SAC အစိုးရအနေဖြင့် စီးပွားရေးကို ကောင်းစွာထိန်းသိမ်းနိုင်သည့် အခြေအနေရှိဟု ဆို

၂၄. ၇.၂၀၂၃
Written by Ye Kyaw

ကျပ် ၂၀,၀၀၀ တန်ငွေစက္ကူကို အထိမ်းအမှတ်အဖြစ် အကန့်အသတ်ဖြင့် ထုတ်ဝေသည့်အပြင် လဲလှယ်သည့် ငွေစက္ကူအဟောင်းများကိုလည်း ဖျက်စီးမည်ဖြစ်သဖြင့် ၂၀,၀၀၀ တန်ငွေစက္ကူများ အလုံးအရင်းနှင့် ဝင်လာရန်မရှိကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇူလိုင် ၂၄ ရက်တွင် ပြောကြားသည်။

“ဗဟိုဘဏ်က ထုတ်ပြန်တဲ့ ဒီနေ့မနက် ၉ နာရီလောက်မှာ အမေးအဖြေနဲ့ သူတို့ထုတ်ပြန်ချက်က ပြည့်စုံပါတယ်။ သို့သော် နည်းပညာပိုင်းဆိုင်ရာ အသုံးအနှုန်းတွေပါတဲ့အတွက်ကြောင့်မို့ ပြည်သူလူထု ရှင်းရှင်းလင်းလင်း နားလည်ချင်မှ နားလည်နိုင်မယ်။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော့်အနေနဲ့ ထပ်ပြီး အသိပေးလိုတာရှိပါတယ်။ ကျွန်တော်တို့သိထားဖို့က ငွေစက္ကူအသစ် ၂၀,၀၀၀ တန်က အလုံးအရင်းနဲ့ ထုတ်တဲ့ပိုက်ဆံမဟုတ်ဘူး။ အထိမ်း အမှတ်အနေနဲ့ ထုတ်လိုက်တဲ့ ငွေစက္ကူပဲဖြစ်တယ်။ တခြားနိုင်ငံတွေမှာလည်း ငွေစက္ကူတွေ ရှိခဲ့ဖူးတယ်။ မြန်မာနိုင်ငံမှာတော့ ငွေစက္ကူကို အထိမ်းအမှတ်နဲ့ ထုတ်လုပ်ခဲ့တာတော့ မရှိခဲ့ဖူးဘူး။ သို့သော် ကျွန်တော်တို့ ၇၅ နှစ် လွတ်လပ်ရေးနေ့မှာတော့ စိန်ရတုလွတ်လပ်ရေးနေ့မှာတော့ ရွှေဒင်္ဂါးအနေနဲ့ အထိမ်းအမှတ်အနေနဲ့ထုတ်ခဲ့တာရှိတယ်။ အဲဒီတုန်းကလည်း ဝယ်လို့ရတယ်ဆိုပေမဲ့ များများစားစားဝယ်လို့ရတာ မရှိပါဘူး။ ဒါလည်း ဒီလိုပါပဲ။ နောက်တစ်ခု ကျွန်တော်ပြောချင်တာက ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်ထဲမှာပါတယ်။ ဒီငွေစက္ကူ ၂၀,၀၀၀ တန်က အထိန်းအမှတ်အနေနဲ့ ထုတ်တာမို့လို့ အဲဒါနဲ့ တန်ဖိုးညီတဲ့ဟာကို ဘဏ်ကိုသွားပြီးမှ ငွေစက္ကူ ၂၀,၀၀၀ တန်အသစ်ပေးမှာပဲဖြစ်တယ်။ ဒီဟာမှာလည်း အကန့်အသတ်ရှိတယ်။ ဘဏ်မှာ အခုထုတ်လိုက်တဲ့ငွေစက္ကူ ၂၀,၀၀၀ တန်အသစ် သိန်း ၁၀၀ လိုချင်လို့ ငွေ‌စက္ကူအဟောင်းကို သိန်း ၁၀၀ နဲ့ သွားလဲလို့လည်း သိန်း ၁၀၀ မထုတ်ပေးနိုင်ဘူး။ (၃) ရွက်ပဲ ထုတ်ပေးမှာပဲ။ တစ်ဦးကို (၃) ရွက်ပဲ ထုတ်ပေးမှာ။ (၃) ရွက်ကို ထုတ်ပေးမှာကလည်း အလကားထုတ်ပေးမှာ မဟုတ်ဘူး။ မြန်မာစကားပုံနဲ့ ပြောရမယ်ဆိုရင် အားလုံး နားလည်အောင် ပြောရရင် ဆန်ပေးမှ ဆီရမှာ။ ရှင်းရှင်းလေးရယ်။ ဆန်ပေးမှဆီရမယ့်ကိစ္စပဲဖြစ်တယ်။ ဒီငွေစက္ကူတွေကိုလည်း လာပြီးအဟောင်းနဲ့ လဲလှယ်နိုင်အောင် လုပ်တာ။ အဟာင်းတွေကိုလည်း  ငွေစက္ကူအဟောင်းတွေကိုလည်း ဘဏ်တွေမှာ ဗဟိုဘဏ်ကနေ ဖျက်စီးပစ်လိုက်မှာပဲ။ ဒါကြောင့်မို့လို့ ငွေရေးကြေးရေးဈေးကွက်ထဲမှာ ငွေစက္ကူ ၂၀,၀၀၀ တန် အလုံးအရင်းနဲ့ ဝင်ရောက်လာဖို့ကိစ္စ လုံးဝလည်း မဖြစ်နိုင်ဘူး။ ဖြစ်လည်းမဖြစ်နိုင်ဘူး။ နံပါတ်တစ် ဒါကို အာမခံတယ်။ ဒါကြောင့်မို့ ငွေကြေးဖောင်းပွမှုဆိုတာ မဖြစ်နိုင်ဘူး။ ခုနကပြောတဲ့ ကောလာဟလတွေနဲ့ ထုတ်လွှင့်နေတာပဲဖြစ်တယ်။ နောက်တစ်ခုကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၆ မှာ ကျွန်တော်တို့ စီးပွားရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီးတော့ကြ အစိုးရအနေနဲ့ အာမခံတယ်။ ကျွန်တော်တို့အစိုးရသည်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ကိုလိုက်နာနေရတဲ့ အစိုးရဖြစ်တယ်။ အဲဒီထဲမှာ ပုဒ်မ ၃၆ (ဃ)အရ စီးပွားရေးဆိုင်ရာ လုပ်ငန်းများကို နိုင်ငံပိုင်သိမ်းယူခြင်းမပြု၊ ပုဒ်မ (စ)မှာ တရားဝင်ထုတ်ဝေထားသော ငွေကြေးကို တရားမဝင်ငွေကြေးအဖြစ် သတ်မှတ်ခြင်းမပြု အာမခံပြီးဖြစ်တယ်။ အဲဒီတော့ ကျွန်တော်တို့သည် တရားဝင်ထုတ်ဝေထားတဲ့ငွေကြေး ယခင်က တရားဝင်အသုံးပြုထားတဲ့ငွေကြေးကို တရားမဝင်ငွေကြေးအဖြစ် ဘယ်တော့မှ သတ်မှတ်မှာ မဟုတ်ဘူး။ ဒါလည်းအာမခံချက်ပေးလိုတယ်။ နောက်ဆုံးအသိပေးပြောကြားလိုတာကတော့ ဒါတွေသည် ကောလာဟလနဲ့ အချိန်ကိုက် ဆောင်ရွက်ခြင်းသာဖြစ်တယ်။ ဒီအခြေအနေတွေကို အစိုးရအနေနဲ့က စီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီး ကောင်းစွာထိန်းသိမ်းနိုင်တဲ့ အခြေအနေရှိပါတယ်။ ဒါကြောင့်မို့ ပြည်သူလူထုကို အသိပေးလိုတာကတော့ ပြည်သူလူထုအနေနဲ့ ယုံကြည်စိတ်ချစွာ စီးပွားရေးလုပ်ငန်းတွေကို မိမိတို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို လုပ်ကိုင်နိုင်ကြောင်း ကျွန်တော့်အနေနဲ့ ဒါအာမခံပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ကျပ်နှစ်သောင်းတန် ငွေစက္ကူထုတ်ဝေခြင်းမှာ အမှတ်တရအနေဖြင့်လည်းကောင်း၊ အကန့်အသတ်ဖြင့်သာ ငွေစက္ကူအဟောင်းအား အစားထိုးလဲလှယ်ပေးခြင်းဖြစ်၍လည်းကောင်း ငွေကြေးဖောင်းပွမှု မဖြစ်နိုင်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဇူလိုင်လ ၂၃ ရက်တွင် ထုတ်ပြန်ထားသည်။

