၂.၁၀.၂၀၂၆
Written by Linn Eain
ပဲခူး၊ ရန်ကုန်၊ နေပြည်တော်ရှိ အမျိုးသမီးများကို တရုတ်ဇနီး မယားအဖြစ် ပို့ဆောင်ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့သူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၂၅ နှစ် ချမှတ်ပြီး တိမ်းရှောင်နေသူများကို ၀ရမ်းပြေးများအဖြစ် ကြေညာခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ပဲခူးတိုင်းဒေသကြီးတွင် သနပ်ပင်မြို့နယ် ငါးချဉ်ပိုင်းကျေးရွာနေ အမျိုးသမီးတစ်ဦးကို မူဆယ်မြို့နေ မျိုးအေး(ခ) မျိုးအောင်၊ နန်းမိုး(ခ)ရတနာ(ခ) လောင်မနှင့် မိုင်းအိုက်ရီတို့ သုံးဦးက တရုတ်နိုင်ငံ ရွှေလီမြို့ရှိအထည်ချုပ်စက်ရုံတွင် လုပ်ကိုင်ရမည်ဟု စည်းရုံးပြောဆိုပြီး မူဆယ်မြို့မှတစ်ဆင့် တရုတ်နိုင်ငံသို့ပို့ဆောင်၍ တရုတ်ယောက်ျားထံ ငွေကျပ်သိန်း ၉၀ ဖြင့် ရောင်းစားခဲ့သည်ကို စိစစ်သိရှိခဲ့သည်။
အဆိုပါ လူကုန်မှုကျူးလွန်သူ မျိုးအေး(ခ) မျိုးအောင်၊ နန်းမိုး(ခ)ရတနာ(ခ) လောင်မနှင့် မိုင်းအိုက်ရီတို့ သုံးဦးကို မူဆယ်မြို့မရဲစခန်းတွင် (ပ)၁၆၄/၂၀၂၆၊ လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က)/၄ ဖြင့် အမှုရေးဖွင့် တရားစွဲတင်ခဲ့ပြီး စက်တင်ဘာ ၂၄ ရက်တွင် မူဆယ်ခရိုင်တရားရုံးမှ ၎င်းတို့သုံးဦးကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေ ပုဒ်မ ၃၈(က) အရ အလုပ်နှင့် ထောင်ဒဏ် ၂၅ နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးတွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ညောင်ပင်ကျေးရွာနေ အမျိုးသမီးနှစ်ဦးအား တစ်ရွာတည်းနေ ဒေါ်နီလာ(ခ)နီလာဝင်းနှင့် ခင်ပွန်းဖြစ်သူ ဦးချမ်းမြေ့ အောင်တို့က တရုတ်နိုင်ငံရှိ အထည်ချုပ်စက်ရုံတွင် လုပ်ကိုင်ပါက ငွေကျပ် ၁၅ သိန်းခန့် ရရှိမည်ဟု ပြောဆိုစည်းရုံးပြီး လားရှိုးမြို့ရှိ မခိုင်ဝင်းထွေးထံသို့ ချိတ်ဆက် ပို့ဆောင်ခဲ့ကြောင်း စိစစ်တွေ့ရှိရသဖြင့် သရက်ပင်ချောင်နယ်မြေရဲစခန်းတွင် (ပ) ၁၀/၂၀၂၆၊ လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/၄၄ ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့ကြောင်း သိရသည်။
ထို့နောက် ဒဂုံမြို့ သစ်ခရိုင်တရားရုံးမှ ဖမ်းမိတရားခံ ဒေါ်နီလာ(ခ)နီလာဝင်းနှင့် ဦးချမ်းမြေ့အောင်တို့နှစ်ဦးကို စက်တင်ဘာ ၂၄ ရက်တွင် လူကုန်ကူး မှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က)အရ အလုပ်နှင့် ထောင်ဒဏ် နှစ် ၂၀ စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်းနှင့် တိမ်းရှောင် တရားခံ မခိုင်ဝင်းထွေးကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၁၂ အရ ၈၇/၈၈ ဖြင့် ၀ရမ်းအတည်ပြုထုတ်ဆင့်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီနယ်မြေတွင် လယ်ဝေးမြို့နယ် ဘူတာစုကျေးရွာနေ အမျိုးသမီးနှစ်ဦးကို မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ် အောင်မင်္ဂလာရပ်ကွက်နေ ဒေါ်ဌေးဝင်း ခိုင်(ခ)မခိုင်မှ ကျိုင်းတုံမြို့ရှိ စားသောက်ဆိုင်တွင် အလုပ်လုပ်ပါက တစ်လ ငွေကျပ် ၄/၅ သိန်းရရှိမည်ဟု ပြောဆိုစည်းရုံးပြီး ကျိုင်းတုံမြို့သို့ ခေါ်ဆောင်ကာ တင်မောင် (ခ)တိုးတက်အောင်နှင့် ချိတ်ဆက်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်တစ်မြို့ရှိ ပြည့်တန်ဆာနေအိမ်သို့ ပို့ဆောင်ခဲ့ကြောင်း စိစစ်သိရှိခဲ့သည်။
ယင်းနောက် ကျူးလွန်သူများကို သစ်ပုတ်ပင်နယ်မြေရဲစခန်းတွင် (ပ)၄/၂ဝ၂၅၊ လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/ ၄၄ ဖြင့် အမှုရေးဖွင့် တရားစွဲတင်ခဲ့ပြီး စက်တင်ဘာ ၂၅ ရက်တွင် လယ်ဝေးခရိုင်တရားရုံးမှ တရားခံ ဒေါ်ဌေးဝင်းခိုင်(ခ)မခိုင်ကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေ ပုဒ်မ ၃၅ အရ အလုပ်နှင့် ထောင်ဒဏ် ၁၃ နှစ်ကျခံစေရန် အမိန့် ချမှတ်ခဲ့ပြီး တိမ်းရှောင် တရားခံ တင်မောင်(ခ) တိုးတက်အောင်ကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၁၂ အရ ၈၇/၈၈ ၀ရမ်းအတည်ပြုထုတ်ဆင့်ခဲ့ကြောင်း သိရသည်။
