင်းနိုင်ငံမှာ ကနဦးဆန္ဒပြမှုတွေဟာ မြန်မာ့နွေဦးလိုပဲ လက်သုံးချောင်းထောင်ခဲ့ကြပါတယ်။ ဒါ့အပြင် ပီတာ့ကိုအကြောင်းပြပြီး ထိုင်းမှာ လက်နက်ကိုင်တိုက်ခိုက်ကြဖို့ မြန်မာဘက်က တချို့သောသူတွေ ဆုတောင်းနေပေမဲ့လည်း အသိဉာဏ်မြင့်တဲ့ ထိုင်းပြည်သူတွေကတော့ ဆန္ဒပြချိန် ပစ်ခတ်ချေမှုန်းခံရနိုင်တဲ့ အကြမ်းဖက်ဖျက်ဆီး၊ လခရကိုတိုက်ခိုက်တာမျိုးတွေ မလုပ်ခဲ့သလို လက်နက်တွေကိုင်တာမျိုး၊ နိုင်ငံနဲ့ပြည်သူထိခိုက်နိုင်တဲ့ အလုံးစုံပျက်သုဉ်းရေးနဲ့ ပိတ်ဆို့မှုတောင်းဆိုတာမျိုး မဖြစ်ခဲ့တာကို အတုယူစရာ မြင်ခဲ့ရတဲ့ ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်အဖြစ်တော့ လက်နက်ကိုင်ပဋိပက္ခကြောင့် ကျောင်းအပ်နှံမှုကျဆင်းတယ်ဆိုတဲ့အကြောင်း၊ မြန်မာ့အပေါ်မှာ တရုတ်က တသမတ်တည်းရပ်တဲ့အကြောင်း၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှာ စတင်ခဲ့တဲ့ မြန်မာ့နွေဦးဖြစ်စဉ်ဟာ ကြိုတင်ပြင်ဆင်ထားတာ မဟုတ်တဲ့အကြောင်းတွေကို တင်ပြချင်ပါတယ်။

