သက်တံ့
၁. ၁၀. ၂၀၂၆
အိမ်နီးချင်း မြန်မာနိုင်ငံရှိ သတ္တုတူးဖော်ရေး လုပ်ငန်းများနှင့် ဆက်စပ်ပြီး ထိုင်းနိုင်ငံအတွင်းရှိ အနည်းဆုံး မြစ် ၆ စင်းတွင် ညစ်ညမ်းသော သတ္တုဓာတ်များ (Heavy Metals) ကြောင့် ရေထုညစ်ညမ်းမှုများ ဖြစ်ပေါ်နေသော်လည်း ထိုင်းနိုင်ငံ၌ မှတ်ပုံတင်ထားသည့် ကုမ္ပဏီ ၅၀ ကျော်သည် မြန်မာနိုင်ငံမှ အရေးပါသော သတ္တုဓာတ်များကို တင်သွင်းလျက်ရှိကြောင်း သိရသည်။
ထိုသို့ တင်သွင်းလာသည့် ကုန်ကြမ်းများအနက် အများအပြားကို တရုတ်နိုင်ငံသို့ ပြန်လည်ရောင်းချနေခြင်းဖြစ်ကြောင်းလည်း ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သတ္တုထုတ်ယူမှုနှင့် သယံဇာတဆိုင်ရာ သတင်းများကို ဖော်ပြနေသည့် Mongabay သတင်းဌာနက ရေးသားခဲ့သည်။
Mongabay က စိစစ်ကြည့်ရှုခဲ့သည့် မှတ်တမ်းများအရ ၂၀၂၅ ခုနှစ် ပထမ ၉ လတာကာလအတွင်း ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံမှ အန်တီမိုနီ (Antimony)၊ တန်းစတန် (Tungsten)၊ ကြေးနီ၊ ခဲ နှင့် မဂ္ဂနီးစ် သတ္တု စုစုပေါင်း တန်ချိန် ၁၀၅,၇၅၂ တန်ကို သတ္တုရိုင်း ပုံစံဖြင့် အများဆုံး တင်သွင်းခဲ့သည်။ ယင်းတင်ပို့မှု၏ တန်ဖိုးမှာ ဘတ် ၁၃ ဒသမ ၉ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၄၂၂ သန်းခန့်) ရှိခဲ့သည်။ ထိုပမာဏသည် ၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံမှ သတ္တုတင်ပို့မှု ပမာဏနှင့် တန်ဖိုး နှစ်ခုစလုံး၏ နှစ်ဆကျော် ရှိခဲ့သည်။
တင်သွင်းသည့် လမ်းကြောင်းများအနက် တစ်ခုမှာ ထိုင်းနိုင်ငံရှိ ဖိန်းခလုန်း (Pheung Khleung) နယ်စပ်ဂိတ် ဖြစ်သည်။ လွန်ခဲ့သည့် ဇွန်လအတွင်းက နယ်စပ်ဂိတ်ပွင့်သည်အထိ စောင့်ဆိုင်းနေသော နောက်တွဲပါ ထရပ်ကား အနည်းဆုံး ၁၃ စီးကို သတင်းထောက်များ တွေ့ရှိခဲ့ကြသည်။ ထို့နောက် မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်မှ အန်တီမိုနီများ တင်ဆောင်လာသည့် ပထမဆုံး ထရပ်ကားသည် ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်လာခဲ့သည်။ ကုန်သည်များ၏ ပြောကြားချက်အရ သတ္တုအများစုမှာ အကောက်ခွန်စစ်ဆေးပြီးပါက လမ်ချဘန်းဆိပ်ကမ်း (Port of Laem Chabang) မှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့ကြခြင်းဖြစ်သည်။
