April 24, 2024

MT News
၈. ၆. ၂၀၂၃

ဒီနေ့မနက်အစောပိုင်း ယှဥ်ပြိုင်ဗိုလ်လုကြတဲ့ ယူရိုပါကွန်းဖရန့်လိဂ်မှာ အင်္ဂလန်ကလပ်ဝက်စ်ဟမ်းအသင်းဟာ အီတလီက ဖီအိုရင်တီးနားကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရဗိုလ်စွဲခဲ့သလို အင်္ဂလန်ကလပ်အသင်းတွေထဲ ဒီချန်ပီယံဆုကို ပထမဆုံးရခဲ့တဲ့အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဒီနေ့ပွဲမှာ ဖီအိုရင်တီးနားဟာ ဝက်စ်ဟမ်းကို ဂိုးကန်သွင်းမှုအသာ၊ ဖြတ်တင်ဘောတွေ ဘောလုံးပိုင်ဆိုင်မှုတွေ အကုန်အသာစီးနဲ့ ကစားနိုင်ခဲ့ပေမဲ့လည်း ပွဲအပြီးရလဒ်ကတော့ ဂိုးပိုသွင်းနိုင်တဲ့ ဝက်စ်ဟမ်းအသင်းက နိုင်သွားခဲ့ပါတယ်။

ပထမပိုင်းမှာ ဖီအိုရင်တီးနားတို့ ဂိုးသွင်းခဲ့ပေမဲ့ လူကျွံနေခဲ့တာကြောင့် စိတ်ပျက်စရာဖြစ်ခဲ့ရသလို ဒုတိယပိုင်းမှာမြင်ခဲ့ရတဲ့ ဒီပွဲရဲ့ ပထမဆုံးသွင်းဂိုးက ပင်နယ်လ်တီဂိုးပါ။ ပင်နယ်လ်တီဧရိယာထဲမှာ ဘောလုံးယှဥ်လုချိန် ဖီအိုကပ္ပတိန်ဘီရာဂီရဲ့ လက်ထိဘောနဲ့ VAR Check ပြီး ပေးခဲ့ရတာဖြစ်ပြီး ဘီရာဂီအတွက် ကံမကောင်းတဲ့ ဒီဗိုလ်လုပွဲမှာ သောင်းကျန်းတဲ့ ဝက်စ်ဟမ်းပရိသတ်တွေ ပစ်ပေါက်မှုကြောင့် ခေါင်းကွဲသွားပြီး သွေးသံရဲရဲလည်း ဖြစ်ခဲ့ရသေးတာပါ။ ရလာတဲ့ ပင်နယ်လ်တီကို ပွဲချိန် ၆၂ မိနစ်မှာ ဘန်ရာမာက ဝက်စ်ဟမ်းအတွက် စတင်ဦးဆောင်ဂိုးသွင်းပေးခဲ့ပေမဲ့လည်း ပွဲချိန် ၆၆ မိနစ်မှာတော့ ဖီအိုရင်တီးနားအသင်းချေပဂိုးပြန်ရခဲ့ပြီး ကွင်းလယ်မှာ ခြေစွမ်းပြနေတဲ့ ဘိုနာဗန်ကျူရာက ဝက်စ်ဟမ်းဂိုးဧရိယာထဲမှာ နောက်ခံလူနှစ်ယောက်ကြားက လှလှပပကန်သွင်းသွားခဲ့ပါတယ်။

တစ်ဖက်တစ်ဂိုးနဲ့ သရေကျပြီးတဲ့နောက်မှာ ဖီအိုရင်တီးနားဟာ ဂိုးရဖို့ထက် ပွဲကိုထိန်းကစားဖို့ ကြိုးစားနေတဲ့ပုံစံဖြစ်လာပြီး ပင်နယ်လ်တီဆွဲခေါ်ချင်နေတာလား တွေးစရာဖြစ်ပေမဲ့ ဝက်စ်ဟမ်းကတော့ ချန်ပီယံဖြစ်စေမဲ့ ဂိုးသွင်းဖို့အားပြုကစားလာနေတာကြောင့် ဝက်စ်ဟမ်းအသင်း အဖိုးတန်အနိုင်ဂိုးရရရှိခဲ့ပါတယ်။ မိနစ် ၉၀ မှာ ပါကွီတာ ခင်းပေးလိုက်တဲ့ ဘောလုံးကို ဘိုဝင်က ဖီအိုရင်တီးနား ကစားသမားသုံးယောက်ကြားကနေ တစ်ယောက်တည်း တောက်လျှောက်ဆွဲယူသွားပြီး ဂိုးသမားနဲ့ ရင်ဆိုင်အတွေ့မှာ လှလှပပ ကန်သွင်းပြီး ဝက်စ်ဟမ်းကို ချန်ပီယံဖြစ်စေခဲ့ပါတယ်။

ယူရိုပါကွန်းဖရန့်လိဂ် ချန်ပီယံဆုဟာ ဝက်စ်ဟမ်းအသင်းအတွက် ၄၃ နှစ်အတွင်း ပထမဆုံးပြန်ရတဲ့ အဓိကဆုဖလားပါ။ ဝက်စ်ဟမ်းအသင်းဟာ ယူရိုပါကွန်းဖရန့်လိဂ် ချန်ပီယံဆုကို ရရှိခဲ့တာကြောင့် လာမယ့်ရာသီ ယူရိုပါလိဂ်ဝင်ခွင့်ရရှိမှာပါ။

အားလုံးသောအချက်အလက်တွေထဲမှာ အထူးခြားဆုံးအောင်မြင်မှုကတော့ ဒီရာသီမှာ ချဲလ်ဆီး၊ အာဆင်နယ်၊ စပါး စတဲ့ ကမ္ဘာ့ဘောလုံးအသင်းတွေရဲ့ ကျားကြီးတွေ ဦးဆောင်နေတဲ့ လန်ဒန်မှာ ဝက်စ်ဟမ်းဟာ တစ်သင်းတည်းသော ဆုဖလားရရှိခဲ့တဲ့ လန်ဒန်ကလပ်အသင်းဖြစ်ခဲ့ပြီး ကျန်တဲ့ နာမည်ကြီးလန်ဒန်ကလပ်အသင်းတွေကတော့ ခွက်ပျောက်ခဲ့တာပါ။

Leave a Reply

Your email address will not be published. Required fields are marked *