လက်နက်ကိုင်ပဋိပက္ခကြောင့် ကျဆင်းတဲ့ ကျောင်းအပ်နှံမှု

အသိဉာဏ်ရှိတဲ့ ထိုင်းပြည်သူတွေဟာ တစ်စုတစ်ဖွဲ့အာဏာရရေးအတွက် နိုင်ငံနဲ့ ပြည်သူ ဘ၀ပျက်အောင် မလုပ်တတ်ကြတာကြောင့် အာဏာအကြိမ် ၂၀ လောက် သိမ်းခံရတာတောင် သူတို့နိုင်ငံဟာ တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ပေမဲ့ မြန်မာကတော့ ပြောင်းပြန်ပါ။ အာဏာမရတော့တဲ့ ပီတာဟာ သူ့အရှုံးကို လက်ခံသွားသလို ဘယ်ပြည်သူကိုမှ သတ်ပါ၊ ဖြတ်ပါ။ ပိတ်ဆို့ပါ။ ကလေးသူငယ်တွေ ဝန်ထမ်းတွေ CDM လုပ်ပါ။ နှိုးဆော်မသွားပါဘူး။ သူ ဝန်ကြီးချုပ်ဖြစ်ချင်ပေမဲ့ ဥပဒေနားမလည်ဘဲ မီဒီယာရှယ်ယာတွေ ကိုင်ထားမိတဲ့သူ့ အမှားကို လက်ခံသွားပါတယ်။ ထိုင်းနိုင်ငံရဲ့ အာဏာသိမ်းမှုဖြစ်စဉ်တွေအပေါ် တုန့်ပြန်ပုံဟာ မြန်မာနိုင်ငံနဲ့တော့ ပြောင်းပြန်ပါ။ ဒါကြောင့်လည်း အသိဉာဏ်ရှိတဲ့ ပြည်သူတွေနေတဲ့ ထိုင်းကတော့ အကြိမ်ကြိမ်အာဏာသိမ်းခံနေရတဲ့ကြားက တည်ငြိမ်စွာတိုးတက်နေပြီး မြန်မာကတော့ NLD, NUG, PDF တို့ရဲ့ အလုံးစုံပျက်သုဉ်းရေးမူကြားမှာ သူတို့လည်း မနိုင်၊ နိုင်ငံလည်း ယိုင်နဲ့ ပြိုလဲသွားခဲ့သလို အခုဆို မြန်မာ့အနာဂတ် ကလေးသူငယ်တွေရဲ့ ၁၂ ရာခိုင်နှုန်းလောက်က ကျောင်းအပ်နှံမှုမရှိတော့ဘူးလို့ ကမ္ဘာ့ဘဏ်က စစ်တမ်းထုတ်ခဲ့ပါတယ်။ ကလေးသူငယ်တွေရဲ့ လွတ်လပ်စွာပညာသင်ယူခွင့် မွေးရာပါအခွင့်အရေးကို CDM နဲ့ ပိတ်ပင်ခဲ့တာကြောင့် အခုအချိန်မှာတော့ ကျောင်းဆက်တက်သူဟာ ၈ သန်းကျော်ပဲရှိပြီး တစ်သန်းနီးနီးဟာ ဂျင်းစကားတွေ ယုံမိတဲ့အမှားအောက်မှာ ဘ၀ပျက်သွားခဲ့ကြပြီဖြစ်သလို အတန်းပညာမတတ်တဲ့လူစာရင်းမှာ ရာခိုင်နှုန်းအများကြီးထပ်တိုးလာတဲ့ဖြစ်စဥ်နဲ့ နိုင်ငံ့အတွက်လည်း နစ်နာခဲ့ရပါပြီ။

မြန်မာ့အပေါ် တသမတ်တည်းရပ်တည်တဲ့ တရုတ်

“တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံဖြစ်တဲ့အတွက် မြန်မာနိုင်ငံရှိ အဖွဲ့အစည်းအားလုံးဟာ နိုင်ငံနဲ့ပြည်သူတွေရဲ့ရေရှည်အကျိုးစီးပွားကို ရှေးရှုပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ဥပဒေစည်းကမ်းများအတိုင်း နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုတွေကနေ ပြဿနာတွေကိုဖြေရှင်းဖို့နဲ့ နိုင်ငံတဝှမ်း လူမှုတည်ငြိမ်ရေးတွေကို ပြန်ထိန်းနိုင်ဖို့ နည်းလမ်းရှာရမှာဖြစ်တယ်လို့ ယုံကြည်ပါတယ်။ မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်ပြီး နိုင်ငံတကာအဖွဲ့အစည်းတိုင်းရဲ့လုပ်ဆောင်ချက်တိုင်းဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ လူမှုရေးတည်ငြိမ်မှုကို အထောက်အကူဖြစ်ဖို့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို တိုးမြှင့်လုပ်ဆောင်နိုင်ဖို့၊ ပဋိပက္ခတွေအရှိန်မြင့်တက်လာမှာကို ရှောင်ရှားနိုင်အောင်လုပ်ဖို့လိုအပ်တယ်။ ဒါဟာ မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံရဲ့ချဉ်းကပ်မှုတွေဖြစ်တယ်” လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာအိုနင်က ဇူလိုင် ၁၈ ရက်မှာ ကျင်းပခဲ့တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်း မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး မေးမြန်းမှုအပေါ် တုံ့ပြန်ဖြေဆိုခဲ့တာကို တွေ့ရပါတယ်။

