သတိုး
၁. ၁၀. ၂၀၂၆
ဂျပန်နိုင်ငံမှာ ကျင်းပနေတဲ့ အကြိမ် ၂၀ မြောက် အာရှအားကစားပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု Esports အသင်းဖြစ်တဲ့ Team Zanak အဖွဲ့ဟာ အင်ဒိုနီးရှားကို လေးပွဲပြတ် ၄ – ၀ ရလဒ်နဲ့ အနိုင်ယူပြီး သမိုင်းဝင်ရွှေဆုကြီးကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ဆီမီးဖိုင်နယ်မှာ မလေးရှားကို အနိုင်ယူပြီး ဗိုလ်လုပွဲဆီ ရှုံးပွဲမရှိတက်လာတဲ့ မြန်မာအသင်းနဲ့ အင်ဒိုနီးရှားအသင်းတို့ရဲ့ MLBB Grand Final ပွဲကြီးကို ဂျပန်နိုင်ငံ၊ Aichi ပြည်နယ်၊ Tokoname မြို့ရှိ Aichi Sky Expo မှာ ဒေသစံတော်ချိန် ၁၁ နာရီခွဲက ကျင်းပခဲ့တာဖြစ်ပြီး ပွဲငယ် ခုနစ်ပွဲကစားရတဲ့ Grand Final ပွဲမှာ မြန်မာကိုယ်စားပြု Team Zanaka က ပြိုင်ဘက်အင်ဒိုနီးရှားကို တစ်ပွဲတောင် အသာစီးယူခွင့်မပေးဘဲ ၄ – ၀ ရလဒ်နဲ့ အာရှအားကစားပြိုင်ပွဲရဲ့ မြန်မာ့ Esports သမိုင်းမှာ ပထမဆုံး ချန်ပီယံ ရွှေတံဆိပ်ဆု ဆွတ်ခူးပေးခဲ့တာ ဖြစ်ပါတယ်။

“၂၀ ကြိမ်မြောက် Asian Games MLBB Grand Final Game 4 မှာ Team Zanaka MLBB အသင်းက Indonesia ကို 4-0 ရလဒ်နဲ့ အပြတ်အသတ်အနိုင်ယူပြီး မြန်မာနိုင်ငံအတွက် ရွှေတံဆိပ်ဆုကို ဆွတ်ခူးနိုင်ခဲ့ပါပြီ။ Game 1 ကနေ Game 4 အထိ အရှုံးမရှိတဲ့ ပြီးပြည့်စုံတဲ့စွမ်းဆောင်ရည်နဲ့ အမြင့်ဆုံးစင်မြင့်ပေါ်မှာ မြန်မာ့အလံကို လွှင့်ထူပေးခဲ့တဲ့ Team Zanaka MLBB အသင်းဟာ မြန်မာ့အားကစားသမိုင်းရဲ့ ရွှေရောင်စာမျက်နှာသစ်တစ်မျက်နှာကို ရေးထိုးနိုင်ခဲ့ပါပြီ။”လို့ Team Zanaka အဖွဲ့က ထုတ်ပြန်ထားသလို “အာရှစင်မြင့်ထက်မှာ မြန်မာနိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်ခဲ့တဲ့ ကျွန်တော်တို့ YG MLBB (Team Zanaka) အနေနဲ့ Asian Games 2026 ရဲ့ ခက်ခဲတဲ့ ပြိုင်ဘက်နိုင်ငံတွေကို အကောင်းဆုံး ကျော်ဖြတ်ပြီး မြန်မာနိုင်ငံအတွက် Champion title နဲ့အတူ ရွှေတံဆိပ်ဆုကိုပါ ဆွတ်ခူးနိုင်ခဲ့ပြီး သမိုင်းသစ်တစ်ခုကို စတင်ရေးထိုးနိုင်ခဲ့ပါပြီ။ နိုင်ငံ့ကိုယ်စားပြုအဖြစ် ပါဝင်ယှဉ်ပြိုင်ရင်း ပွဲတိုင်းမှာ အကောင်းဆုံး ပုံစံနဲ့ အစွမ်းကုန် စိန်ခေါ်ဖြတ်ကျော်ခဲ့ကြတဲ့ အသင်းသားတစ်ယောက်ချင်းစီတိုင်းရဲ့ ကြိုးစားမှုအတွက်လည်း အတိုင်းမသိ ဂုဏ်ယူမိပါတယ်။ ပြိုင်ပွဲတစ်လျှောက် ယုံကြည်မှုမပျက်ဘဲ အတူရှိပေးခဲ့ကြတဲ့ ပရိသတ်တစ်ဦးချင်းစီတိုင်းကို အထူးပင် ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။”လို့ Team Zanaka အဖွဲ့သားတွေဖြစ်တဲ့ YG MLBB က ဂုဏ်ယူစွာ အသိပေးပါတယ်။
