၂.၁၀.၂၀၂၆
Written By Thandar
TMW ရုပ်ရှင်ထုတ်လုပ်ရေးက သားအဖနှစ်ယောက်ကြားက ချစ်ခြင်းမေတ္တာတွေကို ပုံဖော်ထားတဲ့ ဒရာမာဇာတ်လမ်းပုံစံ “သားချော”ရုပ်ရှင်ဇာတ်ကားကြီး Family Show ပွဲအခမ်းအနားကို အောက်တိုဘာ ၁ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့ နဝဒေးရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။
“သားချောလေးက ကျွန်တော်တို့က ဇာတ်ကားမရိုက်ခင်ကတည်းက တစ်လကျော် နှစ်လလောက် ရင်းနှီးအောင် နေထိုင်ခဲ့ကြတာမို့ သားအဖကာရိုက်တာမိခဲ့တယ်လို့လည်း ပြောလို့ရပါတယ်။ သားချောလေးက တကယ်ကိုချစ်ဖို့ကောင်းပါတယ်။ ကျွန်တော်လည်း သူ့ကို ချစ်တယ်ဆိုတော့ ကာရိုက်တာရဲ့ Chemistry မိတယ်လို့ ပြောလို့ရပါတယ်။ ကျွန်တော်ရိုက်နေကြမဟုတ်ဘဲ ဖခင်ကာရိုက်တာကိုလည်း ပီပြင်အောင် သရုပ်ဆောင်တာက ပရိသတ်နဲ့ ထပ်တူကျ၊ မကျကတော့ ပရိသတ်ရုံတင်ပြသချိန်မှာ ကြည့်ရှုဝေဖန်အားပေးပါဦးလို့ ပြောချင်ပါတယ်”လို့ သရုပ်ဆောင် အောင်ရဲလင်းက ပြောပါတယ်။
အဆိုပါ ဇာတ်ကားကို ဇာတ်ညွှန်း လွင်မင်းအံ့နဲ့ မြသက်ချို၊ DOP သားကျော်၊ တွဲဖက်ဒါရိုက်တာ နေလင်း၊ ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး)က အဖေတစ်ခုသားတစ်ခု ဘဝတွေရဲ့ ချစ်ခြင်းမေတ္တာတရားကို အကောင်းဆုံး ပုံဖော်ထားတာလည်းဖြစ်ပါတယ်။
သားချော ရုပ်ရှင်ဇာတ်ကားကြီးကတော့ ၁၉၇၇ ခုနှစ်ကရုံတင်ပြသခဲ့တဲ့ အောင်မြင်မှုတွေရရှိခဲ့ပြီး မြန်မာရုပ်ရှင်ထူးချွန်ဆု (အကယ်ဒမီ) နှစ်ဆု ဆွတ်ခူးရရှိခဲ့တဲ့ အဖေတစ်ခုသားတစ်ခု ရုပ်ရှင်ဇာတ်ကားကြီးကိုပြန်လည်မှီငြမ်းကာ လွင်မင်းအံ့နဲ့ မြသက်ချိုတို့က ဇာတ်ညွှန်းရေးညွှန်းထားပြီး ဒါရိုက်တာ အကယ်ဒမီ ကိုဇော် (အာရုဏ်ဦး) က ပြန်လည်ပုံဖော်ခဲ့တာလည်းဖြစ်ပါတယ်။
သရုပ်ဆောင်တွေအနေနဲ့ အောင်ရဲလင်း၊ ညိမ်းသော်၊ အကယ်ဒမီ စိုးပြည့်သဇင်၊ ဥသြသံသာ၊ မနှင်း၊ ဧည့်သရုပ်ဆောင် ဟိန်းဝေယံ၊ ဆင်မ၊ ကျော်ဇင်ထွဋ်၊ ဇင်မျိုး၊သွက်လက်၊ စူပါလင်း၊ ရန်ပြေ၊ လှမျိုးသဉ္စာနွယ်၊ မိုးခမ်း၊ ကလေးသရုပ်ဆောင် သားချောနဲ့ တခြားအနုပညာရှင်များစွာ ပါဝင်ထားကြပါတယ်။
