၂.၁၀.၂၀၂၆
Written by KL
အသက် ၆၈နှစ်အရွယ် အဘိုးအိုတစ်ဦးက တိုက်တစ်လုံး၏ သုံးလွှာရှိ နောက်ဖေးဆန်းရှိတ်ကို တက်ပြင်ရာမှ ပြုတ်ကျသေဆုံးမှု အောက်တိုဘာလ ၁ ရက် နံနက် ၁၀ နာရီကျော်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ ဆိပ်ကမ်းသာလမ်း(အောက်ဘလောက်) တွင်ဖြစ်ပွားခဲ့ကြောင်း ရုပ်အလောင်းကို သွားရောက်သယ်ယူပေးခဲ့သည့်ကျောက်တံတားမြို့နယ် အရန်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
သေဆုံးသူအဘိုးအိုမှာ ၎င်း၏ ဒုတိယလွှာ တိုက်ခန်းအနောက်ဘက် အိမ်သာအနီးရှိ ဆန်းရှိတ်ကို စကူကြပ်ရန်အတွက် တိုက်နောက်ဖေးသို့ တက်ကာ ဝက်အူလှည့်ဖြင့် ပြုပြင်ရာမှ ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဒီအဘက စိတ်ကောင်းလည်းရှိတယ်။ ပြုပြင်ရတာတွေလည်း ဝါသနာပါတယ်။ ပြုတ်ကျပြီးဆုံးသွားတာ မယုံနိုင်ဘူး။ သူ့အနားမှာလည်း စတားဝက်အူလှည့်တစ်ချောင်းလည်း တွေ့တယ်။ တခြားသူတစ်ယောက်ရဲ့ ပယောဂနဲ့ ပြုတ်ကျတာ မဟုတ်ပါဘူး”ဟု သေဆုံးသူနှင့် ရင်းနှီးသူတစ်ဦးက ပြောသည်။
သေဆုံးသူအဘိုးအို၏ ရုပ်အလောင်းကို ကျောက်တံတားမြို့နယ် အရန်မီးသတ်တပ်ဖွဲ့ ( Auxiliary Fire Force of K.T.D.A ) မှ တပ်ဖွဲ့ဝင် ၂ ဦး၊ ကျောက်တံတားမြို့နယ် ပရဟိတအဖွဲ့မှ အဖွဲ့ဝင် ၂ ဦးတို့ ပူးပေါင်းကာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
