April 25, 2024

၈. ၆. ၂၀၂၃

Written by Thettant

အမေရိကန်ရဲ့ မေဂျာလိဂ် MLS မှာ အဆင့် ၁၅ နဲ့ ရပ်တည်နေပြီး အောက်ဆုံးအသင်းတစ်ခုဖြစ်တဲ့ ဒေးဗစ်ဘက်ခမ်းရဲ့ အင်တာမိုင်ယာမီအသင်းဆီကို မက်ဆီ​ ပြောင်းရွှေ့သွားပြီလို့ ဇွန်လ ၇ ရက် ညပိုင်းမှာ သတင်းထွက်ပေါ်ခဲ့ချိန် အားလုံးက ကောလာဟလလို့ပဲ ထင်ခဲ့ကြပေမဲ့ လက်ရှိမှာတော့ အင်တာမိုင်ယာမီအသင်းကို မက်ဆီ ပြောင်းရွှေ့သွားခဲ့ပြီလို့ သက်ဆိုင်သူအားလုံးက တရားဝင်အသိပေးလိုက်ပြီဖြစ်ပါတယ်။

Ballon D’or ခုနစ်ဆုနဲ့ ကမ္ဘာ့ဖလားဆုရှင် မက်ဆီဟာ PSG အသင်းမှာ လှောင်ပြောင်ခံရပြီး အောင်မြင်မှုကြီးကြီးမားမားမရတဲ့နောက် မက်လောက်စရာငွေကြေးတွေနဲ့ ဆော်ဒီအသင်းတွေဆီမှာ အယ်ဟီလယ်နဲ့ တစ်နှစ်ကို ပေါင်ဘီလျံနီးပါးရအောင် ရေခပ်တော့မယ်လို့ ထင်ခဲ့ကြသလို ဘာစီလိုနာကို ပြန်တော့မယ်ထင်ခဲ့ကြပေမဲ့လည်း ၃၅ နှစ်သားကတော့ သူ့အတွက် ဖိအားနည်းမဲ့ အင်တာမိုင်ယာမီအသင်းကို ရွေးချယ်သွားခဲ့တာပါ။

“ကျွန်တော်ဘာကာကို မပြန်ပါဘူး။ အင်တာမိုင်ယာမီကို သွားတော့မယ်”လို့ Mundo Deportivo ကို မက်ဆီကဖြေခဲ့သလို ဘာစီလိုနာကို ပြန်မလာရဘူးဆိုရင် ကျွန်တော်ဥရောပကနေ ထွက်ခွာချင်တယ်လို့လည်း မက်ဆီက ပြောခဲ့ပါသေးတယ်။

ဆော်ဒီကို မက်ဆီမရွေးချယ်ရခြင်းရဲ့ အဓိကအချက်ကတော့ သူတို့ရဲ့ကလေးတွေကို ဘာသာရေးတင်းကျပ်ပြင်းထန်တဲ့ ဆော်ဒီမှာ မကြီးပြင်းစေချင်လို့ပါ။ ဘာကာကို မက်ဆီမပြန်ရခြင်းရဲ့ အဓိကအချက်ကတော့ ဘာစီလိုနာရဲ့ ဘဏ္ဍာရေးအကျပ်အတည်းကြောင့်ပါ။ မက်ဆီကို ပြန်ခေါ်ဖို့ဆိုရင် ဘာကာဟာ ကစားသမားတချို့ရောင်းချရမှာ လစာလျှော့ချရမဲ့ပြသနာတွေရှိနေခဲ့ပြီး မက်ဆီက သူပြန်လာလို့ဖြစ်ရမဲ့ ဒီအခြေအနေတွေကို ရင်မဆိုင်ချင်ခဲ့ပါဘူး။

ဒီလိုအခြေအနေအပေါ် ဘာကာဥက္ကဋ္ဌ လာပေါ်တာကလည်း မက်ဆီဟာ မကြာသေးမီနှစ်တွေထဲမှာ သူကြုံတွေ့နေရတဲ့ ဖိအားတွေနဲ့ ဝေးကွာတဲ့ တောင်းဆိုမှုနည်းပါးတဲ့ လိဂ်တစ်ခုမှာ ယှဉ်ပြိုင်ချင်တဲ့ မက်ဆီရဲ့ ဆုံးဖြတ်ချက်ကို နားလည်လေးစားပါတယ်လို့လည်း တရားဝင်ကြေညာချက်ထုတ်ခဲ့ပါတယ်။

