၁.၁၀.၂၀၂၆
Written by Thiri
မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့်လို့ ဒေသခံတွေ ဝေဖန်လျက်ရှိတဲ့ တောင်ငူမြို့မှ မိသားစုတွင်း လူသတ်မှုတစ်ခုမှာ စိတ်မတည်မငြိမ် ဖြစ်နေတဲ့ သားဖြစ်သူက စီမံကိန်းဦးစီးအရာရှိဖြစ်သူ မိခင်ကို ဓားမနဲ့ အချက်ပေါင်းများစွာ ခုတ်နှက်ခဲ့တာကြောင့် မိခင်ဖြစ်သူ ဆေးရုံမှာ သေဆုံးသွားခဲ့တဲ့ ဖြစ်စဉ် မနေ့က စက်တင်ဘာ ၃၀ ရက်မနက်အစောပိုင်းက ဖြစ်ပွားခဲ့ပါတယ်။
မနေ့က နံနက် ၅ နာရီခန့်က တောင်ငူမြို့၊ အမှတ် (၁၀) ရပ်ကွက်၊ အုတ်ကျွတ်တန်း၊ ၁၀ လမ်းရှိ နေအိမ်မှာ အဆိုပါ ဖြစ်စဉ် ဖြစ်ပွားခဲ့တာဖြစ်ပြီး ကျူးလွန်တဲ့ သားဖြစ်သူ ဟန်ထူးအောင် (၂၂ နှစ်) က မိခင်ဖြစ်သူ ရေတာရှည်မြို့ စီမံကိန်းဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းစံ (၄၉ နှစ်) ကို အရိုး ၁၃ လက်မ၊ အသွား ၉ လက်မခန့်ရှိ ဓားမနဲ့ ခုတ်ခဲ့တာ ဖြစ်ပါတယ်။
ခုတ်နှက်ခံရမှုကြောင့် ဒေါ်ငြိမ်းငြိမ်းစံရဲ့ ဦးခေါင်း၊ နှာခေါင်း၊ ပါးစပ်၊ လက်ကောက်ဝတ်နဲ့ လက်ချောင်းတွေမှာ ပြတ်ရှဒဏ်ရာများစွာ ရရှိခဲ့ပြီး တောင်ငူဆေးရုံကြီးဆီ တင်ပို့ကုသစဉ် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
မိခင်ဖြစ်သူကို ဓားမနဲ့ ခုတ်သတ်ခဲ့တဲ့ သားဖြစ်သူ ဟန်ထူးအောင်ကို တောင်ငူမြို့မ ရဲစခန်းက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ (လူသတ်မှု) နဲ့ အမှုဖွင့် အရေးယူထားပြီး လက်ရှိမှာ တရားခံ ဟန်ထူးအောင်ကို သက်ဆိုင်ရာ ရဲစခန်းက ထိန်းသိမ်းထားရှိပြီး ဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူနိုင်ရေးအတွက် တာဝန်ရှိသူတွေက ဆက်လက် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရပါတယ်။
