၂.၁၀.၂၀၂၆
Translated by Htwe Ko Tun
ဒူဘိုင်းမှ တယ်လ်အဗစ်သို့ ပျံသန်းလာသော အစ္စရေးနိုင်ငံသားခရီးသည်များအပြည့်လိုက်ပါလာသည့် Flydubai လေကြောင်းမှလေယာဉ်အား ပျက်ကျစေရန်ရည်ရွယ်ချက်ဖြင့် ခရီးစဉ်အတွင်း အိုမန်နိုင်ငံသား တွဲဖက်လေယာဉ်မှူး၏ တိုက်ခိုက်မှုကြောင့် အိန္ဒိယနိုင်ငံသား လေယာဉ်မှူးကြီး စမစ် မာ့ချ်ချဟာမှာ စက်တင်ဘာလ ၃၀ ရက်က ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။
ထို့နောက် တွဲဖက်လေယာဉ်မှူး၏ ဓားဖြင့်ထိုးခဲ့သော ဒဏ်ရာများကို ဒူဘိုင်းမြို့ဆေးရုံတွင် တက်ရောက် ကုသမှု ခံယူနေသည့်လေယာဉ်မှူးကြီးစမစ် မာ့ချ်ချဟာကို အိန္ဒိယ သံအမတ်ကြီး ဒီပက်မစ်တယ်လ်က အောက်တိုဘာလ ၁ ရက်တွင် သွားရောက်တွေ့ဆုံခဲ့ပြီးနောက် ၎င်း၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်ပြီး ပြန်လည်သက်သာလာနေပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည်။
သံအမတ်ကြီးက ဆေးရုံ၌ လေယာဉ်မှူးကြီးနှင့် ၎င်း၏ မိသားစုဝင်များကို တွေ့ဆုံခဲ့ရာတွင် လေယာဉ်မှူးကြီး၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်ပြီး ပြန်လည်သက်သာလာနေပြီဖြစ်ကြောင်း အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ ရှိ အိန္ဒိယသံရုံးက X လူမှုကွန်ရက်တွင် ရေးသားဖော်ပြခဲ့သည်။
အိန္ဒိယနိုင်ငံသားဖြစ်သူ အဆိုပါလေယာဉ်မှူးသည် လေယာဉ်ပျံသန်းနေစဉ်အတွင်း တွဲဖက်လေယာဉ်မှူး၏ တိုက်ခိုက်မှုကိုခံခဲ့ရပြီးနောက် ဒဏ်ရာများဖြင့်လဲကျနေသည့်ကြားမှ ခရီးသည်များ ဝင်ရောက်ရန် လေယာဉ်မှူးခန်းတံခါးကို ဖွင့်ပေးနိုင်ခဲ့၍ တွဲဖက်လေယာဉ်မှူး၏ လေယာဉ်ပျက်ကျစေရန် ကြိုးပမ်းမှု မအောင်မြင်စေရန်တားဆီးနိုင်ခဲ့ကာ လူပေါင်း ၁၇၀ ကျော်၏အသက်များကို ကယ်တင်နိုင်ခဲ့သည်။
လေယာဉ်ကို ဆော်ဒီအာရေဗျနိုင်ငံ၊ တာဘတ်မြို့တွင် အရေးပေါ်ဆင်းသက်ခဲ့ရပြီးနောက် လေယာဉ်မှူးအား ဆေးရုံတင်ပို့ကုသမှု ခံယူခဲ့ရသော်လည်း အောက်တိုဘာလ ၁ ရက်တွင် ၎င်းကို အာရပ်စော်ဘွားများပြည်ထောင်စုသို့ လေကြောင်းဖြင့် ပြောင်းရွှေ့ခေါ်ဆောင်ခဲ့ကြောင်း အိန္ဒိယမီဒီယာများက ဖော်ပြခဲ့သည်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျာမင် နေတန်ရာဟုက “Fox & Friends” ရုပ်သံအစီအစဉ်တွင် မာ့ချ်ချဟာသည် ဦးခေါင်းတွင် ဓားဖြင့်ထိုးခံခဲ့ရပြီး လက်မောင်းမှာလည်း နှစ်ခြမ်းကွဲထွက်လုနီးပါးဖြစ်ကာ သွေးအများအပြား ထွက်ခဲ့ရကြောင်း ပြောကြားခဲ့သည်။
ယင်းမတိုင်မီ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီကလည်း မာ့ချ်ချဟာ၏လုပ်ဆောင်ချက်များကြောင့် လူပေါင်း ရာနှင့်ချီသော အသက်များကို ကယ်တင်နိုင်ခဲ့ပြီး ကြီးမားသော ဘေးအန္တရာယ်ကြီးတစ်ခုကို ရှောင်ရှားနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ၎င်းက “လေယာဉ်မှူးကြီး စမစ် မာ့ချ်ချဟာ ဟာ သူရဲကောင်းတစ်ဦးဖြစ်ပါတယ်” ဟု လူမှုကွန်ရက်တွင် ရေးသားဖော်ပြခဲ့သည်။
လေယာဉ်မှူးအား အကြမ်းဖက်တိုက်ခိုက်ခဲ့သည့် အိုမန်နိုင်ငံသား တွဲဖက်လေယာဉ်မှူးကိုလည်း စုံစမ်းစစ်ဆေးရန် အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံသို့ ပြန်လည်ခေါ်ယူသွားကြောင်း သိရသည်။
Ref-CNA