ပြီးခဲ့တဲ့အပတ်မှာ Brahma Chellaney ရေးသားတဲ့ ” America’s Myanmar Policy Simply All Wrong မှာ ဖော်ပြခဲ့သလိုပါပဲ။ မြန်မာနိုင်ငံနဲ့ ပြည်သူတွေ ပိုစုတ်ချာရေးအတွက် NUG နဲ့ PDF အားပေးတဲ့ အမေရိကန်ဟာ မြန်မာ့အပေါ် နိုင်ငံရေးဩဇာကို လက်လွှတ်လိုက်ရချိန်မှာ တရုတ်ကတော့ မြန်မာ့နိုင်ငံရေးအပေါ် ပြန်ပြီးတော့ ဩဇာတည်ဆောက်လာနိုင်ခဲ့ပါတယ်။

မြန်မာ့သမိုင်းတစ်လျှောက်မှာ အမေရိကန်ဟာ တရုတ်အကျပ်ရိုက်ဖို့ပဲ မြန်မာဘက်မှာ အမြဲမီးမွှေးနေပြီး မြန်မာဖွံ့ဖြိုးတိုးတက်ရေး ကူညီဖို့မရှိတာကို တရုတ်နဲ့ မြန်မာအကြားက စစ်ပွဲကာလတွေ၊ တရုတ်-မြန်မာ ဆက်ဆံတင်းမာတဲ့ အဆင်မပြေမှုကာလတွေ၊ သူတို့ပံ့ပိုးပေးတဲ့ NLD အစိုးရဟောင်းလက်ထက်မှာတောင် ရင်းနှီးမြှုပ်နှံမှုတွေ ကူညီမှုတွေ ဝင်မလာတာက သိသာတာပါ။ ဒါကြောင့်လည်း အမြဲလို မီးမွှေးနေတဲ့ အမေရိကန်ထက် အိမ်နီးချင်းနိုင်ငံကိုပဲ ရွေးချယ်ရတဲ့ အခြေအနေဖြစ်လာစေတာပါ။ ဒါ့အပြင်လည်း မာအိုနင်က မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ်တွမ်အင်ဒရူးရဲ့ အစီရင်ခံစာတင်သွင်းမှုကို ဝေဖန်ပြစ်တင်ခဲ့ပြီး လူ့အခွင့်အရေးအထူးကိုယ်စားလှယ်က လူ့အခွင့်အရေးနဲ့ ဆိုင်တာပဲလုပ်ဖို့ သတိပေးခဲ့ပါသေးတယ်။

“မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်ရဲ့ အစီရင်ခံစာတစ်ခုကို ရည်ညွှန်းပြောဆိုရမယ်ဆိုရင် အဲဒီ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်ဟာ လုပ်ပိုင်ခွင့်ကို ကျော်လွန်လုပ်ဆောင်နေတယ်လို့ ပြောချင်ပါတယ်။ အဲဒီအစီရင်ခံစာဟာ အချုပ်အခြာအာဏာပိုင်နိုင်ငံတွေကြား စစ်လက်နက်ပစ္စည်းပုံမှန်အရောင်းအဝယ်လုပ်ဆောင်မှုတွေကို အပုပ်ချတာမျိုးတွေအပြင် မမှန်ကန်တဲ့အချက်အလက်တွေကို အခြေခံထားတာမျိုး ဖြစ်နေတယ်။ တရုတ်အစိုးရဟာ အဲဒီအစီရင်ခံစာကို အခိုင်အမာ ကန့်ကွက်ဆန့်ကျင့်တယ်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်ရေးအထူးကိုယ်စားလှယ်ကို ရည်မှန်းချက်များအတိုင်းလုပ်ဆောင်ဖို့အပြင် လုပ်ပိုင်ခွင့်အာဏာကို တင်းတင်းကျပ်ကျပ်လိုက်နာပြီး မျှတစွာဆောင်ရွက်ဖို့ တောင်းဆိုပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်အနေနဲ့ အထူးကိုယ်စားလှယ်ဆိုတဲ့ ဂုဏ်သိက္ခာကို ထိခိုက်နစ်နာမှုမရှိရအောင် နိုင်ငံရေး အစီအစဉ်တွေ ဆောင်ရွက်တာမျိုးတွေကို ရပ်တန့်ဖို့လည်း တောင်းဆိုပါတယ်”လို့ မာအိုနင်က ပြောခဲ့ပါသေးတယ်။