ဟောင်းနွမ်း ငွေစက္ကူများကို အစားထိုးလဲလှယ်ပေးခြင်းတွင် လူတစ်ဦးလျှင် နှစ်သောင်းကျပ်တန်ငွေစက္ကူ (၃)ရွက်ခန့်သာ လဲလှယ်နိုင်မည်ဖြစ်ပြီး အမှတ်တရအနေဖြင့် တန်ဖိုးတူပြန်လည်ထည့်သွင်း လဲလှယ်ပေးခြင်းဖြစ်သည့်အတွက် အကန့်အသတ်ဖြင့်သာ လဲလှယ်ပေးမည်ဖြစ်ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

ကျပ်နှစ်သောင်းတန် ငွေစက္ကူအသစ်ကို ဇူလိုင်လ ၃၁ ရက်တွင် ထုတ်ဝေမည်ဖြစ်ကြောင်း၊ ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူထုတ်ဝေမှု အကြောင်းပြုပြီး ကုန်ဈေးနှုန်းဆွဲတင်ခြင်း၊ ဒေါ်လာဈေးတက်ရန် ကြိုးစားခြင်းသည် အများပြည်သူအကျိုးစီးပွားပျက်စီးရန် ကြိုးစားသူများဖြစ်၍ အရေးယူမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သတိပေးကြေညာထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *