April 26, 2024

၇. ၆. ၂၀၂၃
Written by Ye Kyaw

ဆန်စားသုံးမှုမြင့်မားလျက်ရှိသည့် မြန်မာနိုင်ငံ၏ ပြည်တွင်းစားဆန်ဈေးနှုန်းသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ နှစ်ဆန်းပိုင်းမှစတင်၍ ပြည်တွင်းစားဆန်များ၏ ဈေးနှုန်းများ မြင့်တက်မှုဖြစ်ပေါ်ခဲ့ပြီး ၂၀၂၂ ခုနှစ် ဇူလိုင်လအတွင်း သိသိသာမြင့်တက်ခဲ့ခြင်းဖြစ်သည်။

ထို့အတူ ၂၀၂၃ ခုနှစ် ဧပြီလကုန်အထိ ဆက်လက်မြင့်တက်ခဲ့သည့် ပြည်တွင်းဆန်ဈေးနှုန်းသည် ယခု ဇွန်လဆန်းပိုင်းတွင် ထပ်မံမြင့်တက်လာရာ တစ်နှစ်ခွဲအတွင်း ဆန်ဈေးနှုန်း အမျိုးအစားအလိုက် ရာခိုင်နှုန်း ၈၀ မှ ရာခိုင်နှုန်း ၁၄၀ ကျော်အထိ မြင့်တက်လာသောကြောင့် ပြည်သူများအခက်ကြုံနေရပြီး အခြေခံလူတန်းစားများပိုမို အခက်ကြုံနေရခြင်းဖြစ်သည်။

“အရင်က ၃,၈၀၀ လောက်ဆိုရင် ဆန်အကောင်းတော့ မဟုတ်ဘူး။ ကောင်းတာလေးပေါ့။ အခုက ဆန်ကောင်းတာလေးဆို ၄,၀၀၀ ကျော်သွားပြီ။ အရင်က ၃,၈၀၀၊ ၄,၀၀၀ ကနေ အခု ၄,၅၀၀ ပေါ့။ အဲဒီလောက်မှပဲ ကောင်းတာလေးရတာ။ တစ်ပြည်ကို ၆,၀၀၀ လောက်တွေကတော့ ရှယ်တွေပေါ့။ အစ်မတို့ကတော့ ၄,၅၀၀ လောက်ဆိုရင် အဆင်ပြေတယ်။ သူက ကောင်းတဲ့အထဲပါတယ်။ အရမ်းကြီး မကောင်းတာပဲရှိတယ်” ဟု တောင်ဒဂုံမြို့နယ်မှ အိမ်ရှင်မတစ်ဦးက ပြောသည်။

ဇွန်လ ၇ ရက်တွင် ပြည်တွင်းဆန်ဈေးနှုန်းများသည် ပေါ်ဆန်းဆန်(ရိုးရိုး) တစ်အိတ်လျှင် ၁၁၀,၀၀၀ ကျပ်၊ ဖျာပုံပေါ်ဆန်းဆန် တစ်အိတ်လျှင် ၈၈,၀၀၀ ကျပ်၊ ကြားပျံရှယ် တစ်အိတ်လျှင် ၉၂,၀၀၀ ကျပ်၊ ဧည့်မထဆန် တစ်အိတ်လျှင် ၆၂,၀၀၀ ကျပ်၊ ငစိန် တစ်အိတ်လျှင် ၅၈,၀၀၀ ကျပ်၊ ရက် (၉၀) တစ်အိတ်လျှင် ၇၄,၀၀၀ ကျပ်အထိ မြင့်တက်ခဲ့ပြီး ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းနှင့် နှိုင်းယှဥ်ပါက ဆန်အမျိုးအစားအလိုက် ၃,၀၀၀ ကျပ်မှ ၉,၀၀၀ ကျပ်အထိ ထပ်မံမြင့်တက်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ လက်ရှိ ဇွန်လဆန်းပိုင်းအထိ တစ်နှစ်ခွဲအတွင်း ပြည်တွင်းစားဆန် တစ်အိတ်ဈေးနှုန်းသည် ဆန်အမျိုးအစားအလိုက်  ပေါ်ဆန်းဆန်(ရိုးရိုး) ၈၃ ရာခိုင်နှုန်း၊ ဖျာပုံပေါ်ဆန်းဆန် ၈၇ ရာခိုင်နှုန်း၊ ကြားပျံရှယ်ဆန် ရာခိုင်နှုန်း ၉၀ ကျော်၊ ဧည့်မထဆန် ၁၂၉ ရာခိုင်နှုန်း၊ ငစိန်ဆန် ၁၃၄ ရာခိုင်နှုန်း၊ ရက် (၉၀)ဆန် ၁၄၆ ရာခိုင်နှုန်းအထိ ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)မှ ထုတ်ပြန်ထားသည့် ဆန်ဈေးနှုန်းများအရ သိရသည်။

“အခုက ပေါ်ဆန်းထူးထူးရှယ် အကောင်းစားဆိုရင် ဈေးလည်းကောင်းတယ်။ အဝင်လည်းနည်းတယ်လို့ ဆိုရမယ်။ တစ်ပြည်ကို ၆,၀၀၀ အထက်ပဲ။ တစ်အိတ်ကို တစ်သိန်းခွဲဝန်းကျင်ဖြစ်နေပြီ။ အစ်မတို့ဆို မတင်တော့ဘူး။ အခုရောင်းအားကောင်းတာက ကြားပျံရှယ် (အရပ်ခေါ်ဆိုရင် တောင်ပျံပေါ့) အဲဒါကတော့ တစ်ပြည်ကို ၄,၀၀၀ ဝန်းကျင်ရှိတယ်။ အဲဒီကြားပျံက ရောင်းအားကောင်းတယ်။ လူကြိုက်များတဲ့သဘောပေါ့” ဟု သင်္ဃန်းကျွန်းမြို့နယ်၊ ဘုရားလမ်းဈေးမှ ဆန်လက်လီ/လက်ကားအရောင်းဆိုင်မှ တာဝန်ရှိသူက ပြောသည်။

ကမ္ဘာ့နိုင်ငံများအနက် မြန်မာနိုင်ငံသည် ဆန်အများဆုံးစားသုံးသော နိုင်ငံများတွင် ကမ္ဘာ့အဆင့် ၈ နေရာတွင် ရပ်တည်နေပြီး ဆန်အများဆုံးတင်ပို့သော နိုင်ငံများတွင် ကမ္ဘာ့အဆင့် ၅ နေရာတွင် ရပ်တည်လျက်ရှိ‌ကြောင်း ၂၀၂၃ ခုနှစ်၊ မတ်လတွင် ထုတ်ပြန်ခဲ့သည့် ဂျာမနီအခြေစိုက် သုတေသီအဖွဲ့အစည်းတစ်ခုဖြစ်သော Statista ၏ ဖော်ပြချက်အရ သိရသည်။

ယင်းကဲ့သို့ ဆန်စားသုံးမှုများသော မြန်မာနိုင်ငံတွင် ပြည်တွင်းစားဆန် ဆန်ချောများသည် ၂၀၂၂ ခုနှစ် ဇူလိုင်လအတွင်း စတင်ဈေးနှုန်းမြင့်လာခဲ့ရာ ဆန်ချောမစားနိုင်တော့သည့်အတွက် ဆန်ကြမ်းပြောင်းလဲ စားသုံးလာမှုကြောင့် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလအတွင်း ဆန်ကြမ်းဈေးနှုန်းများလည်း လိုက်ပါမြင့်တက်ခဲ့သည်။ လက်ရှိတွင် အခြေခံလူတန်းစား စားသုံးသည့် ဆန်ကြမ်းဈေးနှုန်း တစ်နှစ်ကျော်အတွင်း ရာခိုင်နှုန်း ၁၂၀ ကျော်အထိ မြင့်တက်လာခဲ့ကြောင်း ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)မှ ထုတ်ပြန်ထားသည့် ဈေးနှုန်းများအရ သိရသည်။

အခြားတစ်ဖက်တွင်လည်း စိုက်ပျိုးစရိတ်၊ သွင်းအားစုများ ဈေးနှုန်းတက်ခြင်း၊ အလုပ်သမား ရှားပါးခြင်းတို့ကြောင့် စပါးဈေး မြင့်တက်ခြင်းနှင့်အတူ  ပြည်တွင်း၌ ဆန်လိုအပ်ချက်များနေသဖြင့် နယ်မြို့များရှိ စပါးကုန်သည်များ စပါးဝယ်ယူမှု မြင့်တက်လာခြင်းကြောင့် စပါးဈေးများလည်း ယခင်ထက် မြင့်တက်လျက်ရှိကြောင်း သိရသည်။

“စပါးဈေးက အရင်က ငွေတိုးတို့၊ ရက် (၉၀)တို့က ရှစ်သိန်းပတ်ချာလည်ပဲရှိတာ။ မနှစ်ကဆို ၁၀ သိန်းတစ်ပတ်လည်ကနေ ဒီနေ့ နွေရာသီမှာ ၁၅ သိန်းကျော်က အခုဆို သိန်း ၂၀ အထိဖြစ်နေပြီ လယ်သမားကလည်း တချို့ဆို ရောင်းထားတာ ကုန်နေပြီလေ။ ကုန်နေလို့ လိုအပ်ချက်များလို့ ဈေးတက်တယ်။ ဝယ်ရောင်းသမားကလည်း စပါးဈေးမြင့်ပေးထားရတော့မှ အမြင့်ဈေးပေးဝယ်တဲ့စပါးကို ကြိတ်ရတာဆိုတော့လည်း ဆန်ဈေးလည်းမြင့်တာပေါ့” ဟု ပဲခူတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်မှ စပါးပွဲစားတစ်ဦးက ပြောသည်။

ပြည်တွင်းစားသုံးသည့် ဆန်ချောအမျိုးအစားများကို အညာဒေသ မြန်မာပြည်အလယ်ပိုင်းနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် အများဆုံးစိုက်ပျိုးခြင်းဖြစ်ကာ ပြီးခဲ့သည့်နှစ်နှစ်အတွင်း နယ်မြေမအေးချမ်းခြင်းကြောင့် စိုက်ပျိုးမှုလျော့ကျခဲ့သည့်အပြင် လမ်းပန်းဆက်သွယ် ရေး အခက်အခဲများကြောင့် သယ်ယူပို့ဆောင်ရေးစရိတ်များလည်း မြင့်တက်မှုများရှိခဲ့ကြောင်း ဆန်စပါးကုန်သည်များထံမှ သိရသည်။

စိုက်ပျိုးစရိတ်၊ သယ်ယူပို့ဆောင်ရေးစရိတ်၊ သွင်းအားစုကုန်ကျစရိတ်များ ယခုထက် ဆက်လက်မြင့်တက်နိုင်သဖြင့် စပါးဈေးထပ်မံမြင့်တက်မှုနှင့်အတူ ဆန်စားသုံးမှုများသော နိုင်ငံဖြစ်၍ ဆန်လိုအပ်ချက်လည်း ပို၍ဖြစ်ပေါ်လာနိုင်ခြင်းတို့ကြောင့် ပြည်တွင်းဆန်ဈေး အကျဘက်ထက် အတက်ဘက်ကို ဆက်လက်ဦးတည်နိုင်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News