အင်တာမိုင်ယာမီအသင်းမှာ မက်ဆီဟာ တစ်နှစ်ဒေါ်လာ သန်း ၁၀၀ နီးပါးရရှိမှာဖြစ်သလို နှစ်ရာသီကစားပြီးရင် တစ်ရာသီသက်တမ်းတိုးခွင့်၊ MLS Apple TV နဲ့ Adidas ကုမ္ပဏီက အမြတ်ခံစားခွင့်၊ ပုံရိပ်အသုံးပြုခွင့်၊ အနားယူပြီးနောက်မှာ အင်တာမိုင်ယာမီအသင်းကို တစ်စိတ်တစ်ပိုင်း ပိုင်ဆိုင်ခွင့်၊ မေဂျာလိဂ်အသင်းတစ်သင်းကို ဝယ်ယူခွင့် အစရှိတဲ့ အကျိုးအမြတ်ခံစားခွင့်တွေ ရရှိသွားမယ်လို့လည်း ကနဦးသတင်းတွေအရ သိရပါတယ်။

လက်ရှိအချိန်မှာကို မက်ဆီဟာ အင်တာမိုင်ယာမီကိုပြောင်းရွှေ့လာတော့မယ်လို့ အားလုံးကအတည်ပြုပြီးတဲ့နောက်မှာ အင်တာမိုင်ယာမီရဲ့ အင်စတာဂရန်ဟာ မူလက ဖော်လိုဝါ တစ်သန်းကျော်ပဲရှိနေရာကနေ နာရီပိုင်းအတွင်းမှာ ဖော်လိုဝါ သုံးသန်းကျော်ခုန်တက်သွားပြီး လူတွေစိတ်မဝင်စားတဲ့ မေဂျာလိဂ်ဟာ GOAT Effect ကြောင့် လူစိတ်ဝင်စားတဲ့ ဘောလုံးလိဂ်တစ်ခုဖြစ်လာတော့မှာပါ။ လက်ရှိမှာ ဘက်ခမ်းရဲ့အင်တာမိုင်ယာမီက မေဂျာလိဂ်မှာ ၁၆ ပွဲကန်၊ ၁၁ ပွဲရှုံးပြီး ၁၅ မှတ်နဲ့ ဇယားအောက်ဆုံးမှာ ရပ်တည်နေလို့ ဒါကိုသူပြန်ဆွဲတင်နိုင်ပါ့မလားဆိုတာကို စောင့်ကြည့်ရဦးမှာပါ။

သေချာတာကတော့ မက်ဆီဟာ သူရဲ့ လာလီဂါပြင်ပကမ္ဘာ PSG ဟာ လှောင်ပြောင်ခံရမှုတွေနဲ့ နိမ့်ကျခဲ့ရလို့ နှလုံးသားအိပ်မက်ဦးရှိရာ ဘာကာကို အသေအချာပြန်ချင်ခဲ့တာပါ။ တစ်ဖက်မှာလည်း တစ်နှစ်တစ်နှစ်ကို ပေါင် တစ်ဘီလျံနီးပါးရမဲ့ အယ်ဟီလယ်ရှိနေပါသေးတယ်။ ဒါပေမဲ့လည်း ဘာကာရဲ့ ဘဏ္ဍာရေးအကျပ်အတည်းနဲ့ ရင်သွေးတွေအနာဂတ်ကို ဘာသာရေးအစွန်းရောက်တင်းကျပ်တဲ့ ဆော်ဒီမှာကြီးပြင်းပြီး မဖြတ်သန်းစေချင်တဲ့ ဖခင်တစ်ယောက်ရဲ့ မေတ္တာတရားကလည်း သူ့ကိုအနိုင်ယူသွားတဲ့အဆုံးမှာ ငွေကြေး၊ နှလုံးသား အားလုံးကို စွန့်ပယ်ပြီး ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဖိအားနည်းပြီး မိသားစုဘဝကို အကောင်းဆုံးတည်ဆောက်နိုင်မယ်ထင်တဲ့ အမေရိကန် မေဂျာလိဂ်ကို ရွေးချယ်သွားခဲ့တာပါ။ ဒါဟာ သူ့ရဲ့ ဖခင်ကောင်းဆန်တဲ့ အနာဂတ်ရွေးချယ်မှုဖြစ်လို့ ဥရောပမှာ သူ့ကိုပြန်မြင်ချင်တဲ့ အားလုံးရဲ့ ဆန္ဒကို သိုဝှက်ပြီး မက်ဆီရဲ့ဆုံးဖြတ်ချက်ကိုပဲ ကျွန်တော်တို့ လေးစားကြရအောင်ပါ…။

Leave a Reply

Your email address will not be published. Required fields are marked *