သက်တံ့
၁. ၁၀. ၂၀၂၆
ဆိုမာလီပင်လယ်ဓားပြများက ပြန်ပေးဆွဲထားသည့် MT Honour 25 ရေနံတင်သင်္ဘောပေါ်မှ မြန်မာသင်္ဘောသားတစ်ဦးအပါအဝင် သင်္ဘောသားငါးဦးကို သတ်ဖြတ်လိုက်ကြပြီဖြစ်ကြောင်း ဆိုမာလီ အာဏာပိုင်များက အတည်ပြု ပြောကြားသည်။
ဆိုမာလီအာဏာပိုင်များက MT Honour 25 ရေနံတင်သင်္ဘောပေါ်တွင် သေဆုံးမှုများ ရှိခဲ့ကြောင်းကို အင်္ဂါနေ့က ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။ အာဏာပိုင်များ၏ အဆိုအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ရေနံတင်သင်္ဘောကို မကယ်တင်နိုင်မီ ဆိုမာလီကမ်းလွန်၌ ပလော (Palau) နိုင်ငံအလံ လွှင့်ထူထားသည့် အဆိုပါ MT Honour 25 ရေနံတင်သင်္ဘောပေါ်မှ သင်္ဘောသား ၅ ဦးကို ပင်လယ်ဓားပြများက သတ်ဖြတ်ခဲ့ကြခြင်းဖြစ်သည်။
ယခုဖြစ်စဉ်သည် ဆိုမာလီ ပင်လယ်ဓားပြများ၏ လက်ချက်ကြောင့် ဆယ်စုနှစ်တစ်ခုကျော်အတွင်း ပထမဆုံးအကြိမ် လူသေဆုံးမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်အပေါ် စစ်ပွဲဆိုင်ရာ ရိုက်ခတ်မှုများကြောင့် ဆိုမာလီ ပင်လယ်ဓားပြလုပ်ငန်းများ ပြန်လည်ခေါင်းထောင်လာချိန်နှင့်လည်း တိုက်ဆိုင်နေကြောင်း ကျွမ်းကျင်သူများက သုံးသပ်ကြသည်။
ရေနံစည်ပေါင်း ၁၈,၅၀၀ တင်ဆောင်လာသည့် MT Honour 25 သင်္ဘောသည် ယခုနှစ် ဧပြီလ ၂၁ ရက်နေ့က ဆိုမာလီကမ်းလွန်တွင် ပင်လယ်ဓားပြများ၏ စီးနင်းပြန်ပေးဆွဲခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။
ဆိုမာလီနိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုဖြစ်သည့် ပန့်တ်လန်း (Puntland) ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ကယ်ဆယ်ရေးစစ်ဆင်ရေးတစ်ခုပြုလုပ်၍ သင်္ဘောကို ကယ်ထုတ်နိုင်ခဲ့ပြီး ပင်လယ်ဓားပြဟု သံသယရှိသူ ၁၆ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြထားသည်။

“စစ်ဆင်ရေး မစတင်မီမှာပဲ သင်္ဘောပေါ်ပါ ပင်လယ်ဓားပြတွေဟာ သင်္ဘောသား ၅ ဦးကို သတ်ဖြတ်ခဲ့ကြပါတယ်။ သေဆုံးသူတွေထဲမှာ ပါကစ္စတန်နိုင်ငံသား ၃ ဦး၊ မြန်မာနိုင်ငံသား ၁ ဦးနဲ့ အိန္ဒိယနိုင်ငံသား ၁ ဦးတို့ ပါဝင်ပါတယ်” ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အခြား သင်္ဘောသား ၄ ဦး (ပါကစ္စတန် ၃ ဦးနှင့် အိန္ဒိယ ၁ ဦး) လည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ပန့်တ်လန်း ရေကြောင်းရဲတပ်ဖွဲ့ (Puntland Maritime Police Force) က လူမှုကွန်ရက်တွင် ရေးသားဖော်ပြချက်အရ သင်္ဘောမှာ ဘေးကင်းသွားပြီဖြစ်ပြီး အစိုးရ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေပြီဖြစ်ကြောင်း၊ ယင်းပြန်ပေးဆွဲမှုတွင် ပါဝင်ပတ်သက်သူ အခြားသူများကို ဆက်လက်ရှာဖွေလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကယ်ဆယ်ရေးစစ်ဆင်ရေးသည် ပြီးခဲ့သည့်သြဂုတ်လက ဆိုမာလီပင်လယ်ဓားပြများ ပြန်ပေးဆွဲခဲ့သည့် အမေရိကန်၏ ပိတ်ဆို့အရေးယူမှုခံထားရသော Sibu 1 ရေနံတင်သင်္ဘောကို ရေကြောင်းရဲတပ်ဖွဲ့က လွန်ခဲ့သည့်သီတင်းပတ်က ကယ်ထုတ်ခဲ့သည့် စစ်ဆင်ရေးတစ်ခုအပြီးတွင် ထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း အဆိုပါ စစ်ဆင်ရေးတွင် ဖမ်းဆီးရမိခဲ့သည့် ပင်လယ်ဓားပြ ၄၁ ဦးအနက် အနည်းဆုံး ၂၈ ဦးသည် ထောင်သို့ ပို့ဆောင်စဉ် လွတ်မြောက်သွားခဲ့ကြပြီး ပန့်တ်လန်း လုံခြုံရေးအရာရှိ အချို့ကမူ ဒေသခံရဲတပ်ဖွဲ့၏ ပူးပေါင်းပါဝင်ပတ်သက်မှုကြောင့်ဟု စွပ်စွဲထားကြသည်။
အာဏာပိုင်များ၏ အဆိုအရ ဧပြီလမှစတင်၍ ဆိုမာလီကမ်းလွန်တွင် တိုက်ခိုက်ခံရမှု အနည်းဆုံး ၁၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။
၂၀၀၈ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ ဖြစ်ပွားခဲ့သော ယခင် ပင်လယ်ဓားပြရန်လှိုင်းသည် ကမ္ဘာ့အလုပ်အများဆုံး သင်္ဘောလမ်းကြောင်းတစ်ခုကို အနှောင့်အယှက်ဖြစ်စေခဲ့ပြီး ကမ္ဘာ့စီးပွားရေးကို ဒေါ်လာဘီလီယံပေါင်းများစွာ ဆုံးရှုံးစေခဲ့သလို ရေနံတင်သင်္ဘောများနှင့် စက်လှေများကို ပြန်ပေးဆွဲကာ ဒေါ်လာသန်းပေါင်းများစွာ ပြန်ပေးငွေ တောင်းခံမှုများ ဖြစ်ပေါ်ခဲ့သည်။
Ref: Al Jazeera