ထိုင်းအာဏာပိုင်များသည် မဲခေါင်မြစ်အတွင်းသို့ စီးဝင်သည့် ကော့ခ် (Kok)၊ ဆိုင် (Sai) နှင့် ရုအက် (Ruak) မြစ်များအပြင် မဲခေါင်မြစ်မကြီး၊ ထိုင်း-မြန်မာနယ်စပ်ရှိ သံလွင်မြစ်နှင့် ရနောင်းခရိုင်ရှိ ကရာဘူရီမြစ် (Kraburi River) တို့တွင် အာဆင်းနစ်၊ ကက်ဒ်မီယမ်၊ ခဲ နှင့် အခြားသော ညစ်ညမ်းပစ္စည်းများကို စစ်ဆေးတွေ့ရှိခဲ့သည်။
ယင်းရေထုညစ်ညမ်းမှု ပြဿနာမှာ ၁၈ လကျော်ကြာ ဖြစ်ပွားနေခဲ့ပြီး လူပေါင်း သောင်းပေါင်းများစွာကို သောက်သုံးရေသန့် ရရှိရေး၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများနှင့် မြစ်ချောင်းများအပေါ် မှီခိုနေရသည့် အစားအသောက် ရရှိရေးတို့တွင် အခက်အခဲများ ကြုံတွေ့စေခဲ့ကြောင်း သတင်းက ထောက်ပြထားသည်။
Stimson Center မှ လေ့လာဆန်းစစ်သူများ၏ အဆိုအရ ဂြိုဟ်တုဓာတ်ပုံများကို ဆန်းစစ်ကြည့်ရာတွင် မြန်မာနိုင်ငံ၌ ၂၀၁၅ ခုနှစ်ကတည်းက လည်ပတ်နေသည့် သတ္တုတွင်း ၂,၂၁၄ ခုကို စိစစ်တွေ့ရှိခဲ့ပြီး ယင်းတို့အနက် တစ်ဝက်ကျော်မှာ ၂၀၂၁ ခုနှစ် အာဏာထိန်းသိမ်းပြီးနောက်ပိုင်းမှ စတင်လည်ပတ်ခဲ့ခြင်းဖြစ်သည်။ Mongabay က မေးမြန်းခဲ့သည့် ထိုင်းကုမ္ပဏီ ကိုယ်စားလှယ်များကမူ ၎င်းတို့သည် ပွဲစားများမှတစ်ဆင့် ဝယ်ယူခြင်းဖြစ်သည့်အတွက် မြန်မာနိုင်ငံရှိ မည်သည့်သတ္တုတွင်းများမှ ရရှိသည်ဆိုသည်ကို မသိရှိကြကြောင်း ပြောကြားခဲ့သည်။
နယ်စပ်ဖြတ်ကျော် ရေထုညစ်ညမ်းမှုဆိုင်ရာ ပါလီမန် ကော်မတီခွဲ၏ ဥက္ကဋ္ဌဖြစ်သူ ထိုင်းအတိုက်အခံ ပြည်သူ့ပါတီ (People’s Party) မှ လွှတ်တော်အမတ် ဖတ်ထရာဖုန်း လီလာဖတ် (Phattharaphong Lilaphat) က အစိုးရအနေဖြင့် အကောက်ခွန် စစ်ဆေးမှုများကို တင်းကြပ်ရန်နှင့် ၂၀၁၇ သတ္တုများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၀၄ ကို ကျင့်သုံးရန် တိုက်တွန်းခဲ့သည်။ ယင်းသို့ ကျင့်သုံးခြင်းဖြင့် မြန်မာနိုင်ငံမှ သတ္တုတူးဖော်မှုများသည် ထိုင်းမြစ်ချောင်းများကို ဘေးအန္တရာယ်မဖြစ်စေကြောင်း သက်သေမပြနိုင်သေးသမျှ ကာလပတ်လုံး မြန်မာနိုင်ငံမှ သတ္တုတင်သွင်းမှုကို ကန့်သတ်ခြင်း သို့မဟုတ် ပိတ်ပင်ခြင်းများ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
Ref: Mongabay Via UA News