ကြိုတင်ပြင်ဆင်မထားဘဲ ဖြစ်ခဲ့တဲ့ မြန်မာ့နွေဦး

NLD ထောက်ခံသူတွေက အာဏာသိမ်းမှုလို့ပြောပြီး SAC အစိုးရဘက်ကတော့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာထိန်းသိမ်းတာလို့ပဲပြောတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ဖြစ်စဉ်မှာ တပ်မတော်ဟာ တန်ချိန် ၈၁၀၀ ကျော်တဲ့ မာရဝိဇယရုပ်ပွားတော်မြတ်ဖြစ်လာမဲ့ စကျင်ကျောက်တုံးတော်ကြီးကို နေပြည်တော်ဆီ ရေလမ်း၊ ကုန်းလမ်းတွေကသယ်ဖို့ အလုပ်တွေရှုပ်နေခဲ့တာပါလို့ SAC ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဖွင့်ဟလာပါတယ်။

“ကျွန်တော်တို့နိုင်ငံက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှာ နိုင်ငံရေး အပြောင်းအလဲ ဖြစ်ခဲ့ပါတယ်။ ဒါကို သတိထားမိအောင် ပြောခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ အဲ့ဒီအချိန်တုန်းက တချို့သော မီဒီယာတွေ၊ တချို့သောနိုင်ငံတွေအနေနဲ့ တပ်မတော်အနေနဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ နိုင်ငံရေး အလှည့်အပြောင်းပေါ့နော်။ တပ်မတော်ကနေ ကြိုတင် စီစဉ်ခဲ့တာ။ တပ်မတော်ကနေ အများကြီး ပလန်ချပြီး လုပ်တယ်လို့ ပြောတယ်။ အမှန်တော့ ကျွန်တော်တို့က ဒီအလုပ် (မာရဝိဇယ ဆင်းတုတော် တည်ထားရန်) နဲ့ပဲ ရှုပ်နေတာ။ ၂၅ ရက်မှာ ကျွန်တော်တို့ သယ်ခဲ့တာ။ ဘယ်လောက် ပမာဏအထိ သယ်ရတယ်။ ဘယ်လောက်ပမာဏအထိ လုပ်ရတယ်ဆိုတာကို ပုံတွေလည်း မြင်ပြီး ဖြစ်ပါတယ်။ အားလုံးသည် ဒီအလုပ်နဲ့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ နိုင်ငံရေး အပြောင်းအလဲကို ကြိုတင်ပြင်ဆင်ထားတာ မရှိဘူး” လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားပါတယ်။

