သက်တံ့
၂. ၁၀. ၂၀၂၆
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဝတ္ထနာခရိုင်၊ ဖရာ ခနောင်နူအာ (Phra Khanong Nuea) ရပ်ကွက်ရှိ ရေနုတ်မြောင်းပိုက် လဲလှယ်တပ်ဆင်သည့် လုပ်ငန်းခွင်တစ်ခုတွင် မနေ့က (အောက်တိုဘာ ၁ ရက်) ည ၈ နာရီ ၄၇ မိနစ်ခန့်က မြေပြိုကျမှုဖြစ်ပွားခဲ့ပြီး မြန်မာဆောက်လုပ်ရေးလုပ်သားတစ်ဦး မြေပိ၍ သေဆုံးသွားခဲ့သည်။
အဆိုပါဖြစ်စဉ်အား သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် လျှော့ချရေးရုံးသို့ သတင်းပို့ခဲ့ပြီး ဘန်ကောက်မြို့ မြေပြိုမှုကို စုံစမ်းစစ်ဆေးရန် အဆိုပါဧရိယာရှိ မီးသတ်သမားများနှင့် ကယ်ဆယ်ရေးလုပ်သားများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။
ဖြစ်စဉ်ဖြစ်ပွားရာနေရာမှာ အမှတ် (၇၁) ဆူခွန်ဗစ် လမ်းမကြီး (Sukhumvit 71) အနီးရှိ အမှတ် (၁၄) ဆွိုင် ပရီဒီ ဘာနိုမြောင် (Soi Pridi Banomyong 14) တွင် တည်ရှိသည်။ အရာရှိများ၏ ပြောကြားချက်အရ မြေပြိုမှုကြောင့် အနက် ၃ မီတာခန့်နှင့် အကျယ် ၁၀ မီတာခန့်ရှိသော ကျင်းကြီးတစ်ခု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
လုပ်ငန်းခွင်ရှိ ဆောက်လုပ်ရေးလုပ်သားများ၏ သတင်းပေးပို့ချက်အရ ၎င်းတို့၏ လုပ်ဖော်ကိုင်ဖက်ဖြစ်သူ အသက် ၄၉ နှစ်အရွယ် မြန်မာလုပ်သား “နီယန်း” (Nian) မှာ မြေကြီးအောက်တွင် ပိတ်မိနေကြောင်း သိရှိခဲ့ရသည်။
ကယ်ဆယ်ရေးလုပ်သားများနှင့် နီယန်း၏ လုပ်ဖော်ကိုင်ဖက်များသည် ၎င်းထံရောက်ရှိရန် မြေကြီးကို စတင်တူးဖော်ခဲ့ကြသည်။ တစ်နာရီကျော်ကြာ ရှာဖွေပြီးနောက် ၎င်း၏ရုပ်အလောင်းအား တွေ့ရှိခဲ့ပြီး မြေပြင်ပေါ်သို့ ထုတ်ယူကာ တရားဥပဒေ လုပ်ထုံးလုပ်နည်းများအတိုင်း ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့သည်။
မဟာနဂရ နယ်မြေရဲတပ်ဖွဲ့ ခရိုင် ၅ မှ တပ်ဖွဲ့မှူး နီတီဝတ် ဆန်းဆင်း (Nitiwat Saensing) က ဆောက်လုပ်ရေးလုပ်သားနှစ်ဦးသည် မြေကြီးကို ညှိနေစဉ် မြေပြိုမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ လုပ်သားတစ်ဦးမှာ ရုန်းထွက်လွတ်မြောက်နိုင်ခဲ့သော်လည်း နီယန်းမှာမူ မြေကြီးနှင့် လမ်းအဆောက်အအုံအောက်တွင် ပိတ်မိသွားခဲ့ပြီး မလွတ်မြောက်နိုင်ခဲ့ပေ။
ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ နီယန်းသည် အောက်ဆီဂျင်ပြတ်တောက် အသက်ရှူကျပ်၍ သေဆုံးသွားခဲ့ခြင်းဖြစ်သည်။ ၎င်း၏ လုပ်ဖော်ကိုင်ဖက်များသည် ၎င်းအား ချက်ချင်းတူးဖော်ကယ်ဆယ်ရန် ကြိုးပမ်းခဲ့သော်လည်း မြေကြီးပမာဏ များပြားလွန်းသောကြောင့် မအောင်မြင်ခဲ့ကြပေ။ ရက်ဆက် မိုးရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုများကြောင့် မြေကြီးမှာ ကျစ်လစ်မာကျောသွားခဲ့ပြီး ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို ခက်ခဲစေခဲ့သည်။
ဖြစ်စဉ်အပြီးတွင် ရဲတပ်ဖွဲ့က ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အဆိုပါလုပ်ငန်းခွင်၌ ဆောက်လုပ်ရေးလုပ်ငန်းများကို ယာယီရပ်ဆိုင်းရန် အမိန့်ထုတ်ပြန်ခဲ့ပြီး အမှတ် (၁၄) ဆွိုင် ပရီဒီ ဘာနိုမြောင်လမ်းအတွင်း သွားလာမှုကို ပိတ်ပင်ထားခဲ့သည်။
အရာရှိများသည် လမ်းကို ပြန်မဖွင့်မီ ထိခိုက်သွားသည့်ဧရိယာအား စစ်ဆေးရန်နှင့် လိုအပ်သည့် ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန် ဘန်ကောက်မဟာနဂရ အုပ်ချုပ်ရေးအဖွဲ့၏ အများပြည်သူဆိုင်ရာ လုပ်ငန်းများဌာန၊ မဟာနဂရ ရေပေးဝေရေးအာဏာပိုင်အဖွဲ့တို့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
စစ်ဆေးခြင်းနှင့် ပြင်ဆင်ခြင်းလုပ်ငန်းများ မပြီးဆုံးမီအထိ အမှတ် (၁၄) ဆွိုင် ပရီဒီ ဘာနိုမြောင်လမ်းအား အသုံးပြုခြင်းမှ ရှောင်ကြဉ်ကြပါရန် အများပြည်သူသို့ အသိပေးနှိုးဆော်ခဲ့သည်။
Ref: Thaiger
