၂.၁၀.၂၀၂၆
Written by Linn Eain
ကျောက်ကပ်အစားထိုးကုသရန်အတွက် ကျောက်ကပ်ထုတ်ပေးပါက သိန်း ၁၀၀ ပေးမည်ဟု ပြောဆိုကာ အမျိုးသားတစ်ဦးကို အိန္ဒိယသို့သွားရန် ရန်ကုန်လေဆိပ်သို့ ခေါ်ဆောင်ခဲ့သူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ်များချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ် အာလဝီဝန်းနေ အမျိုးသားတစ်ဦးအား ကျောက်ဆည်မြို့နေ နိုင်ဝင်းအောင် (ခ) နိုင်နိုင် (ခ) စလေမန်ကြီး၊ မအိအိမွန် (ခ) မိမွန်၊ ကြည်နိုင်နှင့် ကျော်သီရိလှိုင်တို့ လေးဦးမှ ကျောက်ကပ်အစားထိုး ကုသရန်အတွက် ကျောက်ကပ်ထုတ်ပေးပါက ငွေကျပ်သိန်း ၁၀၀ ပေး၍ ဆေးစစ်ပေးမည်၊ နိုင်ငံကူးလက်မှတ်ပြုလုပ်ပေးကာ တည်းခိုစရိတ်နှင့် လက်မှတ်ခများ အကုန်ကျခံပေးမည်ဟု ပြောဆိုစည်းရုံးပြီး အိန္ဒိယနိုင်ငံသို့သွားရန် ရန်ကုန်လေဆိပ်သို့ ခေါ်ဆောင်ခဲ့ကြောင်း စိစစ်တွေ့ရှိခဲ့သည်။
ထို့ကြောင့် ကျူးလွန်သူများကို မင်္ဂလာဒုံမြို့မရဲစခန်းတွင် (ပ)၁၀/၂၀၂၆၊ လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(ခ)၄၄ ဖြင့် အမှုရေးဖွင့် တရားစွဲတင်ခဲ့ကြောင်း သိရသည်။
ယင်းနောက် မင်္ဂလာဒုံခရိုင်တရားရုံးမှ ဖမ်းမိတရားခံ နိုင်ဝင်းအောင်(ခ)နိုင်နိုင် (ခ)စလေမန်ကြီး၊ မအိအိမွန် (ခ) မိမွန်တို့နှစ်ဦးကို စက်တင်ဘာ ၂၉ ရက်တွင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၆ အရ အလုပ်နှင့် ထောင်ဒဏ် ခုနစ်နှစ်စီကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်းနှင့် တိမ်းရှောင် တရားခံ ကြည်နိုင်နှင့် ကျော်သီရိလှိုင်တို့နှစ်ဦးကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၅၁၂ အရ ၈၇/၈၈ ၀ရမ်းအတည်ပြုထုတ်ဆင့်ခဲ့ကြောင်း သိရသည်။