၂၀၂၁ ခုနှစ် အာဏာပဋိပက္ခကို ပြောမယ်ဆိုရင် ရှေ့မှာ ဘာတွေဖြစ်ခဲ့လဲ ပြန်ကြည့်ရပါမယ်။ အဲဒီဖြစ်စဥ်မတိုင်ခင် ရွေးကောက်ပွဲမှာ အာဏာသုံးပြီး NLD ပါတီနိုင်ဖို့ ကိုယ့်လူကိုယ်ခန့်တာတွေ လုပ်ခဲ့တာ၊ မနိုင်တဲ့ မဲဆန္ဒနယ်တွေ ဖျက်ခဲ့တာ၊ ကိုဗစ်အကြောင်းပြပြီး တခြားပါတီတွေရဲ့ အမတ်တွေ မဲဆွယ်ချိန်မရအောင် လုပ်ခဲ့တာ၊ မဲပေးချိန်မှာ တခြားပါတီတွေက ဝင်ပြိုင်တဲ့ အမတ်တွေ နာမည်ပါမလာခဲ့တာ၊ ရွေးကောက်ပွဲကို လေ့လာခွင့်မပြုခဲ့တာ၊ တစ်ခါမှမနိုင်ဘူးတဲ့နယ်မြေတွေပါ မဲနိုင်ကုန်တာ၊ ဒုတိယအကြိမ်လွှတ်တော်ခေါ်ဖို့ အမတ်တွေတောင်းဆိုချိန်မှာ မခေါ်ဘဲ တတိယအကြိမ်လွှတ်တော်အဓမ္မခေါ်ခဲ့တာ၊ မဲမသမာမှုလုပ်တယ်လို့ တပ်က စာရင်းစစ်ချိန်မှာ ဖြေရှင်းမှုမရှိခဲ့တာ၊ မဲ ၁၁ သန်းလောက် မသမာမှုလုပ်တယ်လို့ စွပ်စွဲခံရချိန်မှာလည်း ဒီနေ့အထိ ကျွန်တော်၊ ကျွန်မတို့က မဲမခိုးပါဘူးလို့ ဦးဝင်းမြင့်တို့၊ ဒေါ်အောင်ဆန်းစုကြည်တို့ကအစ လုံး၀ ငြင်းဆိုမထားတာတွေကို သမိုင်းထဲမှာ တွေ့ရပါလိမ့်မယ်။

သေချာတာကတော့ အဲဒီလို တုံဏိဘာဝေလုပ်နေခဲ့တာက တပ်မတော်လိုလားချက် ငါးရပ် ထွက်လာတဲ့ ၂၀၂၁ ဇန်နဝါရီ ၂၈ ရက်အထိ ညှိနှိုင်းဖြေရှင်းမှုမရှိတဲ့အကျိုးဆက်အဖြစ်တော့ ဒီနေ့ဒီအချိန်မှာ NUG ဘက်က ပြည်သူ ၃၀၀၀၀ ကျော် သတ်ဖြတ်ထားတယ်လို့ ဒူဝါလရှီးလ ဝန်ခံထားသလို SAC ဘက်ကလည်း လူ ၃၉၀၀ နီးပါး သတ်ဖြတ်ထားတယ်လို့ AAPP က စွပ်စွဲထားလို့ ပြည်သူ ၄၀၀၀၀ လောက် ကြားထဲက သေခဲ့ရပြီဖြစ်ပါတယ်။ ဒါ့အပြင် အစိုးရတစ်ရပ်ပိုင်တာမဟုတ်တဲ့ နိုင်ငံပိုင် လမ်းတွေ၊ တံတားတွေ၊ ကျောင်းတွေ၊ ရုံးတွေ၊ တာဝါတိုင်တွေ ထောင်ချီ ဖျက်ဆီးခံရလို့ တစ်နိုင်ငံလုံးလည်း မွမွကြေနေတဲ့အပြင် နှစ်ဖက်တိုက်ပွဲကြားမှာ ရွာ ၄၀၀၀၀ လောက်လည်း ပျက်စီးနေပါပြီ။ ဒီအခြေအနေဆိုးကြီးတွေဟာ လက်နက်ကိုင် အကြမ်းဖက်မှုလမ်းစဉ်ကို ထောက်ခံနေသရွေ့ အနှစ် ၂၀ လောက် ဆက်ဖြစ်နေမဲ့ အလားအလာကို မြင်နေရချိန်မှာတော့ နိုင်ငံနဲ့ ပြည်သူအတွက် တစ်ခုတည်းသော ထွက်ပေါက်ဟာ ရွေးကောက်ပွဲဖြစ်လာပြီမို့လို့ အာဏာထိန်းထားတဲ့ကာလ အမြန်အပြီးသတ်ပြီး ရွေးကောက်ပွဲတစ်ရပ်က တက်လာတဲ့ အစိုးရပေါ်ထွန်းရေးကိုပဲ ပြည်သူတွေ တွန်းအားပေးသင့်ချိန်တန်ပါပြီလို့ တင်ပြရင်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *